သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ရခိုင်အကြံပေးကော်မရှင်နဲ့ တွေ့ဆုံ


နိုင်ငံခြားရေးဝန်ကြီး Boris Johnson နေပြည်တော်ကိုရောက်ရှိစဉ် (British Embassy Rangoon)
နိုင်ငံခြားရေးဝန်ကြီး Boris Johnson နေပြည်တော်ကိုရောက်ရှိစဉ် (British Embassy Rangoon)

ပဋိပက္ခဖြစ်နေတဲ့ ရခိုင်ဒေသအတွက် ဗြိတိန်နိုင်ငံက အကူအညီပေးသွားဖို့ရှိပြီး၊ ရခိုင်ပြည်နယ် အရေး မြန်မာအစိုးရရဲ့ ကိုင်တွယ်ဆောင်ရွက် ချက်တွေကို အပြုသဘောဆောင် အားပေး သွားမယ့်အကြောင်း မြန်မာနိုင်ငံကို သုံးရက်ကြာ အလည်အပတ်ရောက်ခဲ့တဲ့ ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ဘောရစ်ဂျွန်ဆင်က ရခိုင်အကြံပေးကော်မရှင် အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံစဉ် ပြောဆိုလိုက်ပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။

ဇန်နဝါရီလ ၂၀ ရက်နေ့မှာ မြန်မာပြည်ခရီးစဉ်ကို စတင်ခဲ့တဲ့ ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး ဘောရစ်ဂျွန်ဆင်ဟာ ဇန်နဝါရီလ ၂၂ ရက် ဒီကနေ့ မှာတော့ သူ့ခရီးစဉ်ကို အဆုံးသတ် လိုက်ပြီဖြစ်ပါတယ်။ ဒီခရီးစဉ် အဆုံးမသတ်ခင်မှာ ရခိုင်အကြံပေးကော်မရှင် အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံကို အထူးသဖြင့် ရခိုင်ဒေသအတွက် အကူအညီတွေပေးသွားဖို့ ရှိတယ်လို့ ပြောဆိုခဲ့ကြောင်း ရခိုင်အကြံပေးကော်မရှင်အဖွဲ့ဝင် တဦးဖြစ်တဲ့ ဦးအေးလွင်က VOA ကိုပြောပါတယ်။

“ဗြိတိန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Boris Johnson ကနေပြီးတော့ ကျနော်တို့နဲ့ တွေ့တဲ့ အခါမှာ ရခိုင်ဒေသအခြေအနေကို သူတို့ စိုးရိမ်တယ် စိတ်ဝင်စားတယ်။ တိုးတက် လာအောင်သူတို့ ကူညီချင်တယ်၊ အတိအကျ ဘယ်လို လုပ်ပေးမယ်၊ ဘာအစီအစဉ် တွေရှိတယ် ဆိုတာကတော့ မပြောပါဘူး။ မြန်မာနိုင်ငံရဲ့ မိတ်ဆွေ အနေနဲ့ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး အတွက်ကိုလည်း ကူညီတဲ့နေရာမှာ ရခိုင်ပြည်နယ်ကိုလည်း ကူညီချင်ပါတယ် ဆိုတဲ့ ဟာကိုတော့ သူပြောတယ်။”

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဟာ မြန်မာနိုင်ငံကိုရောက်တဲ့နေ့မှာပဲ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သူမနေအိမ်မှာ နှစ်နာရီကြာ တွေ့ ဆုံဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံရဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲရေး၊ ကျန်းမာရေးနဲ့ ပညာရေးကဏ္ဍတွေမှာ ဗြိတိန်က အကူအညီ ပေးသွားမယ့်အကြောင်း နဲ့ ရခိုင်အရေးနဲ့ အဲဒီဒေသက စစ်ဆင်ရေး ဆောင်ရွက်မှုတွေကို စိုးရိမ် ပူပန်ကြောင်း ပြောဆို ခဲ့တယ်လို့ ရန်ကုန် ဗြိတိသျှသံရုံးက ထုတ်ပြန်ချက် သတင်းမှာ ဖေါ်ပြထားပါတယ်။

ဒါပေမယ့် ဗြိတိန်အနေနဲ့ ရခိုင်ပြည်နယ်အရေး မြန်မာအစိုးရရဲ့ ကိုင်တွယ်ဆောင် ရွက် ချက်တွေကို အပြုသဘောဆောင် အားပေးသွားမှာဖြစ် တယ်လို့ ရခိုင်အကြံပေး ကော်မရှင်နဲ့တွေ့ဆုံစဉ် ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီးက သူတို့ကို ရှင်းပြခဲ့ကြောင်း ဦးအေးလွင်က ပြောပါတယ်။

