သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမျိုးသားလွှတ်တော်ကော်မတီ ဖားကန့်ဒေသ ကွင်းဆင်းလေ့လာ


ဖားကန့်
ဖားကန့်

အမျိုးသားလွတ်တော် သယံဇာတနဲ့ သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကော်မတီ ဥက္ကဌဦးဆောင်တဲ့ အဖွဲ့ဝင်တွေဟာဧပြီလ ၄ ရက်နေ့ကနေ ၇ ရက်နေ့အထိ ကချင်ပြည်နယ် ဖားကန့်ဒေသကို ကွင်းဆင်းပြီး သွားရောက်လေ့လာနေပါတယ်။ ဒါဟာ ဒုတိယအကြိမ် လွတ်တော် သက်တမ်းအတွင်း ဒီလွှတ်တော်ကော်မတီရဲ့ ဖားကန့်ဒေသ ပထမဆုံးခရီးစဉ်ဖြစ်ပါတယ်။အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုထက်အောင်က တင်ပြပေးမှာပါ။

ကျောက်မျက် ဥပဒေမူကြမ်းအတွက် အချက်အလက်တွေ ရှာဖွေဖို့ အပြင်သဘာ၀ သယံဇာတနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို လေ့လာဖို့ ရည်ရွယ်ပြီး ကော်မတီ ဥက္ကဌနဲ့ အဖွဲ့ဝင် ၇ ဦးဟာ ဖားကန့်ဒေသကို ၄ ရက်တာ ခရီးစဉ်နဲ့ ဒီကနေ့က စပြီး ကွင်းဆင်းလေ့လာနေတာပါ။ အဲဒီ့ဒေသမှာ ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းတွေရဲ့ အကျိုးသက်ရောက်မှုတွေကိုပါ လေ့လာသွားမယ့် ကော်မတီရဲ့ ခရီးစဉ်နဲ့ ပတ်သက်လို့ ကေ်ာမတီ ဥက္ကဌ ဦးကျော်သီဟက အခုလို ပြောပါတယ်။

“ကျောက်မျက် ဥပဒေရေးဆွဲတဲ့အချိန်မှာ လိုအပ်တဲ့ဟာတွေကို တကယ်တမ်း လက်တွေ့နဲ့ မြင်ရအောင် ပြန်သူတွေဆီက အသံကြားဖို့အတွက်ကို အဲဒါတွေနဲ့ ထပ်ပြီးတော့ နားထောင်ဖို့အတွက်ကို လိုအပ်သလိုပြင်ဆင်တဲ့ဟာ နောက်ပြီးတော့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့လည်းဆိုင်နေတော့ အဲဒါတွေကို ဘာတွေအကြံအဉာဏ်ပေး ဘာတွေပြောလို့ရမလဲ ဆိုတာကို ကျနော်တို့ ကြည့်ပြီးတော့မှ လုပ်ရမှာပေါ့။ သဘာ၀ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ဆိုင်တယ် ကျောက်မျက် ဥပဒေနဲ့ဆိုင်တဲ့ကိစ္စတွေနဲ့ ဒေသခံပြည်သူတွေနဲ့ တွေ့နိုင်တဲ့ဟာတွေကို သူတို့စာနဲ့ အကြောင်းကြားထားတဲ့ လူတွေနဲ့ တွေ့ပြီးတော့မှ နားထောင်မယ်ပေါ့။”

အခုခရီးစဉ်အတွင်း ကချင်ပြည်နယ် အစိုးရ၊ ကျောက်စိမ်း လုပ်ငန်းရှင်တွေ အပါအဝင် မြေမဆေး လုပ်သားတွေနဲ့လည်း တွေ့ဆုံဖို့ ရှိပါတယ်။ ဒါ့အပြင် ကျောက်စိမ်း တူးဖော်ရေး လုပ်ငန်းတွေကိုလည်း လေ့လာသွားဖို့ ရှိတယ်လို့ ကော်မတီအဖွဲ့ဝင် ဖားကန့်ဒေသခံ တစ်ဦးဖြစ်တဲ့ ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ် ၉ က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်မြင့် ခေါ် ဦးချိုက ပြောပါတယ်။

“အဓိကတော့ ကျနော်တို့က ဒီမှာ မြေစာပုံကြည့်မယ်၊ နောက်ပြီးမှ ချောင်းတွေမြောင်းတွေကြည့်မယ်၊ ကချင်ပြည်နယ်အစိုးရအဖွဲ့နဲ့လည်း တွေ့ပါမယ်။ နောက်ပြီးတော့မှ သတ်ဆိုင်တဲ့ ကျောက်စိမ်းရုံးပေါ့ခင်ဗျာ ၊ သူတို့နဲ့လည်း ကျနော်တို့ တွေ့ပါမယ်။ နောက် ကျောက်စိမ်းလုပ်ငန်းရှင်များအသင်းနဲ့လည်း တွေ့ပါမယ်။ လူကြီးတွေနဲ့လည်း တွေ့မယ်၊ ကျောက်စိမ်းလုပ်ငန်းရှင်တွေနဲ့လည်း တွေ့မယ်။”

ဖားကန့်ဒေသမှာ ကျောက်စိမ်းတူးဖော်ရာကနေ ထွက်ပေါ်လာတဲ့ မြေဇာပုံတွေကြောင့် မြေမဆေး လုပ်သားပေါင်း များစွာ အသက်သေးဆုံးတာ ပျောက်ဆုံးတာတွေ မကြာခဏဆိုသလို ဖြစ်ထားပါတယ်။ ၂၀၁၆ ခုနှစ်အတွင်း ဖားကန့်ဒေသ ကျောက်စိမ်းလုပ်ငန်းမှာလူ့အသက်ပေါင်းများစွာ ဆုံးရှုံးရတာအပါအဝင် သဘာ၀ ပတ်ဝန်းကျင်ဆိုင်ရာ ဆိုးကျိုးတွေနဲ့ ပတ်သက်ပြီး လွှတ်တော်က စုံစမ်းစစ်ဆေးပေးဖို့ တောင်းဆိုမှုတွေလည်း ရှိပါတယ်။ အခု ဖားကန့်ကို ရောက်နေတဲ့ သံယံဇာတနဲ့ သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အမျိုးသားလွှတ်တော် ကော်မတီအနေနဲ့ကျောက်စိမ်းတူးဖော်တာကြောင့် ဖြစ်လာတဲ့ ဆိုးကျိုးတွေကို လေ့လာပြီး ဆက်ပြီး သုံးသပ်ဆွေးနွေးသွားမယ်လို့ ဦးခင်မောင်မြင့်က ဆိုပါတယ်။

“ဒီကျောက်စိမ်းလုပ်ငန်းကို ဘယ်လိုတိုးတက်အောင် လုပ်ကြမလဲ ကျောက်စိမ်း မှာ ဖြစ်ပေါ်နေတဲ့ ရေမဆေးကျောက်ကိစ္စလည်း ပူးပေါင်းဖြေရှင်းမလဲ ၊ နောက်ပြီးတော့မှ သဘာဝပတ်ဝန်းကျင် အင်းအိုင်ချောင်းတွေလည်း ဘယ်လိုရှင်းမလဲ ဆိုတာတွေကတော့ ထပ်ဆွေးနွေးရမယ့်အပိုင်းတွေပေါ့ဗျာ၊ ကျနော်တို့ နိုင်ငံအနေနဲ့ ရှင်းလင်းရေးတွေ မတတ်နိုင်ရင်တောင်မှ နိုင်ငံတကာ အကူအညီကို ကျနော်တို့ ခေါ်ရမယ့် သဘောဖြစ်နေပါတယ်။”

ပြီးခဲ့တဲ့ အစိုးရ အဆက်ဆက်လက်ထက်မှာတော့ ဖားကန့်ဒေသ တွင်း ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းတွေမှာ နီးစပ်ရာ ကုမ္ပဏီကြီးတွေကပဲ ကြီးစိုးပြီး ပွင့်လင်း မြင်သာမှု မရှိပဲ လုပ်ဆောင်ခဲ့ကြတာပါ။ ဒါကြောင့်လည်း လက်ရှိ အစိုးရသစ်အနေနဲ့ ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းစဉ်တွေကို ကြပ်ကြပ်မတ်မတ် မလုပ်ဆောင်နိုင်သေးခင်မှာ ဖားကန့်ဒေသ တွင်း ကျောက်စိမ်းတူးဖော်မှု ကို ခေတ္တရပ်ဆိုင်းထားဖို့ Global Witness အဖွဲ့ကြီးက ၂၀၁၆ ခုနှစ်က တောင်းဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG