သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်အကူအညီ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်မှုရလဒ်ကောင်း - ဒေါက်တာဝင်းမြတ်အေး


 ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကို ဗွီအိုအေ ရန်ကုန်ရုံး အယ်ဒီတာ ဒေါ်ခင်စိုးဝင်းက နေပြည်တော်မှာ သွားရောက်တွေ့ဆုံမေးမြန်း
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကို ဗွီအိုအေ ရန်ကုန်ရုံး အယ်ဒီတာ ဒေါ်ခင်စိုးဝင်းက နေပြည်တော်မှာ သွားရောက်တွေ့ဆုံမေးမြန်း

ပဋိပက္ခလွန် ရခိုင်ပြည်နယ်တွင်းက လိုအပ်ချက်တွေအတွက် အာဆီယံနိုင်ငံအချို့ရဲ့ အကူအညီတွေကို အစိုးရဖက်က စီမံဆောင်ရွက်တဲ့အတွက်၊ အကူအညီတွေ စံနစ်တကျဖြစ်ပြီး ပဋိပက္ခကြုံခဲ့တဲ့ရတဲ့ လူမှုအသိုင်းအဝိုင်းအားလုံး ခံစားခွင့်ရစေတယ်လို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဗွီအိုအေကို ပြောပါတယ် ။ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကို ဗွီအိုအေ ရန်ကုန်ရုံး အယ်ဒီတာ ဒေါ်ခင်စိုးဝင်းက နေပြည်တော်မှာ သွားရောက်တွေ့ဆုံမေးမြန်းထားတာပါ။

ဒေါ်ခင်စိုးဝင်း။ ။ ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ လူမှုရေးပြဿနာတွေနဲ့ ပတ်သက်ပြီးတော့ နိုင်ငံတကာက အကူအညီအထောက်အပံ့တွေလည်း အခုရောက်နေပါပြီ။ အဲဒီတော့ မကြာခင်က လာခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး အနေနဲ့ လာပြီးတော့ ရခိုင်ပြည်နယ်မှာရှိတဲ့ ဒုက္ခသည်တွေအားလုံးပေါ့ ၂ ဘက်အသိုင်းအဝိုင်း အားလုံးအတွက်ကို လူမှုရေးအထောက်အပံ့တွေ ပေးဖို့ဆိုပြီး ရောက်လာတာ သိရပါတယ်။ အဲဒီတော့ ဝန်ကြီးလည်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ခဲ့တယ်လို့ သိရပါတယ်။ အဲဒီတော့ ဝန်ကြီးအဲဒီအတွေ့အကြုံလေး ပြောပြပါလားရှင့်။

ဒေါက်တာဝင်းမြတ်အေး။ ။ ကျနော်တို့ဝန်ကြီးဌာနက အစိုးရအဖွဲ့သစ် စပြီးတော့ တက်ခဲ့တဲ့ကာလကတည်းက ကျနော်တို့ကော်မတီတွေဖွဲ့တယ်၊ လုပ်ငန်းကော်မတီတွေ၊ ဗဟိုကော်မတီတွေ ဖွဲ့တယ်။ အဲဒီကနေပြီးတော့ ထောက်ပံ့မှုတွေကို စနစ်တကျ ဆောင်ရွက်နေတာပါ။ ဒါကို ကျနော်တို့ တောက်လျှောက်ဆောင်ရွက်နေတယ်။ အဲဒီအချိန်အခါမှာပဲ ဒီလိုမျိုး ပဋိပက္ခ ဖြစ်ပွားပြီးတဲ့ နောက်မှာလည်း ကျနော်တို့ ဆက်လက်ထောက်ပံ့တာတွေ ရှိနေတယ်ပေါ့နော် အဲဒီတော့ နိုင်ငံတကာအကူအညီတွေကလည်းပေးချင်တယ် အထူးသဖြင့်တော့ အာဆီယံနိုင်ငံတွေက အကူအညီပေးချင်တယ်ဆိုတဲ့အခါကျတော့ ကျနော်တို့ကလည်း ဘာလဲဆိုတော့ အဲလို အကူအညီတွေပေးချင်ရင် စည်းစနစ်နဲ့ပေါ့နော် ၊ ဆိုလိုတာကတော့ ၂ နိုင်ငံ အစိုးရခြင်းဆက်သွယ်မယ်။ သံတမန်လမ်းကြောင်းအရ ဆက်သွယ်မယ်၊ အကူအညီတွေ ဒီလိုမျိုးပေးပါဆိုပြီးတော့ ကျနော်တို့အနေနဲ့ မေတ္တာရပ်ခံတယ်။ အဲလို မေတ္တာရပ်ခံတော့ အင်ဒိုနီးရှားကလည်း ဒီအကူအညီကို ပေးချင်ပါတယ်ဆိုပြီးတော့ ရောက်လာတယ်။ ရောက်လာတော့ သူတို့ ပစ္စည်းတွေကို သူတို့ ကြိုတင်ပြီးတော့ ဆိပ်ကမ်းရောက်အောင်ပို့တယ်။ နောက်ပြီး ရန်ကုန်ရောက်တယ်၊ ဒီကအဖွဲ့တွေက လက်ခံတယ်။ လက်ခံပြီး စစ်တွေရောက်အောင် ကားတွေနဲ့ ပို့တယ်။ နောက် ၂ ရက်အတွင်းမှာပဲ ရောက်သွားတယ်၊ ရောက်ပြီးတဲ့ အခါကျတော့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးကိုယ်တိုင် ရောက်လာတယ်။ ရောက်လာပြီးတော့ ကျနော်နဲ့အတူတူ ပြည်နယ်အစိုးရ ဝန်ကြီးချုပ်နဲ့ အတူတူပေါင်းပြီးတော့ ကျနော်တို့လက်ခံပွဲလုပ်တယ်၊ လွှဲပြောင်းယူတယ်ပေါ့နော် အဲဒီအခမ်းအနားကို ကျနော်တို့ လုပ်ခဲ့တယ်၊ လုပ်ခဲ့တော့ အတွေ့အကြုံအရဆိုရင် သူတို့ရဲ့ ကူညီဆောင်ရွက်မှုဟာ အလွန်စနစ်ကျပါတယ်။ အဲဒီမှာလည်း သူက အဖွင့်စကားပြောတဲ့အခါမှာလည်း သူက ဘာကိုပြောလဲဆိုတော့ “လူမျိုးဘာသာမရွေး ထောက်ပံ့ဖို့လာတာဖြစ်ပါတယ်၊ ကျမထပ်ပြောပါမယ် လူမျိုးဘာသာမရွေး အားလုံးအတွက် ဖြစ်ပါတယ်” လို့ သူက သေသေချာချာကို ထပ်ခါထပ်ခါပြောပြီးတော့ တကယ့်ကို စနစ်တကျ လွှဲပြောင်းပေးတာဖြစ်ပါတယ်။ ကျနော်တို့ကလည်း ချက်ခြင်းပဲ မောင်တောကိုရောက်အောင်ပို့တယ်။ ပို့ပြီးတော့ စနစ်တကျ ဖြန့်ဝေမှုတွေ ဆောင်ရွက်နေတာတွေရှိပါတယ်။

ဒေါ်ခင်စိုးဝင်း။ ။ဟုတ်ကဲ့ပါ နောက်ပြီးတော့ စာသင်ကျောင်းလည်းလှူတယ်လို့ ကြားပါတယ်။

ဒေါက်တာဝင်းမြတ်အေး။ ။ ဟုတ်ပါတယ် အင်ဒိုနီးရှားနိုင်ငံမှာရှိတဲ့ လူမှုအဖွဲ့အစည်းတခုရှိပါတယ်။ သူတို့ကနေပြီးတော့ ကျေးရွာ၂ ခုမှာ ကျောင်းဆောက်ထားတာရှိပါတယ်။ မူလတန်းကျောင်းလေး ၂ ကျောင်းဆောက်ထားတာရှိပါတယ်။ ဒါကိုလည်း သူတို့က ရောက်တဲ့အခါ သူတို့နိုင်ငံက လှူထားတာ ဖြစ်တဲ့အတွက်ကြောင့် ဖွင့်ပွဲသဘောလေးမျိုးလုပ်မယ်ဆိုပြီးတော့ ကျောင်းသားတွေနဲ့ တွေ့တယ်၊ ရင်းရင်းနီးနီး ဓါတ်ပုံရိုက်ကြတယ်၊ သီချင်းတွေဆိုကြတယ် ဒါတွေလုပ်ခဲ့ပါတယ်။ သီချင်းတွေဆိုတော့လည်း အားလုံးသင်ထားတာက မြန်မာ့ကျောင်းသီချင်းနဲ့ အဲဒီကလေးတွေကလည်း ဆိုတတ်တယ်၊ သူကလည်း ပျော်တယ်ပေါ့နော်။

ဒေါ်ခင်စိုးဝင်း။ ။အင်ဒိုနီးရှားပြီးတဲ့အခါကျတော့ အာဆီယံနိုင်ငံထဲကပဲ မလေးရှား နိုင်ငံအနေနဲ့ကလည်း လူမှုရေးအကူအညီတွေပေးဖို့ဆိုပြီးတော့ စိုင်းပြင်းနေတာ ကြားရပါတယ်။ နိုင်ငံခြားရေးဌာနကနေလည်း အခုခွင့်ပြုလိုက်ပြီလို့ ကြားရပါတယ်။ ဒီ ၂ နိုင်ငံ သံတမန် ဆက်ဆံရေးအရ ၊ ဆိုတော့ အဲဒီအခြေအနေလေးရော ပြောပြပေးပါ။

ဒေါက်တာဝင်းမြတ်အေး။ ။ အဲဒီအခြေအနေကလည်း အင်မတန်ကောင်းတယ် ဘာကြောင့်လဲဆိုတော့ ပြီးခဲ့တဲ့အပတ်က ဒီမှာရှိတဲ့ မလေးရှားသံအမတ်ကြီးက ကျနော်တို့နဲ့ လာရောက်တွေ့ဆုံတယ်၊ ပြီးတော့ သူတို့ရဲ့ ကူညီချင်တဲ့ အစီအစဉ်တွေပြောတယ်။ ပြောပြီးတော့ သူက ၂ နိုင်ငံအစိုးရချင်း ဆောင်ရွက်တဲ့ နည်းလမ်းကိုပဲ လိုက်ပါတယ်၊ သံတမန်ချင်းဆက်သွယ်တဲ့ နည်းလမ်းကိုပဲ လိုက်ပါတယ် အဲဒီနည်းနဲ့ ကျနော်တို့ဆီကို လာရောက်တွေ့ဆုံတယ်၊ နောက်ပြီးပို့မယ့်အစီအစဉ်တွေပြောတယ်။ အခုဆိုရင် ပို့နေပြီပေါ့နော် ဆိုတော့ စနစ်တကျပဲ ကျနော်တို့ အင်ဒိုနီးရှားကို ဖြန့်ဖြူးသလိုပဲ စနစ်တကျ ကျနော်တို့ ဒီပစ္စည်းတွေကို ရန်ကုန်မှာ လွှဲပြောင်းယူပြီးရင် ကျနော်တို့ စစ်တွေကို ပို့ပြီးတော့ စနစ်တကျအဖွဲ့အစည်းအားလုံးပေါ့ ၊ လူအားလုံးပေါ့ ပဋိပက္ခမှာ ခံစားရတဲ့လူတွေပေါ့ လူမျိုးဘာသာမရွေး သူတို့လည်း ဒီလိုထောက်ပံ့ဖို့ စီစဉ်ထားပါတယ်။

ဒေါ်ခင်စိုးဝင်း။ ။ဟုတ်ကဲ့ပါ ဒါပေမယ့် အရင်တုန်းကဆိုရင် ရခိုင်ဒေသခံ အသိုင်းအဝိုင်းပေါ့နော် ဒီလိုမျိုး နိုင်ငံတကာ NGO အဖွဲ့အစည်းတွေလာတယ်ဆိုရင် မွတ်ဆလင်တွေကိုပဲ ကူညီနေတာပဲ၊ ရခိုင်တွေကိုတော့ မကူဘူးဆိုပြီးတော့ ဝမ်းနည်းစကားတွေပြောကြတာတွေရှိပါတယ်။ အခု ဒေသခံတွေရဲ့ တုံ့ပြန်မှုရော ဘယ်လိုရှိပါသလဲ။

ဒေါက်တာဝင်းမြတ်အေး။ ။ ဒေသခံတွေရဲ့ တုံ့ပြန်မှုဆိုတော့ ဟိုတနေ့ကဆိုရင် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး နဲ့ ကျနော်တို့ သွားတဲ့နေရာမှာဆိုရင် မွတ်ဆလင်လူမျိုးတွေရော၊ ကမန်ကော ဒီတိုင်းရင်းသားတွေရော အကုန်လုံးနဲ့ ဆုံခဲ့တာပဲ။ အားလုံးပျော်ပျော်ရွှင်ရွှင် ပျော်ပျော်ပါးပါးနဲ့ ကျေနပ်ဝမ်းသာ ဖြစ်နေကြတာပဲ။"

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကို ဗွီအိုအေ ရန်ကုန်ရုံး အယ်ဒီတာ ဒေါ်ခင်စိုးဝင်းက နေပြည်တော်မှာ သွားရောက်တွေ့ဆုံ မေးမြန်း ထားတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG