သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်အမေရိကတိုက်အထိ ရှောင်ပြေးလာတဲ့ ရုရှားရွှေ့ပြောင်းတချို့


အာဂျင်တီးနားနိုင်ငံ Buenos Aires မြို့
အာဂျင်တီးနားနိုင်ငံ Buenos Aires မြို့


ယူကရိန်းကို ရုရှားက ကျူးကျော်တဲ့စစ်ပွဲ ၂ နှစ်ကျော် ကာလအတွင်း ၊ ရုရှားကနေ ရှောင်တိမ်း စွန့်ခွာလာကြတဲ့ မိသားစုတွေဟာ တောင်အမေရိကတိုက် နိုင်ငံတချို့မှာ လာရောက် အခြေချနေထိုင်တာတွေ ပိုများ လာနေပါတယ်။ ရိုက်တာသတင်းတပုဒ်ကို အခြေခံပြီး ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။


ယူကရိန်းကိုကျူးကျော်စစ်ကြောင့် ရုရှားကနေ ရှောင်တိမ်းလာတဲ့ ရုရှားနိုင်ငံသား Ilia Gafarov ဟာ ခုတော့ အာဂျင်တီးနားနိုင်ငံ Buenos Aires မြို့မှာ နေထိုင် အလုပ်လုပ်နေသူပါ။ သူက "banya"လို့ ခေါ်တဲ့ ရုရှားရိုးရာ ချွေးထုတ်ခန်း Sauna တွေကို လိုက်ဆောက်ပေးနေပါတယ်။ နိုင်ငံရေး အကြောင်းတခုခုကြောင့် ရုရှားကနေ ထွက်လာခဲ့သူတွေဟာ သူတို့ ရောက်နေတဲ့ နိုင်ငံတွေမှာပဲ အခြေချလိုက်ကြဖို့က များပါတယ်။ Gafarov နဲ့အတူ သူ့ဇနီးနဲ့ ကလေး ၂ ယောက်တို့ဟာ ရုရှားအရှေ့ဘက်ခြမ်း Vladivostok ဗလာဒီဗော့စတော့ ဆိပ်ကမ်းမြို့ကနေ အာဂျင်တီးနားကို ရောက်လာတာ ၉ လလောက် ရှိနေပါပြီ။

ရုရှားရဲ့ကျူးကျော်စစ် ၃ နှစ်ထဲ ဝင်လာချိန်မှာ တောင်အမေရိကတိုက် နိုင်ငံတချို့မှာ အခြေချနေထိုင်ဖို့ ကြိုးပမ်းလာတဲ့ ရုရှားတွေ အတော် များလာတာပါ။ အရင်က လူတွေသိပ်မသိသေးတဲ့ အခြေချနေထိုင်ခွင့် ဗီဇာမျိုးကို လက်တင်အမေရိက နိုင်ငံ ၅ ခုက ထုတ်ပေးနေတာကြောင့်ဖြစ်တယ်လို့ အကဲခတ်တွေနဲ့ ပြည်ပထွက်ပြေးလာတဲ့ ရုရှားတဒါဇင်ကျော်ကို ရိုက်တာက မေးမြန်းချက်တွေအရ သိရပါတယ်။

ဟန်ဂေရီရောက် ယူကရိန်းဆပ်ကပ်လူငယ်များ
please wait

No media source currently available

0:00 0:02:57 0:00

Gafarov က သူ့အနာဂတ်ရေးကို ပြောပြပါတယ်။

" ကျနော်တို့မှာ ပါလာတဲ့ ငွေအများစုကို ဒီနိုင်ငံက စီးပွားရေးလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံသွားမှာပါ။ ပြီးရင် နိုင်ငံသားဖြစ်အောင် တရားဝင် နည်းလမ်းတွေအရ ထပ်လျှောက်ဖို့ ရှိပါတယ်။ "

ပြီးခဲ့တဲ့နှစ်အတွက် ထုတ်ပြန်ထားတဲ့ စာရင်းတွေကို ပြန်ကြည့်ရင် အာဂျင်တီးနား၊ မက္ကဆီကို၊ ဘရာဇီး၊ ဥရုဂွေးနဲ့ ပါရာကွေး စတဲ့ တောင်အမေရိက နိုင်ငံတွေက ရုရှားလူမျိုး (၉,၀၀၀)လောက်ကို ယာယီ ဒါမှမဟုတ် အမြဲတမ်း နေထိုင်ခွင့်ဗီဇာ ထုတ်ပေးခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၄ နှစ် ၂၀၂၀ ခုနှစ်တုန်းကဆိုရင်တော့ ရုရှားနိုင်ငံသား (၁,၀၀၀)ကျော်လောက်ကိုသာ အဲဒီ ၅ နိုင်ငံက အမြဲတမ်းနေထိုင်ခွင့်ဗီဇာ ထုတ်ပေးခဲ့တာပါ။ တောင်အမေရိက နိုင်ငံတွေမှာ လူနေမှုဘဝ ကုန်ကျစရိတ် သက်သာတာ ၊ ရာသီဥတု ကောင်းမွန်တာ၊ နိုင်ငံတကာရဲ့ ဒဏ်ခတ်အရေးယူမှုကနေ လွတ်ကင်းနိုင်တာ၊ ဒါတွေက ရုရှားနိုင်ငံသားတွေ ဒီကို တိမ်းရှောင်ချင်လာအောင် ဆွဲဆောင်နေပါတယ်။ ဒါ့အပြင် ဗီဇာစည်းမျည်းတွေ မတင်းကြပ်တာ ၊ နိုင်ငံသား ခံယူချင်တယ်ဆိုရင်တောင် အလွယ်တကူရနိုင်တဲ့ အချက်တွေလည်း ရှိပါတယ်။

စီးပွားရေး အတိုင်ပင်ခံတဦးဖြစ်သူ Tatiana Kalabukhova ဟာ ယူကရိန်းနယ်စပ်နဲ့နီးတဲ့ Rostov-on-Don ရုရှားမြို့လေးကနေ ပြီးခဲ့တဲ့ ဒီဇင်ဘာလကမှ မက္ကဆီနိုင်ငံကို ရောက်လာပြီး ယာယီနေထိုင်ခွင့် ရထားသူပါ။

" ဒီမှာ လူတွေက အရမ်း ပွင့်လင်းတာပဲ။ မက္ကဆီကို နိုင်ငံသားတွေဟာ ယေဘူယျအားဖြင့် .. အတော်လေး သဘောကောင်းကြပါတယ်။ လူတွေကလည်း နှစ်လိုဖွယ် ကောင်းသလို ၊ ကူညီလိုစိတ်လည်း ရှိကြပါတယ်။ ဒီမှာနေရတာ စိတ်ချမ်းသာမိပါတယ်။ နောက်ပြီး မက္ကဆီကိုနဲ့ရုရှား ယဥ်ကျေးမှုတွေက နည်းနည်း ဆင်တူသလိုပဲ ၊ အနည်းဆုံးတော့ စိတ်နေသဘောထားချင်း တူကြပါတယ်။ "

အခြား ရုရှားနိုင်ငံသားတွေ အမေရိကန်နဲ့ ဥရောပဘက်ကို အလည်ပတ်သွားတာ၊ အခြေချနေထိုင်ဖို့ ကြိုးစားတာတွေ ရှိပေမဲ့ ယူကရိန်းစစ်ပွဲ ဖြစ်လာပြီးနောက်ပိုင်း ရုရှားဆန့်ကျင်တဲ့လုပ်ရပ်တွေကို ကြုံလာရပါတယ်။ ရုရှားနိုင်ငံသားတွေ တောင်အမေရိကားကို သွားလည်မယ်ဆိုရင် နိုင်ငံအများစုက လေဆိပ်အဝင်မှာပဲ ရက်(၉၀)ဗီဇာ ပုံမှန် ထုတ်ပေးလေ့ ရှိပါတယ်။ ယူကရိန်းကို ရုရှားက ကျူးကျော်တိုက်ခိုက်တဲ့လုပ်ရပ်ကို တောင်အမေရိက နိုင်ငံအများစုက ရှုတ်ချပေမယ့် ယူကရိန်းကို လက်နက်ထောက်ပံ့နေတာမျိုးတော့ မရှိပါဘူးခင်ဗျား။

Forum

XS
SM
MD
LG