သုံးရလွယ်ကူစေသည့် Link များ

နှစ်နိုင်ငံနယ်စပ် တည်ငြိမ်ရေး နည်းလမ်းသစ်နဲ့ ချဉ်းကပ်ဖို့ တရုတ်ကြိုးပမ်း


တရုတ်-မြန်မာနယ်စပ်တလျှောက် ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေမှာ မြန်မာအစိုးရတပ်တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေ အကြား မကြာသေးခင် ရက်ပိုင်းကစလို့ တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွားခဲ့တဲ့အတွက် နယ်စပ်လုံခြုံရေးနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံမှာ စိုးရိမ်မှုတွေ ကြီးထွားလာခဲ့ပါတယ်။ တရုတ်-မြန်မာအရေး ကျွမ်းကျင်သူတချို့ကတော့ မြန်မာနိုင်ငံမှာ ပြည်တွင်းစစ် ရပ်စဲပြီး ငြိမ်းချမ်းရေးရဖို့ တရုတ်အစိုးရက ပြင်းထန်တဲ့ ဆောင်ရွက်မှုတွေ လုပ်လာနိုင်တယ်လို့ သုံးသပ်နေကြတဲ့အကြောင်း ဘေဂျင်းမြို့တော်ကနေ ဗွီအိုအေ သတင်းထောက် Bill Ide ပေးပို့ထားတဲ့ သတင်းလွှာကို အခြေခံပြီး မနန္ဒာချမ်း က တင်ပြထားပါတယ်။

တနင်္ဂနွေနေ့ကစလို့ ဒီရက်ပိုင်းတွေအတွင်း ရှမ်းပြည်နယ်မှာ KIA ကချင်လွတ်မြောက်ရေးတပ်မတော်၊ MNDAA ကိုးကန့် လက်နက်ကိုင် တပ်ဖွဲ့နဲ့ TNLA တအာင်း-ပလောင်လွတ်မြောက်ရေးတပ်မတော်၊ ရခိုင်လက်နက်ကိုင်အဖွဲ့ AA တို့နဲ့ မြန်မာအစိုးရတပ်တွေ အကြား တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့တာကြောင့် - အပြန်အလှန်ပစ်ခတ်မှုတွေအတွင်း တရုတ်နယ်စပ်ဘက်ခြမ်းကို ကျည်ဆံတချို့ ကျရောက်ခဲ့ရာက တရုတ်နိုင်ငံသားတဦး ထိမှန်ခဲ့တာပါ။

ဒါကြောင့်လည်း နယ်စပ်ဒေသမှာ စီးပွားရေးအရ အကျိုးများစရာတွေ ရှိနေတဲ့အတွက် တရုတ်နိုင်ငံဟာ ပုံစံသစ်နဲ့ ချဉ်းကပ်လာပုံရတယ်လို့လည်း ဆန်းစစ်သူတွေ ခန့်မှန်းနေကြတာပါ။ တရုတ်အစိုးရကတော့ နယ်စပ်မတည်ငြိမ်မှုတွေနဲ့ ပတ်သက်လို့ - သူ့စစ်တပ်ကို တပ်လှန့်ထားပြီး၊ နယ်စပ်မှာ အမြန်ဆုံး ပြန်တည်ငြိမ်လာအောင် တိုက်ပွဲ ချက်ခြင်းရပ်ဆိုင်းကြဖို့ တောင်းဆိုတဲ့ အကြောင်း တနင်္လာနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Geng Shuang က ပြောဆိုခဲ့ပါတယ်။

“ပဋိပက္ခမှာ ပါဝင်ပတ်သက်သူတွေအားလုံးအနေနဲ့ အခြေအနေကို ထိန်းသိမ်းပြီး စစ်ရေးဆောင်ရွက်ချက်တွေကို ရပ်ဆိုင်းကြဖို့၊ အခြေအနေ တွေ တကျော့ပြန်ဖြစ်လာမယ့် အရေးကို ရှောင်လွှဲကြပြီး၊ နယ်စပ်ဒေသမှာ အမြန်ဆုံးပြန်ပြီး ငြိမ်းချမ်းလာစေဖို့အတွက် ဆောင်ရွက်ကြလိမ့် မယ်လို့ ကျနော်တို့ အနေနဲ့ ခိုင်ခိုင်မာမာ မျှော်လင့်ထားပါတယ်။ တချိန်တည်းမှာပဲ မြန်မာနိုင်ငံက ဆန္ဒရှိနေတဲ့အတိုင်း မြန်မာနိုင်ငံရဲ့ ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ တရုတ်အနေနဲ့ အရေးပါတဲ့ အခန်းကဏ္ဍကနေ ထဲထဲဝင်ဝင် ဆက်ပြီး ဆောင်ရွက်ပေးဖို့ ဆန္ဒရှိပါတယ်။”

အရင်တုန်းကတော့ သူတပါးပြည်တွင်းရေး ၀င်မစွက်ဘူး ဆိုတဲ့ မူကို တရုတ်က လက်ကိုင်ထားခဲ့တာဖြစ်ပေမဲ့ - ဒီနှစ်ဆန်းပိုင်းက မြန်မာ့နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရုတ်နိုင်ငံခရီးစဉ်အတွင်း - တရုတ်သမ္မတ ရှီ ကျင့်ပင် က မြန်မာနိုင်ငံရဲ့ အမျိုးသားရင်ကြားစေ့ရေး ကြိုးပမ်းမှုတွေကို ထောက်ခံကြောင်း ပြောကြားခဲ့သလို၊ သြဂုတ်လနှောင်းပိုင်းမှာ ကျင်းပခဲ့တဲ့ ၂၁ ရာစု ပင်လုံညီလာခံကြီးကို တက်ရောက်ကြဖို့ရာ သက်ဆိုင်သူနှစ်ဘက်စလုံးကို တွန်းအားပေးဖို့အတွက် သံတမန်တဦးကိုလည်း တရုတ်နိုင်ငံက စေလွှတ်ခဲ့တာ ဖြစ်ပါတယ်။

ဒုတိယအကြိမ် ညီလာခံကိုတော့ ဖေဖော်ဝါရီမှာ ကျင်းပဖို့ စီစဉ်ထားပြီး - ဒီညီလာခံမတိုင် နှစ်ဘက်အုပ်စုတွေအကြား အပစ်ခတ်ရပ်စဲရေး သဘောတူညီချက် ရရှိနိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်တွေဟာ အခုဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် မှေးမှိန်ခဲ့ရပါတယ်။ မြန်မာအစိုးရကတော့ ၆ လတကြိမ် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ကျင်းပပြီး - ၂၀၂၀ ပြည့်နှစ် နောက်ဆုံးထား နိုင်ငံတ၀ှမ်းမှာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ရရှိနိုင်ရ မယ်လို့ ရည်မှန်းထားတာပါ။

ဒါ့အပြင် အခုလို တရုတ်-မြန်မာနယ်စပ်တလျှောက်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ရခိုင်ပြည်နယ်တွင်းက ပဋိပက္ခတွေကြောင့် - အစိုးရသစ်လက်ထက် ကြိုးပမ်းမှုတွေနဲ့ ပတ်သက်ပြီး မေးခွန်းတွေလည်း ထုတ်လာနေကြတာ ဖြစ်ပါတယ်။ ကျွမ်းကျင်သူတချို့ကတော့ - စေ့စပ်ဆွေးနွေးရေးစားပွဲဆီ ပြန်သွား ကြနိုင်ဖို့ စစ်တပ်၊ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကို ပိုပြီးတော့ ကြားဝင်စေ့စပ် တွန်းအားပေးသွားဖို့အတွက် ခိုင်မာတဲ့ အရေးယူဆောင်ရွက် မှုတွေကို တရုတ်က လုပ်ဆောင်လာနိုင်တယ်လို့ သုံးသပ်ကြပါတယ်။ ဒါနဲ့ပတ်သက်ပြီး Stimson Center သုတေသနဌာနက တရုတ်သုတေသီ Yun Sun က -

“ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၊ အောင်မြင်မှု မအောင်မြင်မှုဆိုတဲ့ ကိစ္စဟာ တရုတ်နိုင်ငံမှာ တာဝန်ရှိတယ်လို့ မြင်ကြတဲ့ မြန်မာနိုင်ငံသားတွေ အမြောက်အများ ရှိနေပါတယ်။ ဒါပေမဲ့လည်း ပြဿနာက ကချင်တို့ ကိုးကန့်တို့ ၀တို့လို တိုင်းရင်းသားတွေနဲ့ စကားမပြောတဲ့ ကိစ္စပါ။ တရုတ်ရဲ့ အကူအညီ၊ ပါပါ-မပါပါ သူတို့အနေနဲ့ မြန်မာဗဟိုအစိုးရဲ့ လုပ်ပုံကိုင်ပုံတွေနဲ့ ပတ်သက်လို့ မကျေနပ်ကြပါဘူး။ ပြည်တွင်းနိုင်ငံရေး အခြေအနေအပေါ် သူတို့ရဲ့ မကျေနပ်ချက်တွေ၊ စိတ်တိုင်းမကျတာတွေ ရှိပါတယ်။”

မြန်မာ့အရေးမှာ တရုတ်နိုင်ငံက ဘယ်လိုပုံစံနဲ့ ချဉ်းကပ်လာမလဲဆိုတာ ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။ အင်တာနက်အသုံးပြုတွေကြားမှာတော့ - တိုင်းရင်းသားအဖွဲ့တွေကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပိုရအောင် ကူညီလုပ်ဆောင်တာ ဒါမှမဟုတ် မြန်မာစစ်တပ်ကို တိုက်လေယာဉ်တွေအပါအ၀င် စစ်ပစ္စည်းတွေ ရောင်းချဖို့ တွေလို အမျိုးမျိုး အကြံပြုချက်တွေ ပေးနေတာလည်း တွေ့ရပါတယ်။ မစ် Yun Sun ကတော့ -

“ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍမှာ ရှိနေတဲ့ တရုတ်နိုင်ငံရဲ့ ရပ်တည်ချက်ကတော့ တသမတ်တည်း ရှိနေတယ်လို့ပဲ ပြောရပါလိမ့်မယ်။ အပြောင်းအလဲ မဆိုသလောက်ပဲ ရှိပါတယ်။ ဒါပေမဲ့လည်း NLD အစိုးရလက်ထက်မှာ ကျမတို့ တွေ့လာရတဲ့ အပြောင်းအလဲ ကတော့ တရုတ်နိုင်ငံက ပိုပြီးတက်တက်ကြွကြွ ပါဝင်လာနေသလို၊ စိတ်အားထက်သန်မှု ရှိလာနေတာပါ။”

ဗုဒ္ဓဟူးနေ့က ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးက ကြေညာချက် ထုတ်ပြန်ရာမှာတော့ နိုင်ငံရေးနည်းနဲ့ စေ့စပ် ဖြေရှင်း အဖြေရှာဖို့လည်း တိုက်တွန်းထားပါတယ်ရှင်။

XS
SM
MD
LG