သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Yanghee Lee ခရီးစဉ်က မျှော်လင့်နိုင်သမျှ


ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် Ms Yanghee Lee ကချင် ပြည်နယ် မြစ်ကြီးနားမြို့ ရှိ စခန်းကို သွားရောက်စဉ်။ ဓါတ်ပုံ - (UN Information Center)
ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် Ms Yanghee Lee ကချင် ပြည်နယ် မြစ်ကြီးနားမြို့ ရှိ စခန်းကို သွားရောက်စဉ်။ ဓါတ်ပုံ - (UN Information Center)

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် Yanghee Lee ရဲ့ ဒီတခေါက် ခရီးစဉ်မှာ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဘယ်သူတွေ ကျူးလွန်နေသလဲဆိုတာ နိုင်ငံတကာဘက်က မှန်မှန်ကန်ကန် သိအောင် ဖေါ်ထုတ်နိုင်မယ်လို့ မျှော်လင့်ကြောင်း ဒုက္ခသည် အရေးနဲ့ လူ့အခွင့်အရေးလှုပ်ရှားသူ တွေကပြောပါတယ်။ အထူးသဖြင့် ပဋိပက္ခဖြစ်နေ တဲ့ဒေသတွေက ဒုက္ခသည်တွေအတွက် လိုအပ်နေတဲ့ လူသားချင်း စာနာမှု အကူအညီတွေကို Yanghee Lee ရဲ့ခရီးစဉ်ကနေ အထောက်အ ကူပြုဆောင် ရွက်ပေး နိုင်မယ်လို့ မျှော်လင့်နေကြပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က ဆက်ပြီးပြောပြမှာပါ။

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD အစိုးရတက်လာပြီးနောက် တိုင်းရင်းသားဒေသတွေမှာ မြန်မာစစ်တပ်နဲ့ တိုက်ပွဲတွေ ပိုမို ပြင်းထန်လာပြီး ငြိမ်းချမ်းရေးရဖို့ မျှော်လင့်ချက်တွေ ဝေးကွာနေ တယ်လို့ တိုင်းရင်းသားပြည်သူတွေ က ဝေဖန်ထောက်ပြနေချိန်၊ တခါ ရခိုင်ပြည်အရေး ဟာလည်း ပြည်တွင်းရေး မဟုတ်တော့ပဲ အာဆီယံ ဒေသတွင်း အရေးကိစ္စဖြစ်လာချိန်မှာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ်ရဲ့ အခုတခေါက် မြန်မာနိုင်ငံ ခရီးစဉ် ထွက်ပေါ်လာတာပါ။

အထူးသဖြင့် ရခိုင်ပြည်နယ်က အကြမ်းဖက်မှုအခြေအနေနဲ့ပတ်သက်လို့ သတင်းအမှားတွေ နိုင်ငံတကာကို ပြန့်နှံ့နေတဲ့အချိန်မှာ အခုလို Yanghee Lee ရဲ့မြန်မာနိုင်ငံခရီးစဉ်ကနေ မှန်ကန်တဲ့ အချက်အလက်တွေ ဖေါ်ထုတ်နိုင် ဖို့ မျှော်လင့်ကြောင်း လူ့အခွင့်အရေး အကျိူးဆောင်ရှေ့နေကြီး ဦးရောဘတ်ဆန်းအောင်က ပြောပါတယ်။

"မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေက အခုကျနော်တို့ အစိုးရသစ် သက်တမ်းနုနေသေးတဲ့ ကာလမှာ ဘက်ပေါင်းစုံကနေပြီး ထိုးနှက် တိုက်ခိုက်နေတာတွေရှိပါတယ်။ လူ့အခွင့်အရေးနဲ့ပတ်သက်ပြီး အစီရင်ခံမယ့်ပုဂ္ဂိုလ်ဟာ မြန်မာနိုင်ငံကို လာရောက်ခြင်းဟာ မြန်မာနိုင်ငံ လက်ရှိ တည်ဆဲNLD အစိုးရရဲ့ ဂုဏ်သိက္ခာကို ပိုမိုပြီးတော့ မြှင့်တင်ပေးနိုင်မယ် သတင်းအစစ်မှန်တွေကိုလည်း ကုလသမဂ္ဂက ကြားနိုင်မယ့် အနေအထားမျိုးဖြစ်တဲ့အတွက် ကျနော်တို့က လူ့အခွင့်အရေးအစီရင်ခံစာ တင်သွင်းမယ့် ပုဂ္ဂိုလ်လာမှာကို ကြိုဆိုသင့်ကြိုဆိုထိုက်တယ်လို့ပဲ ကျနော်ကမြင်ပါတယ်။ နောက်တချက်က ဒီလူ့အခွင့်အရေးချိုးဖောက်မှုကို ဘယ်ဘက်က ကျူးလွန်တယ်ဆိုတာကို ပိုမိုပီပြင်စွာ ဆက်လက်ပြီးတော့ ဖော်ထုတ်နိုင်ဖို့ အတွက် သမိုင်းဆိုင်ရာ လိုအပ်ချက်အနေနဲ့ လူ့အခွင့်အရေး အစီရင်ခံစာ တင်သွင်းမယ့်ပုဂ္ဂိုလ်ကို ဆက်လက်ထားရှိသင့်သေးတယ်လို့ ကျနော့်အနေနဲ့ကတော့ ရိုးသားစွာမြင်မိပါတယ်။"

တိုက်ပွဲတွေဖြစ်နေတဲ့ ကချင်ပြည်နယ်ဘက်မှာဆိုရင် လုံခြုံမှုမရှိပဲ အမြဲ စိုးရိမ်နေရကြောင်း ဒေသခံ တွေကပြောပါတယ်။ အထူးသဖြင့် စစ်ပြေးဒုက္ခသည်တွေရဲ့စခန်းတွေမှာ အခြေအနေတွေ ဆိုးရွားနေပြီး လူသားချင်းစာနာမှုအကူအညီတွေ အထူးလိုအပ်နေကြောင်း ဒုက္ခသည်အရေး ကူညီဆောင်ရွက်ပေးနေသူတွေက အစဉ်တစိုက် ထောက်ပြနေကြတာပါ။

ဒါကြောင့် (၅)နှစ်ကြာရှိနေတဲ့ စစ်ပြေးဒုက္ခသည်တွေစခန်းတွေအတွက် ဆက်ပြီး လိုအပ်နေတဲ့ အကူအညီတွေ အမြန်ဆုံးရရှိအောင် Yanghee Lee ရဲ့ ခရီးစဉ်ကနေ ဆောင်ရွက်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း Htoi Gender အဖွဲ့အစည်း တာဝန်ခံ နန်ပုက ပြောပါတယ်။

" များသောအားဖြင့် ဒီကုလသမဂ္ဂက လာတဲ့ကိုယ်စားလှယ်တွေက ရိုဟင်ဂျာအရေးကိုပဲ Highlights လုပ်ပြီးတော့ ရိုဟင်ဂျာ အရေးကိုပဲ ဖြေရှင်း မှုတွေ ပေးတယ်ပေါ့နော်။ IDP တွေဆိုရင် အများကြီးပဲ ဒုက္ခရောက်တယ်။IDP ဘဝကနေပြီးတော့ ထပ်ပြီးတော့ အထုပ်ပိုက်ပြီး ပြေးနေရတဲ့ အခြေအနေ၊ အခုဆိုရင် မိုးအရမ်းရွာနေတဲ့ကြားထဲမှာလေ သူတို့တွေ ဘယ်နေရာမှာ ဘယ်လို ခိုလှုံပြီးတော့နေကြမလဲဆိုတာက အရမ်းပဲ ရင်လေးစရာဖြစ်တာပေါ့။ အဲ့တာကြောင့်မို့လို့ ကုလသမဂ္ဂကလည်းပဲ တိုင်းရင်းသားအရေးတွေ IDP အရေးတွေကိုလည်း များများ ထည့်သွင်းစဉ်းစားပြီးတော့ သူတို့တွေ အမြန်ဆုံးငြိမ်းချမ်းရေးဖော်ဆောင်မှုမှာ ခိုင်မာတဲ့ငြိမ်းချမ်းရေး ရအောင် ဖြေရှင်းသွားဖို့ရန်ကိုလည်း ကျမတို့ အများကြီးမျှော်လင့်တယ်။"

ဒါအပြင် Yanghee Lee နဲ့ တွေ့ဆုံခွင့်ရပြီး အခြေအနေမှန်တွေကို တင်ပြခွင့်ရဖို့ မျှော်လင့်ထားကြောင်း နန်ပုက ပြောပါတယ်။

" ကျမတို့အနေနဲ့ကတော့ အခြေအနေမှန်ကို ပြောချင်တယ်။ ကျမတို့ ကချင်ဒေသက အခြေအနေတွေကို သူ့ရဲ့ Report ထဲမှာ ထည့်နိုင်အောင်လို့ ကျမတို့ကတော့ တောင်းဆိုသွားရမယ်။ သူလည်း ကျမတို့ တောင်းဆိုတဲ့အတိုင်း လုပ်ပေးမယ်လို့ မျှော်လင့်တယ်ပေါ့ လွန်ခဲ့တဲ့အချိန်မှာလည်း သူကတိပေးသွားတဲ့ အတိုင်း ထည့်ပြောသွားတယ်ပေါ့နော်။ State Level မှာလည်း အမျိုးသမီးတက်ကြွလှုပ်ရှားသူတွေ ကျွမ်းကျင်သူတွေရှိပါတယ်ပေါ့နော် အခုဆိုရင် သူပြောတော့ ၃၀% နဲ့ပတ်သက်ပြီးတော့ Peace Process မှာလည်း လက်ခံလာတယ်။ လက်နက်ကိုင်တွေဘက်ကတော့ ၃၀%ကို လက်ခံလာတာ တွေ့ရတာပေါ့။"

အစိုးရရဲ့ဖိတ်ကြားချက်နဲ့ ဇန်နဝါရီလ (၉)ရက်နေ့ကနေ (၂၀)ရက်နေ့ထိ ၁၂ ရက်ကြာခရီးစဉ် အတွင်း အထောက်အကူဖြစ်စေဖို့ သူ ဦးစားပေး သွားရောက်မယ့် ဒေသတွေမှာ လိုအပ်မယ့်အကူအညီတွေ အပါအဝင် အပြန်အလှန်လေးစားလိုက်နာမယ့် သဘောတူညီချက်တွေကို မြန်မာအစိုးရကို Yanghee Lee ကြိုတင်ပြီး တင်ပြထားကြောင်း မနေ့ သောကြာနေ့က ထုတ်ပြန်တဲ့ ကုလသမဂ္ဂဆိုင်ရာ လူ့အခွင့်အရေးကောင်စီ ရဲ့ သတင်းက ဆိုပါတယ်။

သူရဲ့ ငါးကြိမ်မြောက် ခရီးစဉ်မှာ ကချင်ပြည်နယ်က မြစ်ကြီးနား၊ ဖားကန့်နဲ့ လိုင်ဇာ၊ ရခိုင်ပြည်နယ်က စစ်တွေ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်းတောမြို့တွေ အပြင် နေပြည် တော်နဲ့ ရန်ကုန်မြို့တွေ ကိုလည်းသွားဖို့ စီစဉ်ထားပါတယ်။ ဒီခရီးစဉ်က စုံစမ်းသိရှိချက်တွေကို မတ်လမှာကျင်းပမယ့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ညီလာခံမှာ အစီရင်ခံစာတင်သွင်းမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG