သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ခေါင်းဆောင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည် သီးခြားတွေ့ဆုံ


 တရုတ်သမ္မတ ရှီ နဲ့ ဒေါ်အောင်ဆန်းစုကြည်
တရုတ်သမ္မတ ရှီ နဲ့ ဒေါ်အောင်ဆန်းစုကြည်

မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး ကြိုးပမ်းမှုတွေကို တရုတ်အစိုးရက ဆက်လက် ထောက်ခံ အားပေး သွားမယ့်အကြောင်း တရုတ်သမ္မတ ရှီကျင်းဖျင်က ဒီကနေ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံချိန်မှာ ပြောဆိုသွားပါတယ်။

နှစ်နိုင်ငံ နယ်စပ် တည်ငြိမ်ရေးအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းတွေက ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်သွားဖို့ကိုလည်း မစ္စတာ ရှီက တိုက်တွန်းခဲ့တဲ့ အကြောင်း တရုတ်အစိုးရသတင်းမှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့မတ်လတုန်းက နယ်စပ်တိုက်ပွဲတွေကြောင့် မြန်မာနိုင်ငံဘက်ခြမ်း ကနေ တရုတ်နိုင်ငံကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ ဒုက္ခသည်တွေ ထောင်နဲ့ချီ ရှိခဲ့တာကြောင့် မြန်မာတပ်ဖွဲ့တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေကြား အပစ်အခတ်ရပ်စဲရေး ရယူဖို့ တရုတ်အစိုးရက တိုက်တွန်းခဲ့သလို၊ နယ်စပ်ဒေသမှာ စစ်ရေးလေ့ကျင့်မှုတခုလည်း လုပ်ခဲ့ပါ သေးတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ်နိုင်ငံ မှာ နှစ်ရက်တာကျင်းပတဲ့ ၂၁ ရာစု ခေတ်သစ် ပိုးလမ်းမကြီးနဲ့ ကုန်သွယ်ရေး ခါးပတ်လမ်းမကြီး စီမံကိန်း နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး နှီးနှောဖလှယ်ပွဲကို တက်ရောက်ခဲ့ပြီးတဲ့ နောက် တရုတ်သမ္မတ ရှီနဲ့ရော တရုတ်ဝန်ကြီးချုပ် Li Keqiang နဲ့ပါ သီးခြားစီ တွေ့ဆုံခဲ့တာပါ။ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာ ၅ ခု လက်မှတ်ရေးထိုးတဲ့ အခမ်းအနားကိုလည်း ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီရို ဂူတာရက်စ်နဲ့လည်း မနေ့က ညနေပိုင်းက တွေ့ဆုံပြီး မြန်မာနိုင်ငံရဲ့ ပြန်လည်ရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ အကြောင်း ဆွေးနွေးခဲ့သလို၊ မြန်မာနိုင်ငံမှာ မကြာခင် ကျင်းပမယ့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ (၂၁) ရာစု ပင်လုံ ဒုတိယ အစည်းအဝေးကို တက်ရောက်ဖို့လည်း ထပ်မံ ဖိတ်ကြားခဲ့တဲ့ အကြောင်း မြန်မာနိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

တရုတ်အစိုးရ ဦးဆောင်ပြီး ၂၁ ရာစု ခေတ်သစ် ပိုးလမ်းမကြီးနဲ့ ကုန်သွယ်ရေး ခါးပတ်လမ်းမကြီး စီမံကိန်း နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး နှီးနှော ဖလှယ်ပွဲကိုတော့ မြန်မာအပါအဝင် နိုင်ငံပေါင်း ၃၀ ကျော်က အစိုးရအကြီးအကဲတွေ၊ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG