သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မောင်တောတိုက်ခိုက်မှု မသင်္ကာသူ ၅၀၀ ကျော် ဖမ်းဆီးထား


နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီ သတင်းထုတ်ပြန်ချက်။
နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီ သတင်းထုတ်ပြန်ချက်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အကြမ်းဖက် စီးနင်းတိုက်ခိုက်မှု ဖြစ်စဉ်တွေမှာ ပါဝင် ပတ်သက်နိုင်တဲ့ မသင်္ကာသူတွေကို ဖမ်းဆီးစစ်ဆေးနေသလို ဒီဇင်ဘာ ၁ ရက်နေ့အထိ ဖမ်းဆီးစစ်ဆေးတဲ့ မသင်္ကာသူ ၅၂၈ ရှိကြောင်း အသေတွေရှိသူပေါင်း ၇၀နဲ့ လူပေါင်း ၄၆ဦးကို ဖမ်းဆီးထောင်ချထားတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီကထုတ်ပြန်ထားပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးမာကသတင်းပေးပို့ထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၉ရက်နေ့ကစတင်ပြီး ရခိုင်ပြည်နယ် မောင်တောမြို့နယ် ထဲက အကြမ်းဖက် စီးနင်း တိုက်ခိုက်မှု ဖြစ်စဉ်တွေမှာ သင်္ကာမကင်းသူပေါင်း ဖမ်းဆီးတာဟာ လူပေါင်း ၅၀၀ကျော် သွားပြီဖြစ်တဲ့ အကြောင်း သမ္မတရုံးဝန်ကြီးဌာန ရဲ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကပြောပါတယ်။

" ဖမ်းဆီးထိန်းသိမ်းစစ်ဆေးနေတာ ၅၂၈ ယောက်ရှိပါတယ်။ ရဲကနေ လုပ်ထုံးလုပ်နည်းနဲ့ အညီ စစ်ဆေးနေတုန်းပေါ့။ အဲ့တာ ၄၆၆ ယောက်ရှိတယ်။ တရားရုံးက ပြစ်ဒဏ်ချတာ ၄၈ယောက်ရှိတယ်။ ကျင့်ထုံး ၁၆၉ အရ ရဲလုပ်ထုံးလုပ်နည်းအရ ပြန်ပြီးလွှတ်ပေးတာ ၉ယောက်ရှိတယ်။ တရားရုံး အာမခံက ၁ယောက်ရှိတယ်။"

အခုဆိုရင် ၂လနီးပါး အတွင်းမှာ ဖမ်းဆီးစစ်ဆေးခံရသူပေါင်းက ၅၂၀ကျော် ရှိသွားပြီ ဖြစ်သလို ဖမ်းဆီးထောင်ချခံရသူပေါင်း ၄၆ဦး ရှိသွားပြီလို့ဆိုပါတယ် ဒီထဲမှာ အသေတွေ့ရှိသူပေါင်း ၇၀ရှိပြီလို့လည်း ဆိုပါတယ်။

" အဲ့မှာ သေဆုံးပေါ့နော် သေဆုံးတာက ပြည်ထဲရေးစာရင်းအရ ၄ယောက်ရှိပါတယ်။ ရဲနဲ့ဖမ်းဆီးထိန်းသိမ်းပြီး သေဆုံးတာဖြစ်ပါတယ်။ အသေတွေ့ရှိမှု ၇၀ ဆိုတာက အဲ့ဒီ့ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွားတဲ့နောက်မှ ကျနော်တို့ရဲ ၊ နယ်ခြားစောင့်တပ်ဖွဲ့ရယ် တပ်မတော်ရယ် ဝင်တဲ့အချိန်မှာ အဲ့ဒီ့မှာ ထိတွေ့မှုတွေရှိတယ်။ သူတို့က အကြမ်းဖက် တိုက်ခိုက်မှုတွေ လုပ်တဲ့အချိန်မှာ ဖြစ်တာရှိတယ်။ နောက် နယ်မြေရှင်းလင်းတဲ့ အချိန်မှာ အလောင်းတွေ တွေ့တာရှိတယ်။ အားလုံးပေါင်း (၇၀) ရှိတယ်။"

ရခိုင်ပြည်နယ် အကြမ်းဖက်မူဖြစ်စဉ်နဲ့ပတ်သက်လို့မြန်မာအစိုးရဘက်က ဒုတိယသမ္မတ ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်တခု ဖွဲ့စည်းခဲ့ပါတယ် ဒါဟာနိုင်ငံတကာရဲ့ဖိအားတွေလျော့ကျဖို့ ရည်ရွယ်ပါသလား မေးတဲ့အခါမှာတော့ သမ္မတရုံး ဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက အခုလို ပြောသွားပါတယ်။

" ကော်မရှင်ဖွဲ့တယ်ဆိုတာ အဲ့ဒီ့မှာ ပေးထားတဲ့ရည်ရွယ်ချက်မှာ ပါပါတယ်။ ဖြစ်ပွားခဲ့ရတဲ့ နောက်ခံအခြေအနေ၊ အဖြစ်မှန်ပေါ်ပေါက်စေရေး စုံစမ်းစစ်ဆေးဖို့ နောင်အလားတူ ဒီလိုဖြစ်စဉ်မျိုးတွေ မဖြစ်ပွားစေဖို့ ဘယ်လိုလုပ်မလဲဆိုတာ အကြံပြုတင်ပြဖို့ပေါ့နော်။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး လုပ်ကိုင်ဆောင်ရွက်မှုတွေမှာ နိုင်ငံတော်ရဲ့ တည်ဆဲဥပဒေ လုပ်ထုံးလုပ်နည်းတွေနဲ့ အညီ ဆောင်ရွက်ခဲ့ခြင်း ရှိ၊ မရှိ။ အဲ့တာတွေလည်း စစ်ဆေးမယ်။ အဓိကအားဖြင့် ဒီသုံးချက် ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းထားတာလို့ ဖော်ပြထားပါတယ်။"

ရခိုင်ပြည်နယ်မောင်တောမှာအောက်တိုဘာလအတွင်း နယ်ခြားစောင့်ဌာနချုပ်ဖြစ်တဲ့ ကျီးကန်ပြင်ဌာနချုပ်၊ ကိုးတန်ကောက်နဲ့ ငါးခူရစခန်း စတဲ့နေရာ၃ခုကို အင်အားရာဂဏန်းရှိတဲ့ အကြမ်းဖက် သူတွေက ဝင်ရောက်ပစ်ခတ် ခဲ့တာကြောင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ၉ဦးလည်း ကျဆုံးခဲ့တာပါ။ အပြန်အလှန် ပစ်ခတ်မှု အတွင်းမှာ အကြမ်းဖက်သူတွေကိုလည်း အရှင်ဖမ်းမိတာရှိသလို အကြမ်းဖက်သူတွေ ဘက်ကလည်း သေဆုံးတာတွေရှိခဲ့တဲ့အကြောင်း နယ်ခြားစောင့် ကင်းစခန်းက လက်နက်တွေ နဲ့ ကျည်ဆံတွေ ကို အကြမ်းဖက်သူတွေကယူဆောင်သွားခဲ့ကြောင်း အကြမ်းဖက်မူဖြစ်ပြီး ရက်ပိုင်းအတွင်းမှာပဲ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ရဲချုပ်နဲ့အတူ အစိုးရက သတင်းစာ ရှင်းလင်းပွဲ လုပ်ခဲ့တာပါ။

ဒီ့နောက်မှာတေ့ာ သံသယဖြစ်ခံရသူတွေကို ဖမ်းဆီးစစ်ဆေးတာတွေကိုလည်း တပ်မတော်ဘက်က လုပ်ခဲ့ပါတယ်။ ရခိုင်ပြည်နယ်အတွင်း အဖမ်းအဆီး အစစ်ဆေးတွေကြောင့် လူအခွင့်ရေး ချိုးဖောက်ခံရမှုရှိတယ် ဆိုပြီး ဒေသ တွင်းနိုင်ငံတွေ က မြန်မာနိုင်ငံ အပေါ်ဝေဖန်မူတွေ လုပ်နေကြ သလို ဒေသတွင်းက မလေးရှား၊ အင်ဒိုနီးရှား ထိုင်း စတဲ့နိုင်ငံတွေ မှာတော့ မြန်မာအစိုးရကို ကန့်ကွက်ဆန္ဒပြမူတွေ လုပ်ခဲ့တာပါ။ မကြာခင်မှာပဲ မလေးရှားနိုင်ငံက မြန်မာ သံရုံးတွေရှေ့မှာ ဆန္ဒပြပွဲတွေလုပ်ဖို့အတွက် မလေးရှားအစိုးရဘက်က တိုက်တွန်းမူတွေလည်း ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG