သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမဂ္ဂမြက်ခင်းပြင်ပေါ်က ဆောက်လုပ်ရေး ဗကသ ဆန္ဒပြကန့်ကွက်


သမဂ္ဂမြက်ခင်းပြင်ပေါ်က ဆောက်လုပ်ရေး ဗကသ ဆန္ဒပြကန့်ကွက် (All Burma Federation of Student Unions - Photo credit-Phyo Dana)
သမဂ္ဂမြက်ခင်းပြင်ပေါ်က ဆောက်လုပ်ရေး ဗကသ ဆန္ဒပြကန့်ကွက် (All Burma Federation of Student Unions - Photo credit-Phyo Dana)

ရန်ကုန်တက္ကသိုလ်ဝင်းတွင်းက တကသကျောင်းသားသမဂ္ဂ အဆောက်အအုံဟောင်းနေရာကို ကျောင်းသားသမဂ္ဂမျိုးဆက်အသီးသီးရဲ့ဆန္ဒ္ဒ သဘောထားမပါပဲ မည်သည့်အဆောက်အဦးကိုမျှ ဆောက်လုပ်ခွင့်မရှိဘူးလို့ ဗကသများအဖွဲ့ချုပ်က ပြောဆိုလိုက်ပါတယ်။ သမဂ္ဂအဆောက်အဦးနေရာမှာ ဆောက်လုပ်ရေးလုပ်ငန်းတွေကို လုပ်တာကို ကန့်ကွက်တဲ့အနေနဲ့ သမဂ္ဂမြက်ခင်းပြင်မှာ ဗကသကျောင်းသားတွေ ငြိမ်းချမ်းစွာ စုဝေးမှုကနေ တောင်းဆိုလိုက်တာပါ။ တကသအဆောက်အအုံပြန်လည်တည်ဆောက်ရေးကော်မီတီ ဖွဲ့စည်းရေးအဖွဲ့ဘက်ကတော့ အခုလို တကသအဆောက်အဦးဟောင်းနေရာမှာ ဆောက်လုပ်နေတယ်ဆိုတဲ့ဆောင်ရွက်နေမှုတွေကို ခေတ္တရပ်ဆိုင်းပေးဖို့NLD ဘက်က ရန်ကုန်တိုင်းအစိုးရကို မေတ္တာရပ်ခံထားတယ်လို့ ပြောပါတယ်။ အသေးစိတ် ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန်က ပြောပြပေးပါမယ်။

မြန်မာ့နိုင်ငံရေးမှာ သမိုင်းမှတ်တိုင် အထင်ကရ သင်္ကေတတခုဖြစ်တဲ့ တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ (တ.က.သ) အဆောက်အအုံ ပြန်လည် တည်ဆောက်ဖို့ ဆိုပြီး ပြီးခဲ့တဲ့သီတင်းပတ်တုန်းက ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းအပါအဝင် ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝင်တွေ၊ ၈၈မျိုးဆက်ကျောင်းသားတချို့၊ တကသကျောင်းသားတချို့နဲ့ NLD ပါတီခေါင်းဆောင်ပိုင်းက ပါဝင်တဲ့ တကသအဆောက်အအုံပြန်လည်တည်ဆောက်ရေးနဲ့ပတ်သက်လို့ NLD ပါတီရုံးချုပ်မှာ ဆွေးနွေးခဲ့ကြပါတယ်။ဒီလိုမျိုး တကသ အဆောက်အအုံ ပြန်လည် တည်ဆောက်ရေးနဲ့ ပတ်သက်လို့ ဖြစ်မြောက်ရေး ကော်မတီတရပ် ဖွဲ့စည်းနိုင်ဖို့အတွက် ဆွေးနွေးကြတဲ့အပေါ် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဗကသမျိုးဆက်အသီးသီး စုဝေးပြီး မနေ့တနင်္ဂနွေနေ့တုန်းက စုဝေးပြီး ကျောင်းသားသမဂ္ဂအဆောက်အဦးနဲ့ပတ်သက်လို့ ကျောင်းသားမျိုးဆက်တွေရဲ့ ဆန္ဒသဘောထား အညီ ဆောင်ရွက်ဖို့ တောင်းဆိုခဲ့ကြပါတယ်။

ကျောင်းသားမျိုးဆက်တွေကြား တကသအဆောက်အဦးပြန်လည်တည်ဆောက်ရေးနဲ့ပတ်သက်ပြီး အဲ့သလိုအခြေအတင်ဆွေးနွေးမှုတွေရှိနေချိန်မှာပဲ တနင်္ဂနွေနေ့ညပိုင်းမှာ ရန်ကုန်တက္ကသိုလ်ဝင်းအတွင်းက သမဂ္ဂမြက်ခင်းပြင်နေရာမှာ အဆောက်အအုံဆောက်လုပ်မှုတချို့ကို ညကြီးမင်းကြီးဆောင်ရွက်နေတာတွေ လုပ်ဆောင်လာတဲ့အတွက် ကျောင်းသားမျိုးဆက်တွေဘက်က သို့လော သို့လော မေးခွန်းတွေထုတ်ပြီး မကျေနပ်ချက်တွေ ဖြစ်လာကြပါတယ်။

ဒီကနေ့မှာတော့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် က ဦးဆောင်ပြီး ဒီလို တကသ သမဂ္ဂအဆောက်အဦးမြေနေရာမှာ အာဏာသုံးပြီး ကော်မတီရုံးခန်းဆောက်လုပ်ခြင်းကို ကန့်ကွက်တဲ့အနေနဲ့ သမဂ္ဂမြက်ခင်းပြင်မှာ ငြိမ်းချမ်းစွာစုဝေးမှုတရပ်ကျင်းပခဲ့ပါတယ်။ ဒီစုဝေးမှုကနေ ဗကသကျောင်းသားမျိုးဆက်တွေရဲ့တောင်းဆိုချက်တွေကိုတော့ သမဂ္ဂမြက်ခင်းပြင်မှာ ရောက်ရှိနေတဲ့ ဗကသများအဖွဲ့ချုပ်အတွင်းရေးမှူးအဖွဲ့ဝင် ကိုအောင်ထက်အောင် က အခုလိုပြောပါတယ်။

“ဒီနေရာက သမိုင်းနေရာဖြစ်တယ် အဲဒီတော့ ဒီနေရာကို တစုံတရာပြုလုပ်မယ်ဆိုရင် သမဂ္ဂအသီးသီးရဲ့သဘောထားတွေကို တောင်းခံဖို့လိုတယ်ပေါ့နော် ဦးစွာပထမ။ သမဂ္ဂအသီးသီး ရဲ့သဘေားထားတွေမပါပဲနဲ့ ဘာတခုမှ ဆက်လက်မဆောင်ရွက်ဖို့တော့ အရေးကြီးတယ်။ ကျောင်းသားမျိုးဆက်၊ သမဂ္ဂမျိုးဆက်အသီးသီးရဲ့ သဘောထားတွေကို နားထောင်ပါလို့ ကျနော်တို့က တောက်လျှောက်တောင်းဆိုလာတယ် အဲဒါကို အစိုးရက လစ်လျူရှု့ပြီးတော့ မနေ့ညကစပြီးတော့ သမဂ္ဂမြက်ခင်းပြင်မှာ အဆောက်အအုံတခုတည်ဆောက်လာတာကိုစလုပ်လာတယ် အဲဒါကြောင့် ကျနော်တို့က ဒီကိစ္စမဖြစ်သင့်ဘူးလို့။”

အခုလို တကသကျောင်းသားသမဂ္ဂအဆောက်အဦးမြေနေရာ သမဂ္ဂမြက်ခင်းပြင်မှာ ဆောင်ရွက်နေတဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေကို ချက်ခြင်းရပ်တန့်ပေးဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဘက်က ရန်ကုန်တိုင်းအစိုးရ ကို လှမ်းပြီးရပ်ဆိုင်းခိုင်းခဲ့တဲ့အတွက် ဆောက်လုပ်ရေးလုပ်ငန်းတွေ သက်ဆိုင်ရာဌာနက ခေတ္တရပ်ဆိုင်းထားလိုက်တယ်လို့ တကသအဆောက်အအုံ ပြန်လည်တည်ဆောက်ရေး ကော်မတီဖွဲ့စည်းရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ တကသအဆောက်အအုံ ပြန်လည်တည်ဆောက်ရေး ကော်မတီဖွဲ့စည်းရေးအဖွဲ့ဝင်တဦးဖြစ်တဲ့ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ကိုမြအေးက အခြေအနေကို အခုလိုရှင်းပြပါတယ်။

“အခုဆောက်နေတဲ့ ကိစ္စတွေကို ရပ်ဆိုင်းလိုက်ပြီဆိုပြီး အကြောင်းပြန်ကြားချက်ရပါတယ် ရပ်ဆိုင်းမယ်ဆိုတာလေနော်။အခုဆောက်တာက သမဂ္ဂအဆောက်အအုံလည်းမဟုတ်သလို၊ ကော်မတီရုံးခန်းလည်းမဟုတ်ဘူးဆိုတာလည်း ရပါတယ်။ အဲဒါက ဆိုက်ပေါ့ဗျာ၊ သမဂ္ဂမြက်ခင်းပြင်ရဲ့ ရှင်းရမယ့်ကိစ္စတွေရှိမယ်၊ အဲဒီ ဆိုက် အတွက်ကို ရုံးခန်းဆောက်တဲ့သဘောပဲ ဒါပါပဲလို့ပြောတယ်။ ဒါကတချက်ပါ အဲဒါကိုNLD ကနေပြီးတော့ ဦးဟံသာမြင့်ကိုယ်တိုင် ဖုန်းဆက်ပြီးတော့ ပြောတာပါ။ဖုန်းဆက်ပြီးတော့ လှမ်းပြီး အဲဒီကိစ္စကို ရပ်ပေးပါ ၊ ကျောင်းသားတွေ နားလည်မှုအထင်အမြင်တွေ လွဲလိမ့်မယ်ဆိုတဲ့ဟာကို ဦးဟံသာမြင့်ကိုယ်တိုင်ဖုန်းဆက်ပြီးတော့ မေတ္တာရပ်ခံတာလေ။”

မနက်ဖြန် ဖေဖော်ဝါရီလ ၂၈ရက်နေ့မှာတော့ တကသအဆောက်အအုံ ပြန်လည်တည်ဆောက်ရေး ကော်မတီဖွဲ့စည်းနိုင်ရေးနဲ့ပတ်သက်လို့ ရန်ကုန်မြို့ တော်ဝင်နှင်းဆီခမ်းမမှာ ကျင်းပမှာဖြစ်ပြီး ဒီဆွေးနွေးပွဲမှာ ဗကသမျိုးဆက်တွေရဲ့ တောင်းဆိုချက်သဘောထားတွေ၊ ကျောင်းသားမျိုးဆက်တွေရဲ့ဆန္ဒတွေနဲ့ သမိုင်းပညာရှင်တွေရဲ့ ပူးပေါင်းပါဝင်ဆွေးနွေးမှုတွေနဲ့ တကသအဆောက်အအုံပြန်လည်တည်ဆောက်ရေးနဲ့ပတ်သက်လို့ ဆွေးနွေးသွားကြမှာဖြစ်တယ်လို့လည်း ကိုမြအေးကပြောပါတယ်။

“မနက်ဖြန်ဆွေးနွေးမယ့် ဆွေးနွေးပွဲမှာ ရလဒ်ကောင်းတွေထွက်ပေါ်ဖို့ရှိတယ်လို့ ကျနော်ကတော့ မျှော်လင့်ထားတယ်။ ရလဒ်ကောင်းတွေထွက်ပေါ်လာမယ်လို့လည်း ကျနော်ယုံကြည်ထားတယ်။ ဆိုတော့ အဲဒီအပေါ်မှာ အစည်းအဝေးမစခင်မှာ ထင်မြင်လွဲမှားမှုတွေ ဖြစ်မလာအောင် သမဂ္ဂတည်ဆောက်ရေးနဲ့ ပတ်သက်ပြီးတော့ တဘက်နဲ့ တဘက် အမြင်အမျိုးမျိုး သဘောထားယူဆချက်တွေက အမျိုးမျိုး ဖြစ်နေလို့ ကျနော်ဝင်ပြောတာပါ။”

မြန်မာ့သမိုင်းဝင် တကသ ကျောင်းသားသမဂ္ဂအဆောက်အဦးကို မူလမြေနေရာမှာ ပြန်ပြီး တည်ဆောက်ဖို့ လာမယ့်နှစ် ပညာရေးအသုံးစရိတ်ဘတ်ဂျတ်မှာ ထည့်သွင်းပြီး NLD အစိုးရက စီစဉ်ဆောင်ရွက်နေကြောင်း ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းတုန်းက ပြည်သူ့လွှတ်တော်မှာ တင်ပြဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG