သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးအကူအညီသင်္ဘောလက်ခံရေး မြန်မာအာဏာပိုင်တွေနဲ့ သဘောတူညီချက်ရ


မောင်တော ဒေသတွင်းက လူမှုအသိုင်းအဝိုင်းအတွက် မလေးရှား လူမှုကူညီရေး အသင်းအဖွဲ့တွေရဲ့ အကူအညီတွေကို မြန်မာဘက်က လက်ခံဖို့ ဒီကနေ့ နှစ်နိုင်ငံ အစိုးရချင်း သဘောတူလိုက်ပါပြီ။ မလေးရှား လူမှု ကူညီရေး အသင်းအဖွဲ့တွေရဲ့ Food Flotilla For Myanmar - မြန်မာနိုင်ငံအတွက် စားနပ်ရိက္ခာ ပို့ဆောင်မယ့် အစီအစဉ်နဲ့ပတ်သက်ပြီး တရားဝင်လမ်းကြောင်းကနေ ဆောင်ရွက်ဖို့ မြန်မာ အစိုးရက ပြီးခဲ့တဲ့ လပိုင်းက သံတမန်ရေး အရ သတိပေးခဲ့ပြီးနောက်ပိုင်း အခုလို နှစ်နိုင်ငံ အစိုးရချင်း သဘောတူလိုက်တာ ဖြစ်ပါတယ်။ တချိန်တည်းမှာဘဲ အင်ဒိုနီးရှား နိုင်ငံဘက်ကလည်း ရခိုင်ပြည်နယ် အတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ အပြင် တခြား အရေးပါတဲ့ ကဏ္ဍတွေ အတွက်ပါ အကူအညီတွေ ပေးမယ်လို့ ပြောဆိုလိုက်ပါတယ်။ မသိင်္ဂ ီထိုက် စုစည်းတင်ပြထားပါတယ်။

မလေးရှား လူမှု အသင်းအဖွဲ့တွေရဲ့ Food Flotilla For Myanmar - မြန်မာနိုင်ငံ အတွက် စားနပ်ရိက္ခာတွေကို သဘောၤတွေနဲ့ ပို့ဆောင်မယ့် အစီအစဉ်ကို လက်ခံဖို့ ဒီကနေ့ မြန်မာနဲ့ မလေးရှား အစိုးရတို့ကြား ဆွေးနွေး သဘောတူညီချက် ရရှိပါတယ်။ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ဒီကနေ့ သဘောတူညီချက်ကို အခုလို ပြောပါတယ်။

“သဘောတူညီချက်က သူတို့က သူတို့အကူအညီပေးမယ့် ပစ္စည်းစာရင်းကို ကျနော်တို့ဆီ ပို့ပေးမယ်။ ပစ္စည်းစာရင်းတော့ မပါလာသေးဘူး။ အဲဒါကို ကျနော်တို့ကနေပြီးတော့ ရန်ကုန်မှာ လက်ခံမယ်။ လက်ခံပြီးတဲ့အခါကျတော့ ဒီပစ္စည်းတွေကို ကျနော်တို့ကပဲ တာဝန်ယူပြီးတော့ ရခိုင်ပြည်နယ်ကို ပို့မယ်။ ရခိုင်အစိုးရဆီကို အပ်မယ် အဲဒါပြီးရင် ရခိုင်အစိုးရနဲ့ ကျနော်တို့ ဝန်ကြီးဌာနတွေနဲ့ပူးပေါင်းပြီးတော့ ဖြန့်ဝေမယ့်နေရာကိုရောက်အောင် ကျနော်တို့ အမြန်ဆုံး ဖြန့်ဝေမယ်။ ကျနော်တို့မှာ မှတ်တမ်းတွေထားမယ်။ အဲဒါကို ပြီးသွားပြီ သဘောတူသွားပြီ ဒီနေ့ အကုန်လုံး အားလုံးနဲ့ ဆိုင်တယ်။ Affected area မှာရှိသောသူ အားလုံး ဘာသာလည်းမခွဲခြားဘူး လူမျိုးလည်း မခွဲခြားပါဘူးတဲ့ ။”

မြန်မာနိုင်ငံဆိုင်ရာ မလေးရှား သံအမတ်ကြီး ဦးဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့မှာတော့ ရခိုင်ဒေသကို သဘောၤတွေနဲ့ စားနပ်ရိက္ခာတွေပို့မယ်ဆိုတဲ့ အစီအစဉ်ကို ဦးဆောင်ခဲ့တဲ့ Kelab Putera 1 Malaysia (KP1M) လူမှုကူညီရေး အဖွဲ့ရဲ့ ဒုတိယ အကြီးအကဲနဲ့ ပြန်ကြားရေး အကြီးအကဲတို့လည်း ပါဝင်ခဲ့တာပါ။ မူလက ရခိုင်ပြည်နယ် စစ်တွေကို တိုက်ရိုက်သွားရောက်မယ်လို့ ပြောဆိုခဲ့တဲ့ အပေါ် မြန်မာ အစိုးရဘက်က အကူအညီပေးလိုရင် တရားဝင် ညှိနှိုင်းဖို့ သံတမန်ရေးနည်းလမ်း အရ သတိပေးခဲ့ရတာ ဖြစ်ပါတယ်။ ဒီကနေ့ သဘောတူညီချက်မှာတော့ ရခိုင်ပြည်နယ်တွင်းက ပဋိပက္ခ ဒေသတွင်း ဘာသာ လူမျိုး မခွဲခြားဘဲ လူမှု အဖွဲ့အစည်း အားလုံးအတွက် ဖြစ်တယ်လို့ မလေးရှား ကိုယ်စားလှယ် အဖွဲ့က ပြောဆိုတဲ့ အကြောင်းလည်း ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောပါတယ်။

နောက်လ ဖေဖော်ဝါရီလ ၃ ရက်နေ့မှာ မလေးရှားနိုင်ငံကနေ စတင် ခုတ်မောင်းလာမှာ ဖြစ်ပြီး ရန်ကုန်မြို့မှာ အကူအညီတွေကို လက်ခံဖို့ သဘောတူထားပြီး အကူအညီပေးမယ့် စာရင်းတွေတော့ အတိအကျ ပို့မလာသေးဘူးလို့လည်း ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောပါတယ်။

“အကြမ်းဖျင်းတော့ ပြောသွားတာကတော့ ဆန်ရိက္ခာ ဆေးဝါးပစ္စည်း ဒါတွေပါမယ်၊ နောက်ပြီးတော့ Hygiene kit တွေပါမယ်။ ဆန်က သူတို့ပြောသွားတာ ၃၄၀ တန်လောက်ရှိမယ်။ ခေါက်ဆွဲခြောက်ထုတ်တွေကတော့ အတိအကျတော့ မပြောသွားသေးဘူး Hygiene kit တွေပါမယ် ပေါ့နော် ၊ စာရင်းကို သူတို့ အမြန်ပို့ပါမယ်တဲ့။ သူတို့က ဖေဖဝါရီ၃ ရက်နေ့ကို သူတို့ဆီက ထွက်လာမယ်တဲ့ ကျနော်တို့ဆီ ဘယ်တော့ ရောက်မလဲတော့ မသိဘူးပေါ့နော် ၇ ရက်လောက်တော့ ကြာမယ်လို့တော့ ပြောတယ်။”

Kelab Putera 1 Malaysia (KP1M) မလေးရှား လူမှုကူညီရေး အဖွဲ့အစည်းက ၂၀၁၂ ခုနှစ်တုန်းက ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေ အတွင်းမှာလည်း မြန်မာ အစိုးရနဲ့ ညှိနှိုင်းပြီး အကူအညီပေးခဲ့တာပါ။ မွတ်စလင် အများစု နေထိုင်ရာ မောင်တော ဒေသတွင်း အကြမ်းဖက် တိုက်ခိုက်မှုတွေနောက်ပိုင်း ဒေသတွင်း နယ်မြေ ရှင်းလင်းရေး ဆောင်ရွက်ချက်တွေကြောင့် ဒေသခံ လူမှု အသိုင်းအဝိုင်း အပေါ်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ်ဆိုတဲ့ စွပ်စွဲမှုတွေ ထွက်ပေါ်လာပြီး နောက်ပိုင်း ဒေသတွင်း မွတ်စလင် နိုင်ငံတွေ ဖြစ်တဲ့ မလေးရှားနဲ့ အင်ဒိုနီးရှား နိုင်ငံတို့ဘက်က လူသားချင်း စာနာထောက်ထားမှု အပြင် ဒီအရေးကို ကိုင်တွယ်ဖို့ ဖိအားပေးနေတာ ဖြစ်ပါတယ်။

မလေးရှားနိုင်ငံမှာ မနက်ဖြန် ဇန်နဝါရီလ ၁၉ ရက်နေ့မှာ ကျင်းပမယ့် အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ OIC ရဲ့ အထူးအစည်းအဝေး ကျင်းပဖို့လည်း ရှိနေတာပါ။ အင်ဒိုနီးရှား နိုင်ငံကတော့ ရခိုင်အရေး ငြိမ်းချမ်းစွာ ဖြေရှင်းဖို့ မြန်မာနိုင်ငံရဲ့ ဆောင်ရွက်ချက်တွေကို အပြုသဘောနဲ့ ထောက်ပံ့ပေးဖို့ OIC ကို တောင်းဆိုသွားမယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ Armanatha Nasir က ပြောဆိုပါတယ်။

“ရခိုင်ပြည်နယ်အရေး ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ဖို့ မြန်မာနိုင်ငံရဲ့ အားထုတ် ဆောင်ရွက်ချက်တွေကို အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ OIC က အပြုသဘောနဲ့ ထောက်ပံ့ပေးရေး အတွက် အခု အစည်းအဝေးမှာ အင်ဒိုနီးရှား နိုင်ငံက အဓိကထား တောင်းဆိုသွားမှာ ဖြစ်ပါတယ်။”

ဒါ့အပြင် ရခိုင်ပြည်နယ်တွင်း လူသားချင်း စာနာထောက်ထားမှု အကူအညီတွေသာ မကဘဲ ပညာရေး၊ ကျန်းမာရေးနဲ့ တခြား အရေးပါတဲ့ အခန်းကဏ္ဍတွေမှာပါ ကူညီပေးသွားမယ်လို့လည်း အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရက ထပ်လောင်း ပြောပါတယ်။ မလေးရှားနိုင်ငံမှာ မနက်ဖြန် ဇန်နဝါရီလ ၁၉ ရက်နေ့မှာ လုပ်မယ့် အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ OIC အထူးအစည်းအဝေး မတိုင်ခင် လုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာတော့ လူ့အခွင့်အရေး အခြေအနေကို ထည့်သွင်း စဉ်းစားလာရတဲ့ အခြေအနေမှာ ရဲတွေ အနေနဲ့ အရပ်သားတွေနဲ့ ဘယ်လို ပုံစံ ထိတွေ့ဆက်ဆံသင့်သလဲ ဆိုတာကို ပညာပေးဖို့က အရေးကြီးဆုံး ကိစ္စ တခု အနေနဲ့ ရှိနေတယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရက ပြောဆိုပြီး မြန်မာရဲတပ်ဖွဲ့ကို စွမ်းဆောင်ရည် မြှင့်တင်ရေး အထောက်အကူတွေ ပေးမယ့် အစီအစဉ်ကိုလည်း ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG