သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားနဲ့ဆက်နွှယ်မှု စစ်ဆေးဖို့ အထူးအရာရှိ ခန့်အပ်


၂၀၁၃ ခုနှစ် လွှတ်တော် ကြားနာပွဲမှာ တွေ့ရတဲ့ FBI ညွှန်ကြားရေးမှူး Robert Mueller ။ ဇွန်လ ၁၃ ရက် ၂၀၁၃။
၂၀၁၃ ခုနှစ် လွှတ်တော် ကြားနာပွဲမှာ တွေ့ရတဲ့ FBI ညွှန်ကြားရေးမှူး Robert Mueller ။ ဇွန်လ ၁၃ ရက် ၂၀၁၃။

၂၀၁၆ ခုနှစ်က အမေရိကန်ပြည်ထောင်စုမှာ ကျင်းပခဲ့တဲ့ သမ္မတ ရွေးကောက်ပွဲမှာ ရုရှား အစိုးရက ဝင်ရောက် စွက်ဖက်ခဲ့ခြင်း ရှိမရှိဆိုတာနဲ့ တခြား ရုရှားနဲ့ ဆက်နွှယ်နေတဲ့ ကိစ္စရပ်တွေကို စုံစမ်း စစ်ဆေးဖို့အတွက် FBI ပြည်ထောင်စု စုံစမ်း စစ်ဆေးရေးဗျူရို အကြီးအကဲဟောင်း Robert Mueller ကို အထူး စုံစမ်း စစ်ဆေးရေးမှူး အဖြစ် ခန့်အပ် တာဝန်ပေးလိုက်ကြောင်း တရားရေးဌာနက ဗုဒ္ဓဟူးနေ့မှာ ကြေညာပါတယ်။

အထူးစုံစမ်းရေးမှူးကို အခုလိုခန့်အပ် တာဝန်ပေးခြင်းဟာ ရာဇဝတ်မှု တခုခု ကျူးလွန်ထားတယ်၊ ဒါမှမဟုတ် တရားစွဲဆိုခံရမယ်ဆိုတဲ့ သဘောမဟုတ်ကြောင်း လက်ထောက် နိုင်ငံတော် ရှေ့နေချုပ် Rod Rosenstein က ပြောပါတယ်။

အမေရိကန် ပြည်သူတွေအနေနဲ့ ဒီကိစ္စ စုံစမ်း စစ်ဆေးမှုက ထွက်ပေါ်လာမယ့် ရလဒ်အပေါ် ယုံကြည်မှု အပြည့်အ၀ ရှိစေရေးအတွက် အထူးအကြံပေးတဦးကို ခန့်အပ် တာဝန်ပေးသင့်တယ်လို့ သူ့အနေနဲ့ ယူဆကြောင်း လက်ထောက် နိုင်ငံတော် ရှေ့နေချုပ် Rod Rosenstein က ပြောပါတယ်။

Robert Mueller ဟာ FBI အကြီးအကဲအဖြစ် ၂၀၀၁ ခုနှစ်ကနေ ၂၀၁၃ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း သမ္မတ Donald Trump ရာထူးက ဖယ်ရှားလိုက်တဲ့ James Comey ဟာ သူ့နေရာမှာ တာဝန်ထမ်းဆောင်သူ ဖြစ်ပါတယ်။

သမ္မတ Trump နဲ့ သူ့ရဲ့လက်ထောက်တွေနဲ့ ရုရှားနိုင်ငံအကြား ဆက်နွှယ်မှု ရှိမရှိ စုံစမ်း စစ်ဆေးတဲ့နေရာမှာ အခုလို အထူး စုံစမ်းစစ်ဆေးရေးမှူး၊ ဒါမှမဟုတ် ကော်မတီတရပ် ဖွဲ့စည်း ဆောင်ရွက်ဖို့ လွှတ်တော်အတွင်းမှာရှိတဲ့ သမ္မတ Trump ရဲ့ရီပတ်ဘလီကန် ပါတီက လွှတ်တော်အမတ် တချို့နဲ့ အတိုက်အခံ ဒီမိုကရက်ပါတီက လွှတ်တော် အမတ်တွေက တောင်းဆိုနေခဲ့ကြတာပါ။ ရုရှားနဲ့ ဆက်နွှယ်မှု ရှိမရှိဆိုတဲ့ ကိစ္စကို FBI အပြင် အထက်နဲ့ အောက်လွှတ်တော် ၂ ရပ်စလုံးက ထောက်လှမ်းရေး ကော်မတီတွေက ပြုလုပ်နေတဲ့ စုံစမ်း စစ်ဆေးမှုထက် ကျော်လွန်လာနေတာ ဖြစ်ပါတယ်။

အမျိုးသား လုံခြုံရေးအကြံပေး Michael Flynn နဲ့ ရုရှားနိုင်ငံအကြား ဆက်နွှယ်မှု ရှိမရှိဆိုတဲ့ကိစ္စ စုံစမ်း စစ်ဆေးနေတဲ့ အမှုကို ရပ်ဆိုင်းပေးဖို့ သမ္မတ Trump က သူ့ကို ပြောခဲ့ကြောင်း မကြာသေးခင်က ရာထူးက ဖယ်ရှားခံလိုက်ရတဲ့ FBI ညွန်ကြားရေးမှူး James Comey က သူ့ ဝန်ထမ်းတွေထံ စာရေး အသိပေးခဲ့တယ်ဆိုတဲ့ သတင်း အင်္ဂါနေ့က ထွက်ပေါ်လာခဲ့ ပြီးတဲ့နောက် အထူး စုံစမ်း စစ်ဆေးရေးမှူး ခန့်အပ် တာဝန်ပေးရေး တောင်းဆိုမှုတွေ တိုးမြင့်လာခဲ့တာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG