သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NCA လက်မှတ်ထိုးမယ့်သတင်း ပြည့်စုံတိကျမှုမရှိကြောင်း UNFC ဒုဥက္ကဌ ပြော


UNFC အဖွဲ့ဝင် ၅ ဖွဲ့ ဖြစ်တဲ့ မွန်ပြည်သစ်ပါတီ၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP၊ ၀ အမျိုးသားအဖွဲ့ WNO၊ ရခိုင်အမျိုးသား ကောင်စီ ANC၊ လားဟူ ဒီမိုကရက်တစ် ပါတီ တို့ကနေ NCA လက်မှတ်ရေးထိုးတော့မယ်လို့ အစိုးရပိုင် မီဒီယာထဲ ပြောဆိုချက်တွေဟာ အပြည့်အစုံ မှန်ကန်ခြင်း မရှိသေးကြောင်း UNFC ခေါ် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီအဖွဲ့ တာဝန်ရှိသူတွေက ငြင်းဆိုခဲ့ပါတယ်။ UNFC အနေနဲ့ အစိုးရနဲ့ ညိနှိုင်းထားတဲ့ အချက်(၉)ချက်ကို ပြေလည်အောင်ညှိ နှိုင်းပြီးမှ NCAလက်မှတ်ရေးထိုးမယ့် အနေအထားရှိ တယ်လို့ဆိုပါတယ်။ VOA ထိုင်း အခြေစိုက် သတင်းထောက် နိုင်ကွန်းအိန် ကနေသတင်းပေးပို့ထားပါတယ်။

UNFC ခေါ် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ အဖွဲ့ ၅ ဖွဲ့ကနေ NCA အပစ်ရပ် လက်မှတ်ရေးထိုးတော့မယ်လို့ အစိုးရပိုင် မီဒီယာထဲမှာ ကြေညာသွားတဲ့ အပေါ် မဟုတ်မှန်ကြောင်း UNFC ဒုတိယ ဥက္ကဌ နိုင်ဟံသာ ကနေ အခုလိုပြောပါတယ်။

"မဟုတ်ဘူးခင်ဗျ။ ခုနက ပြောသွားတဲ့ အထဲမှာတော့ ဒီ ၅ ဖွဲ့က လက်မှတ်ထိုးတော့မယ်ဆိုတဲ့ သဘောထား မျိုးကတော့ အမှန်ကတော့ ညှိနှိုင်းထားတာမျိုးလည်း မရှိသေးဘူး။ ကျနော်တို့မှာလည်း တိတိကျကျ ဆုံးဖြတ်ချက် ချထားတာလည်း မရှိသေးဘူး ခင်ဗျ။"

UNFC အဖွဲ့ဝင် ၅ ဖွဲ့ဖြစ်တဲ့ မွန်ပြည်သစ်ပါတီ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP၊ ၀ အမျိုးသားအဖွဲ့ WNO၊ ရခိုင်အမျိုးသား ကောင်စီ ANC၊ လားဟူ ဒီမိုကရက်တစ်ပါတီ တို့ကနေ NCA လက်မှတ်ရေးထိုးတော့မယ်လို့ အစိုးရပိုင် မီဒီယာထဲမှာ သာမက နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာနကပါ ထုတ်ပြန်ကြေညာခဲ့တာပါ။

UNFC အဖွဲ့ဝင်တွေ အနေနဲ့ အစိုးရနဲ့ ညိနှိုင်းထားတဲ့ အချက် (၉)ချက်ကို ပြေလည်အောင် ညှိနှိုင်းပြီးမှ NCA လက်မှတ်ရေးထိုးမယ့် အနေ အထားရှိတယ်လို့ နိုင်ဟံသာက ဆက်ပြောပါတယ်။

"ကျနော်တို့ကတော့ အဲဒီ NCA အရင်က ဆွေးနွေးထားတဲ့ NCA လိုင်းကိုဘဲ ဆက်ပြီးတော့မှ လိုက်သွားဖို့ ဆိုတဲ့ သဘောထားမျိုးတော့ ရှိတယ်။ အဲဒီ NCA နဲ့ ပတ်သက်ပြီးတော့ တလောက ကျနော်တို့ DPN အဖွဲ့တွေက ၉ ချက်ကို သွားပြန် ညှိတယ်။ မူအရ သဘောတူလာခဲ့တယ်။ အဲဒီပေါ်မှာလည်း ကျနော်တို့က တချို့ အချက်တွေကို ပြင်ဆင် ညှိနှိုင်းဆွေးနွေးဖို့ ရှိပါသေးတယ်။ အဲဒါတွေ ပြေလည်မှဘဲ ကျနော်တို့က ထိုးမှာပါ။"

UNFC ကနေတင်ပြထားတဲ့ အချက် (၉) ချက်ကို အစိုးရ ငြိမ်းချမ်းရေး ကော်မရှင်ဘက်က မူအရ လက်ခံပြီး ဖြစ်ပေမယ့် အကျေအလည် တွေ့ဆုံဆွေးနွေးမှု မပြုရသေးဘူးလို့လည်း သူကဆိုပါတယ်။

တကယ်လို့ UNFC က တင်ပြထားတဲ့ အချက်အလက်တွေ ဆွေးနွေးလို့ ပြေလည်မယ်ဆိုရင် NCA လက်မှတ်ရေးထိုးသွားဖွယ် ရှိတယ်လို့လည်း သူက ဆိုပါတယ်။

လက်ရှိ UNFC အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ထဲမှာ NCA လက်မှတ်ရေးထိုးရေး ကိစ္စနဲ့ ပက်သက်လို့ အမြင်ကွဲလွှဲမှု တွေရှိနေပါတယ်။

‘ဝ’ပြည်သွေးစည်းညီညွတ်ရေးအဖွဲ့ (UWSA) ဦးဆောင်ပြီး ဖေဖော်ဝါရီ နောက်ဆုံး ပတ်က ကျင်းပခဲ့တဲ့ ပန်ခမ်းညီလာခံရဲ့ အစည်းအဝေးအပြီး UWSAဝပြည်သွေးစည်း ညီညွတ်ရေးအဖွဲ့ KIO ကချင်လွတ်လပ်ရေး အဖွဲ့ SSPPမြောက်ပိုင်း ရှမ်းပြည်တပ်မတော် TNLAတအာန်းပလောင်တပ်ဖွဲ့ မိုင်းလားတပ်ဖွဲ့ (NDAA)၊ ရခိုင်တပ်မတော်(AA)၊ ကိုးကန့်အဖွဲ့ (MNDAA)တို့ဟာ NCA ကိုလက်မခံဘဲ ငြိမ်းချမ်းရေးလမ်းကြောင်းသစ်တခုကိုဖေါ်ဆောင်သွားမယ်လို့ ကြေညာချက် ထုတ်ပြန်ထားပါတယ်။

ကျန်ရှိတဲ့ UNFC အဖွဲ့(၅)ဖွဲ့ အနေနဲ့ NCA လမ်းကြောင်းအတိုင်း ဆက်လက် လုပ်ဆောင်သွားမယ့် သဘောရှိနေပါတယ်။

မွန်ပြည်သစ်ပါတီ အနေနဲ့ကတော့ NCA လက်မှတ်ရေးထိုးဖို့ သဘောတူကြောင်း မတ်လ(၂၁)ရက်နေ့မှာ ကျင်းပတဲ့ ဗဟို အလုပ်မှုဆောင် ကော်မတီ အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ကြသလို သင်္ကြန်အလွန်မှာ ဗဟိုကော်မတီ အစည်းအဝေးမှာ ထပ်မံ ဆွေးနွေး ဆုံးဖြတ်သွားမှာဖြစ်ပါတယ်။

UNFC အဖွဲ့အနေနဲ့ ကတော့ တင်ပြထားတဲ့အချက် ၉ ချက်ကို ခိုင်မာအောင ်ထပ်မံဆွေးနွေးပြီးတဲ့နောက် NCA ကို လက် မှတ်ရေးထိုးမယ်ဆိုပြီး မတ်လ ၁၄ ရက်နေ့မှာ ကျင်းပပြီးစီးခဲ့တဲ့ UNFC ဗဟိုအလုပ်အမှုဆောင် ကော်မတီ အရေးပေါ် အစည်းအဝေးမှာ ဆုံးဖြတ်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG