ကမ္ဘာတဝှမ်း ဒုက္ခသည်အရေအတွက်ဟာ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်မှာ ၆၅ သန်းကျော်အထိ ရှိခဲ့ပြီး၊ ဒါဟာဆိုရင် ၂၀၁၄ ခုနှစ်ကထက် ၆ သန်းနီးပါး တိုးလာတာဖြစ်တဲ့အကြောင်း ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးရုံး (UNHCR) က ဒီကနေ့ ကျရောက်တဲ့ ကမ္ဘာ့ဒုက္ခသည်များနေ့မှာ ပြောဆိုလိုက်ပါတယ်။
ကမ္ဘာပေါ်က လူ ၁၁၃ ယောက်မှာ တယောက်ဟာ အိုးအိမ်စွန့်ခွာနေထိုင်ရတာ၊ ဒါမှမဟုတ် ဒုက္ခသည်အဖြစ် ရောက်နေတယ်လို့လည်း ကုလသမဂ္ဂရဲ့ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Filippo Grandi က ပြောပါတယ်။
မြေထဲပင်လယ်ကို ဖြတ်သန်းပြီး ဥရောပမှာ အခြေချနိုင်ဖို့ ဒုက္ခသည်တွေ ကြိုးစားနေကြတာဟာ၊ အရှေ့အလယ်ပိုင်း၊ အာဖရိကနဲ့ တောင်အာရှဒေသတွေက ပဋိပက္ခတွေကို မဖြေရှင်းဘူးဆိုရင်၊ ပြဿနာတွေဟာ တခြားတိုင်းပြည်တွေကိုပါ ကူးစက်လာနိုင်တယ် ဆိုတာကို ပြသရာ ရောက်နေတာကြောင့် လက်တွေ့ကျကျ ဖြေရှင်းဖို့ လိုတယ်လို့လည်း သတိပေးခဲ့တာပါ။
ကမ္ဘာ့ဒုက္ခသည်ဦးရေရဲ့ ၃ ပုံ ၁ ပုံ ဖြစ်တဲ့ လူပေါင်း ၂၁.၃ သန်းဟာ ဆီးရီးယား၊ အာဖဂန်နစ္စတန်၊ တောင်ဆူဒန်နဲ့ ဘူရွန်ဒီနိုင်ငံတွေက ပဋိပက္ခတွေကနေ ထွက်ပြေးလာကြသူတွေ ဖြစ်တယ်လို့လည်း UNHCR က ပြောပါတယ်။
ဒုက္ခသည်ဦးရေ မြင့်တက်လာတဲ့ ပြဿနာကို ဖြေရှင်းရမယ့် အဓိကနည်းလမ်းဟာ လက်ရှိဖြစ်ပွါးနေတဲ့စစ်ပွဲတွေ၊ ပဋိပက္ခတွေကို နိုင်ငံရေးနည်းအရ ဖြေရှင်းဖို့ဖြစ်တယ် လို့လည်း NRC နော်ဝေဒုက္ခသည် ကောင်စီက ပြောပါတယ်။
ကမ္ဘာပေါ်မှာ ဖြစ်ပွါးနေတဲ့ အဲဒီအဆိုးရွားဆုံးစစ်ပွဲတွေထဲမှာ ၅ နှစ်ကြာ ဆီးရီးယားပြည်တွင်း စစ်လည်း ပါဝင်ပြီး ဒီစစ်ပွဲကြောင့် လူဦးရေ ၁၂ သန်းနီးပါးဟာ နေရပ်ကနေ စွန့်ခွါထွက်ပြေးရတယ်လို့ NRC အကြီးတန်းအရာရှိ Paal Nesse က VOA ကိုပြောပါတယ်။