“သူက ဒီအစိုးရရဲ့ လုပ်ဆောင်ချက်တွေကို ဒီဟာက ဒီမိုကရေစီအပြောင်းအလဲ ကဏ္ဍဖြစ်နေတဲ့ အတွက်ကြောင့်မို့လို့ အပြုသဘောဆောင်ပြီးတော့ သူ့ကို အားပေးမယ် ဆိုတဲ့ကိစ္စ၊ ဒီမှာ ဒါကို ကျနော်တို့က မျှော်လင့်ချက်တွေက လိုတာထက် ပိုမထားသင့်ဘူးဆိုတာကို ပေါ့လေ လုပ်သင့်လုပ်ထိုက်တာတွေကတော့ လုပ်ဖို့ ကျန်သေးတယ်။ အဲဒါကြောင့်မို့လို့ ဒီ စက်ကူးမက်ကူးကာလကို နားလည်ပေးဖို့ လိုအပ်တယ်၊ သူတို့ကတော့ အပြည့်အဝထောက်ခံတယ် ဆိုတာလေး ပြောပါတယ်။”

ရခိုင် မောင်တောဒေသကို အကြမ်းဖက်သမားတွေ တိုက်ခိုက်ခဲ့ပြီးနောက် နယ်မြေရှင်းလင်းရေးစစ်ဆင်မှုတွေမှာ လူ့အခွင့်အရေးချိုးဖေါက် မှုတွေ ရှိတယ်ဆိုတဲ့ နိုင်ငံတကာရဲ့ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့ပါတယ်။ ဒီလို ကိစ္စရပ်တွေမှာ ဗြိတိန်အနေနဲ့ စိုးရိမ်ကြောင်းကိုလည်း နိုင်ငံခြားရေးဝန်ကြီး ဘောရစ်ဂျွန်ဆင်က ပြောသွားတယ်လို့ ဦးအေးလွင်က ဆိုပါတယ်။

“ရခိုင်ကနေပြီးတော့ ဘင်္ဂလားဒေ့ချ်ကို သောင်းနဲ့ချီပြီးတော့ လူတွေထွက်ပြေး လာရခြင်းသည် သူတို့ကို ဒီလို ထွက်ပြေးလာသော အကြောင်းတရား ရှိလိမ့် မယ်ပေါ့နော်။ အဲဒီ အကြောင်းတရားကတော့ စိုးရိမ်စရာပဲ ဖြစ်ရလိမ့်မယ် စသဖြင့် အဲဒီကိစ္စရပ်တွေ ပြောပါတယ်။ အဲဒီအပေါ်မှာ ကျနော်တို့ ပြောတာကတော့ ဒီဟာက စုံစမ်းစစ်ဆေးတဲ့ ကော်မရှင်ကို သီးသန့်ဖွဲ့ထားတယ်။ ကျနော်တို့က အကြံပေးရတဲ့ အဖွဲ့ပဲဖြစ်တယ်။ နောက်ပြီး ဖြစ်ရပ်တခုကို ကျနော်တို့က ဟုတ်၏ ၊ မဟုတ်၏ ဆိုတာ ကတော့ပြောဖို့အတွက်က ဆန်းစစ်ဖို့အတွက် လုပ်ထုံးလုပ်နည်းတွေရော ကရိယာ တန်ဆာပလာတွေရော အကုန်လုံးက လိုအပ်တယ်။ ဒါကို မှန်၏ မမှန်၏ ဆိုတာ ဆန်းစစ်ဖို့အတွက် ကျနော်တို့မှာ မရှိပါဘူး ဆိုတာတွေကို ကျနော်ပြောပြတယ်။ အဲဒီတော့ တချို့သတင်းတွေ လွဲမှားနေတဲ့ သတင်းတွေကိုတော့ အပြည်ပြည်ဆိုင်ရာ မီဒီယာတွေက ပြန်ပြောတာရှိတယ် ပေါ့နော်။”

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဘောရစ်ဂျွန်ဆင်ဟာ သူ့ရဲ့ ၃ ရက်ကြာ မြန်မာပြည် ခရီးစဉ်အတွင်း ပြည်ထဲရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ နိုင်ငံတော် လုံခြုံရေးအကြံပေး ဦးသောင်းထွန်း တို့နဲ့လည်း တွေ့ဆုံခဲ့ပြီး ရခိုင်ပြည်နယ်က လူ့အခွင့်အရေး ချိုးဖောက်မှုဆိုင်ရာ အစီရင်ခံစာတွေနဲ့ ပတ်သက်လို့ စိုးရိမ်ပူပန် မိကြောင်း၊ နိုင်ငံတကာ စံနှုန်းတွေနဲ့အညီ လုံခြုံရေးကိစ္စတွေကို ဆောင်ရွက်ဖို့ တိုက်တွန်း သွားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG