သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြင်သစ်တိုက်ခိုက်မှု သေနတ်သမားအနီး IS ကို ချီးကျူးစာတွေ့ရှိ


ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့နေရာ။ (ဧပြီ ၂၁-၂၀၁၇)
ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့နေရာ။ (ဧပြီ ၂၁-၂၀၁၇)

ပြင်သစ်နိုင်ငံ ပါရီမြို့တော်မှာ ရဲတပ်ဖွဲ့ဝင်တဦး သေဆုံးခဲ့တဲ့ ပစ်ခတ်မှုကျုးလွန်သူအဖြစ် သံသယရှိတဲ့ သေနတ်သမားရဲ့ အလောင်းအနီး IS စစ်သွေးကြွအဖွဲ့ကို ချီးကျုးဂုဏ်ပြုထားတဲ့ စာတစောင်ကို တွေ့ရှိခဲ့ကြောင်း၊ စုံစမ်းစစ်ဆေးမှုနဲ့ နီးစပ်သူတွေက ပြောပါတယ်။ IS စစ်သွေးကြွ အဖွဲ့ကတော့ သေနတ်သမားဟာ ဘယ်လ်ဂျီယံနိုင်ငံသား Abu Yussef ဆိုသူဖြစ်ကြောင်း သတင်းထုတ်ပြန်ထားတာပါ။

ပါရီမြို့တော် ရဲတပ်ဖွဲ့ကတော့ သေနတ်သမား ဘယ်သူဆိုတာ သိရှိထားပြီးဖြစ်ကြောင်း ပြောဆိုခဲ့ပေမဲ့ အတိအကျ ထုတ်ဖော် ပြောဆိုခြင်း မရှိသလို၊ IS အဖွဲ့ဝင် ဟုတ်-မဟုတ် ဆိုတာကိုလည်း ပြောဆိုတာမျိုး မရှိပါဘူး။ ပြင်သစ်မီဒီယာတွေမှာတော့ သေနတ်သမားဟာ ၂၀၀၀ ပြည့်လွန်တုန်းက ရဲတွေကို ပစ်ခတ်ခဲ့မှုနဲ့ ထောင်ဒဏ်ကျခံခဲ့ဖူးတဲ့ အသက် ၃၉ နှစ်အရွယ် Seine-et-Marne အရပ်မှာ နေထိုင်သူတဦးဖြစ်ကြောင်း ဖော်ပြနေကြပါတယ်။ အမေရိကန်သမ္မတ Donald Trump ကတော့ တိုက်ခိုက်မှုဟာ ပြင်သစ်သမ္မတ ရွေးကောက်ပွဲကို ထိခိုက်နိုင်ကြောင်း Twitter လူမှုကွန်ယက်ကနေ မှတ်ချက်ပေးခဲ့ပါတယ်။

ပြင်သစ်နိုင်ငံ ပါရီမြို့တော်က အထင်ကရ Champs-Elysees လမ်းမကြီးပေါ်မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုနဲ့ ဆက်နွယ်ပြီး အလိုရှိနေတဲ့ ဘယ်လ်ဂျီယံနိုင်ငံသား တဦးဟာ Antwerp မြို့မှာ လာရောက် အဖမ်းခံခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။ အကြမ်းဖက် တိုက်ခိုက်မှုမှာ နံပတ်တစ် အလိုရှိနေသူအဖြစ် သူ့ကိုယ်သူ အင်တာနက် လူမှုကွန်ယက်တွေမှာ တွေ့ခဲ့ပြီးနောက် မနေ့နှောင်းပိုင်းမှာ လာအဖမ်းခံခဲ့တာဖြစ်ကြောင်း ဘယ်လ်ဂျီယံ တရားလိုရှေ့နေရုံးက ပြောဆိုခဲ့တာပါ။

သံသယရှိသူနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ၊ တိုက်ခိုက်မှုနဲ့ ဆက်နွယ်တဲ့ နောက်ထပ် အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။ ဖက်ရှင်ပစ္စည်းဆိုင်တွေ၊ စားသောက်ဆိုင်တွေကြောင့် မြို့ခံတွေနဲ့ ကမ္ဘာလှည့် ခရီးသွားတွေကြား ရေပမ်းစားတဲ့ Champs-Elysees လမ်းမကြီး နေရာတော်တော်များများကို မနေ့တုန်းက ပိတ်ထားခဲ့ရပေမဲ့ ဒီကနေ့မှာတော့ အခြေအနေဟာ ပုံမှန်အတိုင်း လည်ပတ်စပြုနေပါပြီ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG