သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်စစ်ဆင်ရေး ထင်တာထက် ပိုဆိုးဝါးဟု ကုလ ကိုယ်စားလှယ်ပြောဆို


 Yanghee Lee
Yanghee Lee

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရောက်နေတဲ့ မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်ကနေ ထွက်ပြေးသွားကြတယ်လို့ဆိုတဲ့ ရိုဟင်ဂျာ မွတ်စလင် ဒုက္ခသည်တွေဆီကနေ ကြားခဲ့ရတာတွေဟာ သူ မျှော်လင့်ထားတာထက် ပိုပြီးဆိုးရွားနေတာကြောင့် ဝမ်းနည်းရတဲ့အကြောင်း မြန်မာ နိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် YangHee Lee ကပြောလိုက်ပါတယ်။ ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ဝင် ဦးအောင်ကြည်ကတော့ နေရာပေါင်းစုံကနေ သတင်းအချက်အလက်တွေ မှန်မှန်ကန်ကန် စိစစ်သုံးသပ်ဖို့လိုအပ်တယ်လို့ ပြောပါတယ်။ ဒီအကြောင်း ကိုအောင်အောင်က စုစည်းတင်ပြထားပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Cox’s Bazaar ဒေသအပါအဝင် ဒုက္ခသည်စခန်းတွေကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့ကနေ ၂၃ ရက်နေ့အထိ မစ္စ ယန် ဟီးလီ သွားခဲ့ပြီးတဲ့နောက် ဖေဖော်ဝါရီလ ၂၄ ရက်နေ့ ထုတ်ပြန်ချက်ထဲမှာ ဒုက္ခသည်တွေစီကနေ ဒီလို အခြေအနေဆိုးတွေကို ကြားသိခဲ့ရတာလို့ မြန်မာနိုင်ငံဆိုင်ရာ ကုလ လူ့အခွင့်အရေးကိုယ်စားလှယ်က ပြောပါတယ်။ သူ့အနေနဲ့ မြန်မာနိုင်ငံကို လာရောက်ပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သွားခဲ့တာပါ။

ရခိုင်ပြည်နယ် မောင်တောဒေသ စုံးစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ဝင် ဦးအောင်ကြည်ကတော့ အခြေအနေအရပ်ရပ်ကို လေ့လာခွင့်ရှိသင့်တဲ့အကြောင်း အခုလိုပြောပါတယ်။

“ကျနော်တို့ ကော်မရှင်အနေနဲ့ကတော့ ဒီလိုလာပြီးတော့ လေ့လာတဲ့သူတွေကို တတ်နိုင်သမျှ ပြည်တွင်းက နေရာဒေသတွေအားလုံးကို ရောက်စေချင်တယ်၊ တွေ့စေချင်တယ်၊ ပြောစေချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြည်တွင်းမှာ ကျနော်တို့ ရတဲ့သတင်းအချက်အလက်က မြေပြင်အခြေအနေအရ ဖြစ်နိုင်ခြေရှိမရှိဆိုတာလည်း ကျနော်တို့ စဉ်းစားလို့ရတယ်။ ကျနော်တို့လည်းမေးပါတယ်၊ ဘယ်အချိန်မှာ တပ်ကရောက်လာသလဲ၊ လုံခြုံရေးအဖွဲ့က ရောက်လာသလဲ ၊ ဘယ်နှစ်ခေါက် ရောက်လာသလဲ ၊ဘယ်သူဦးဆောင်ပြီး ရောက်လာသလဲ ၊ ဘယ်လမ်းကြောင်းက ဝင်လာသလဲ ။ ကျနော်တို့ အဲဒီလောက်အထိမေးတာပါ၊ အဲဒီမှာ တချို့လည်း ချို့ယွင်းချက်ကလေးတွေ ဖောက်ဖျက်မှုလေးတွေ ကျနော်တို့ တွေ့တယ် အဲဒါတွေကိုလည်း ကျနော်တို့ အစီရင်ခံစာထဲမှာ ထည့်ဖို့ ရည်ရွယ်ထားပြီးသားပါ။ သက်ဆိုင်တဲ့ လုံခြုံရေးတာဝန်ရှိတဲ့ သူတွေကလည်း အဲဒါတွေကို ဆက်လက်ပြီးတော့ တာဝန်ယူပေးဖို့လည်း ကျနော်တို့ ညှိနှိုင်းထားပြီးသားပါ။”

အစိုးရရဲ့ ဖိတ်ကြားချက်နဲ မစ္စယန်ဟီးလီဟာ လွန်ခဲ့တဲ့ ဇန်နဝါရီလ အတွင်း ၁၂ ရက်ကြာ ခရီးစဉ်အဖြစ် မြန်မာနိုင်ငံကို ရောက်ရှိလာခဲ့ပေမယ့် သက်ဆိုင်ရာက လုံခြုံရေးကြောင့်ဆိုပြီး ကချင်ပြည်နယ်ကို သွားရောက်ခွင့် မပြုခဲ့သလို ရခိုင်ပြည်နယ်အတွင်းက နေရာတချို့ကိုလည်း သွားရောက်ခွင့်မပြုခဲ့ပါဘူး။ ဦးအောင်ကြည်က

“ဒါကတော့ ပေးတာ မပေးတာကတော့ အာဏာပိုင်အဖွဲ့အစည်းနဲ့ပဲ ဆိုင်တယ်လေ။ ကျနော်တို့ကတော့ ကော်မရှင်ရဲ့အလုပ်ကတော့ ဒီအလုပ်မဟုတ်ဘူးလေ။ ကျနော်တို့က အကြံပြုတယ်၊ ပေးသင့်တယ် သတင်းသမားတွေလည်း သွားခွင့် ပေးသင့်တယ်၊ စစ်ဆေးတဲ့လူတွေလည်း သွားခွင့် ပေးသင့်တယ်။ ဒီလိုပေးခြင်းအားဖြင့် ကောင်းတာတွေလည်းတွေ့မယ်၊ မကောင်းတာတွေလည်း တွေ့မယ်။ မကောင်းတာတွေ့လည်းကျနောတို့ ဘာမှ ပြဿနာမရှိဘူး၊ လူတဦးချင်း၊ တယောက်ချင်း မကောင်းတဲ့ကိစ္စလုပ်တိုင်းဆိုရင် ကျနော်တို့ ထိထိရောက်ရောက်အရေးယူလိုက်မယ်။ ဒီဟာ နိုင်ငံတော်ရဲ့ မူဝါဒမဟုတ်ဘူးဆိုတာကို ထင်ရှားပေါ်လွင်တာပေါ့နော်။”

ဘင်္ဂါလားဒေ့ရှ်နိုင်ငံဘက်ခြမ်းကို သွားရောက်လေ့လာခဲ့တဲ့ မစ္စယန်ဟီးလီက မိသားစုတွေ တွေ့ကြုံခံစားခဲ့ရတဲ့ အကြမ်းဖက်ခံရမှု အတိုင်းအတာ ပမာဏဟာ သူ နဂိုတုန်းက ခန့်မှန်းထားတာထက် အများကြီး ပိုပြီး ဆိုးရွားတယ်လို့လည်း ပြောပါတယ်။ ဒါပေမယ့်လည်း အခုလိုမျိုးခွဲခြားဆက်ဆံမှုတွေ ရှိနေတဲ့ အခြေအနေတွေ ပြောင်းလဲအောင် အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်နေတယ်ကြောင်း ဦးအောင်ကြည်ကပြောပါတယ်။

“ဒီအခြေအနေတွေကို ကျနော်တို့က ပြုပြင်ဖို့လုပ်နေတယ် တကယ်တမ်းပြောရမယ်ဆိုရင်။ မြန်မာနိုင်ငံရဲ့ မူဝါဒအနေနဲ့ဆိုရင်တချိန်တုန်းက ချို့ယွင်းမှုတွေ ရှိခဲ့တာလေးတွေကို ဘယ်လိုအကောင်းဆုံး နည်းနဲ့ ထိန်းကျောင်းပြုပြင်မလဲ ၊ နိုင်ငံတကာ စံနှှုန်းနဲ့လည်းဆီလျော်အောင်၊ ကိုယ့်နယ်စပ်ဒေသ လုံခြုံရေးရော တခြား အခွင့်အရေးတွေရောကျနော်တို့ ကိုယ်နိုင်ငံသားတွေ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေရော ကာကွယ်စောင့်ရှောက်နိုင်အောင် ဘယ်လိုနည်းလမ်းမျိုးတွေနဲ့ အကောင်းဆုံးဖြစ်အောင်လုပ်မလဲဆိုတဲ့ မူဝါဒတွေ ကျနော်တို့ ရေးဆွဲနေတဲ့ အချိန်ကာလတွေဖြစ်ပါတယ်။ အဲဒီမူဝါဒတွေ ရေးဆွဲနေတဲ့ အချိန်ကာလဖြစ်တဲ့အခါကျတော့ ဒီအပေါ်မှာ ထပ်ပြီးတော့ ဖိအားပေးလာခဲ့ရင် ကျနော်တို့ရဲ့ မဟာဗျူဟာပြောင်းလဲမှုအခြေအနေက နည်းနည်း အခက်အခဲဖြစ်သွားနိုင်တာပေါ့လေ၊ သဘောကတော့ ဒေသမှာ ရှိတဲ့လူတွေရော တိုင်းရင်းသားတွေရော ၂ဘက် သဟဇာတ ဖြစ်အောင်လုပ်ရမယ့်အစီအစဉ်တွေရော ဒါတွေအားလုံးအတွက် အဖုအထစ်ဖြစ်သွားနိုင်ပါတယ်။”

သောကြာနေ့က ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ မီးလောင်ဒဏ်ရာရထားတဲ့ ကလေးငယ်တွေကို မျက်မြင်တွေ့ရကြောင်း မစ္စယန်ဟီးလီးကပြောပါတယ်။ ဒီလိုဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ထပ်မဖြစ်အောင် တားဆီးဖို့နဲ့ ဖြစ်ခဲ့တယ်လို့ဆိုတဲ့ စွပ်စွဲချက်တွေ အပေါ် သီးခြားလွတ်လပ်ပြီး ဘက်မလိုက်တဲ့၊ ပြီးပြည့်စုံတဲ့ စုံစမ်းစစ်ဆေးမှုတခုကို အမြန်ဆုံးလုပ်ဖို့ မြန်မာအစိုးရကို မစ္စ ယန်ဟီးလီက တိုက်တွန်းထားပါတယ်။ မစ္စ ယန်ဟီးလီရဲ့ ဒီ နောက်ဆုံးထုတ်ပြန်ချက်ပါ ဖော်ပြထားချက်တွေနဲ့ပတ်သက်ပြီး မြန်မာအစိုးရဘက်က တုံ့ပြန်ချက်တော့ ထွက်မလာသေးပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG