သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

CIA အွန်လိုင်းထိုးဖောက်မှုတွေ WikiLeaks ဖောက်ချ


WikiLeaks ခေါင်းဆောင် Julian Assange
WikiLeaks ခေါင်းဆောင် Julian Assange

အွန်လိုင်းပေါ်ကနေ အမေရိကန်အစိုးရရဲ့ လျှို့ဝှက်အချက်အလက်တွေ ဖောက်ချနေတဲ့ WikiLeaks အဖွဲ့က ဒီကနေ့မှာတော့ အမေရိကန်ဗဟိုထောက်လှမ်းရေးအေဂျင်စီ (CIA) ရဲ့ လျှို့ဝှက်စာရွက်စာတမ်းတွေကို အများဆုံး ထပ်ပြီး ဖောက်ချလိုက်ပါတယ်။ CIA ကနေ လုပ်နေတဲ့ အွန်လိုင်းဖောက်ယူမှုအစီအစဉ်တွေ အများကြီးကို WikiLeaks က လူသိရှင်ကြား ဖောက်ချလိုက်တာဖြစ်ပါတယ်။

ဒီကနေ့ အင်္ဂါနေ့မှာ ဖောက်ချလိုက်တဲ့ စာရွက်စာတမ်းပေါင်း ၈၇၇၁ ခု ကို WikiLeaks က သုညခုနှစ် (Year Zero)လို့ အမည်ပေးထားပြီး CIA ရဲ့ အင်တာနက်ဖောက်ထွင်းမှု စွမ်းရည်တခုလုံးကို ဖွင့်ချလိုက်တာဖြစ်ပါတယ်။

အခု ထွက်လာတဲ့ စာရွက်စာတမ်းတွေဟာ အစစ်အမှန်ဟုတ်မဟုတ်ဆိုတာကို CIA အနေနဲ့ ဘာမှတ်ချက်မှ မပေးဘူးလို့ CIA ပြောခွင့်ရသူ Jonathan Liu က ပြောပါတယ်။ CIA ဟာ သူတို့ရဲ့ အင်တာနက်ဖောက်ထွင်းမှု စွမ်းရည် အစိတ်အပိုင်းအများစုကို လက်လွှတ်လိုက်ရပြီလို့ WikiLeaks က ကြေညာချက်ထုတ်ပါတယ်။ CIA ရဲ့ အင်တာနက်ဖောက်ထွင်းမှုနည်းလမ်းတွေက အမေရိကန်အစိုးရရဲ့ အင်တာနက်ဖောက်ထွင်းရေး ဝန်ထမ်းဟောင်းတွေကြားမှာ ပျံ့နှံ့နေခဲ့ပြီး၊ အဲဒီထဲက တယောက်က WikiLeaks ကို လက်ဆင့်ကမ်းလိုက်တာပါ။

အခု Year Zero ဖောက်ချမှုမှာတော့ CIA ရဲ့ ကမ္ဘာလုံးဆိုင်ရာ လျှို့ဝှက်အင်တာနက်ဖောက်ထွင်း မှု အစီအစဉ်တွေ နည်းလမ်းတွေရဲ့ အဝန်းအဝိုင်းနဲ့ ဦးတည်ချက်ကို ဖော်ထုတ်ထားပါတယ်။ အဲဒီမှာ CIA က အမေရိကန်နဲ့ ဥရောပ ကုမ္ပဏီ တွေကို ဘယ်လောက်အထိ အွန်လိုင်းက တဆင့် ဖောက်ထွင်းကြည့်ရှုထားသလဲဆိုတာ တွေ့ရပြီး၊ Apple ရဲ့ iPhone ၊ Google ရဲ့ Android ၊ Microsoft ရဲ့ Window တို့အပြင် Samsung ရုပ်မြင်သံကြားကနေပါ အခန်းထဲက သူတွေရဲ့ ပြောစကားတွေကို အသံဖမ်းယူနိုင်တဲ့ အဆင့်အထိ လုပ်နိုင်တယ်လို့ WikiLeaks က ပြောပါတယ်။

CIA က ရုရှားနိုင်ငံအပါအဝင် အခြားနိုင်ငံတွေက အွန်လိုင်းထိုးဖောက် ဝင်ရောက်တဲ့နည်းတွေကိုလည်း အများကြီး ပိုင်ဆိုင်ထားတယ်လို့ WikiLeaks က ပြောပါတယ်။ အဲဒီအထဲ အချို့နည်းတွေက အဖြစ်အပျက်အကြောင်းအရာတခုကို ဖုံးကွယ်ပြီး စုံစမ်းသူတွေ လမ်းလွဲသွားအောင် လုပ်နိုင်တဲ့ အဆင့်အထိ ရှိတယ်လို့လည်း ပြောပါတယ်။

ဒီကနေ့ သူတို့ဖောက်ချဖြန့်ဝေတဲ့အထဲမှာတော့ အွန်လိုင်းထိုးဖောက်မှု Software တွေ နည်းလမ်းတွေမပါသေးပါဘူး။ WikiLeaks ကတော့ CIA ရဲ့ အွန်လိုင်းဖောက်တဲ့ နည်းလမ်းတွေကို ဘယ်လို ခွဲခြမ်းစိတ်ဖြာကြည့်မလဲ ပြီးတော့ သူတို့ဆက်ပြီး ဒုက္ခပေးလို့မရအောင် ဘယ်လို ကာကွယ်ပြီး လူသိရှင်ကြားထုတ်ပြန်မလဲဆိုတာအပေါ်၊ နည်းပညာနဲ့နိုင်ငံရေးအပိုင်း အားလုံးသဘောတူညီမှုရပြီဆိုရင် နောင်တချိန်မှာ အဲဒါတွေကိုလည်း ထုတ်ပေးရင် ပေးမယ်လို့ ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး WikiLeaks က သတင်းစာရှင်းလင်းပွဲလုပ်ဖို့ စီစဉ်ထားပေမယ့် WikiLeaks ခေါင်းဆောင် Julian Assange လူမှုကွန်ယက်ပေါ်မှာ တိုက်ခိုက်ခံရပြီးတဲ့နောက် သတင်းစာရှင်းလင်းပွဲကို ရွှေ့ဆိုင်းထားပါတယ်။

XS
SM
MD
LG