သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီးယူ စာနာမှု မဟာမင်းကြီး ရခိုင်ရောက်


အီးယူ ဥရောပသမဂ္ဂရဲ့ စာနာမှုအကူအညီပေးရေးနဲ့ ပဋိပက္ခ ဖြေရှင်းရေးဆိုင်ရာ မဟာမင်းကြီး Christos Stylianides
အီးယူ ဥရောပသမဂ္ဂရဲ့ စာနာမှုအကူအညီပေးရေးနဲ့ ပဋိပက္ခ ဖြေရှင်းရေးဆိုင်ရာ မဟာမင်းကြီး Christos Stylianides

အီးယူ ဥရောပသမဂ္ဂရဲ့ စာနာမှုအကူအညီပေးရေးနဲ့ ပဋိပက္ခ ဖြေရှင်းရေးဆိုင်ရာ မဟာမင်းကြီး Christos Stylianides ဟာ မြန်မာအစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး စာနာမှု အကူအညီပေးရေးဆိုင်ရာ မြေပြင် အခြေ အနေတွေကို လေ့လာဖို့အတွက် မြန်မာနိုင်ငံမှာ မေလ ၁၂ ရက်ကနေ ၁၄ ရက်နေ့အထိ အလည်အပတ် ရောက်ရှိနေပါတယ်။

Stylianides ဟာ ရခိုင်ပြည်နယ်အတွင်းက စာနာမှု လိုအပ်နေတဲ့ အခြေအနေတွေကို ကိုယ်တိုင် လေ့လာနိုင်ဖို့အတွက် စစ်တွေမြို့ကို စနေနေ့ နှောင်းပိုင်းက ရောက်ရှိ လာကြောင်း ပြည်နယ်အစိုးရ အရာရှိတွေက ပြောပါတယ်။ မဟာမင်းကြီးအနေနဲ့ အီးယူရဲ့ စာမှုအကူအညီပေးရေးဆိုင်ရာ စီမံကိန်းတွေကို တနင်္ဂနွေနေ့မှာ သွားရောက် လေ့လာမှာ ဖြစ်ပါတယ်။

အီးယူ နိုင်ငံခြားမူဝါဒရေးရာ အကြီးအကဲ Federica Mogherini ၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့နဲ့ မစ္စတာ Stylianides တို့ မေလ ၂ ရက်နေ့မှာ တွေ့ဆုံပြီးတဲ့နောက် အီးယူ မဟာမင်းကြီး တဦးအနေနဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းကို ပထမဆုံး သွားရောက်ဖို့ သဘောတူညီမှု ရရှိခဲ့တာ ဖြစ်ပါတယ်။

မေလ ၁၂ ရက်နေ့က မြန်မာနိုင်ငံကို ရောက်လာတဲ့ မဟာမင်းကြီး Stylianides က မြန်မာနိုင်ငံကို အီးယူက စာနာမှု အကူအညီအသစ်တွေ ထပ်ပေးမယ့်အကြောင်း ကြေညာခဲ့ပါတယ်။

အီးယူအနေနဲ့ မြန်မာနိုင်ငံကို မေ့မထားကြောင်း၊ ဒါကြောင့်လည်း မြန်မာနိုင်ငံအတွက် စာနာမှု အကူအညီတွေနဲ့ ဘေးအန္တရာယ် လျှော့ချရေးဆိုင်ရာ အကူအညီအတွက် ယူရို ၁၂ သန်း အကူအညီပေးဖို့ စီစဉ်ထားကြောင်း၊ အခုပေးမယ့် အကူအညီ အသစ်တွေ ကနေ ဘေးဒုက္ခ ရင်ဆိုင်နေရသူတွေအတွက် အသက်ကယ်နိုင်မယ့် လုပ်ငန်းတွေနဲ့ သဘာဝဘေးအန္တရာယ်တွေကို ရင်ဆိုင်ရေးအတွက် အထောက်အကူ ပြုမှာ ဖြစ်ကြောင်း မဟာမင်းကြီး Stylianides က ပြောပါတယ်။

အခုပေးမယ့် အီးယူရဲ့ အကူအညီအသစ်ထဲက ယူရို ၉ သန်းကိုတော့ - ရခိုင်၊ ရှမ်းနဲ့ ကချင်ပြည်နယ်တွေအတွင်း ပဋိပက္ခဖြစ်နေတဲ့ ဒေသတွေမှာရှိနေတဲ့ လူမှု အသိုင်းအဝိုင်းတွေ အတွက် စာနာမှုအကူအညီတွေ တိုက်ရိုက် ပေးသွားမှာဖြစ်ပါတယ်။ ကျန်တဲ့ ယူရို ၃ သန်းကိုတော့ သဘာဝဘေးအန္တရာယ် ဒဏ်လျှော့ချရေး လုပ်ငန်းတွေမှာ အသုံးပြုသွားမှာ ဖြစ်ပါတယ်။

အီးယူက အခု မြန်မာနိုင်ငံကို ပေးတဲ့ အကူအညီအသစ်တွေဟာ တောင်နဲ့ အရှေ့အာရှ ဒေသအတွက် အီးယူက ပေးဖို့ရှိတဲ့ ယူရို ၂၇ သန်းထဲက တစိတ် တဒေသလည်း ဖြစ်ပါတယ်။

မဟာမင်းကြီး Stylianides ဟာ ရခိုင်ပြည်နယ်ကို ခရီး မဆက်ခင် နေပြည်တော်မှာ ပြည်ထောင်စုဝန်ကြီးတွေနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG