သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ နိုင်ငံတဝန်းကျင်းပ


ဒေါ်အောင်ဆန်းစုကြည် ၇၁ နှစ်မြောက်မွေးနေ့ကိတ် (Photo-National League for Democracy)
ဒေါ်အောင်ဆန်းစုကြည် ၇၁ နှစ်မြောက်မွေးနေ့ကိတ် (Photo-National League for Democracy)

ဒီကနေ့ကျရောက်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၁ နှစ်မြောက်မွေးနေ့ မှာ ဒေါ်အောင်ဆန်းစုကြည် ဖြစ်စေချင်တဲ့ မြန်မာနိုင်ငံငြိမ်းချမ်းစေဖို့ ငြိမ်းချမ်းရေး ပင်လုံညီလာခံ အောင်မြင်ပါစေကြောင်း ဆုမွန်တောင်းပေးကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ပွဲအခမ်းအနားကို မြန်မာနိုင်ငံတဝန်း စည်စည်ကားကား ကျင်းပခဲ့ကြပြီး ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အမှတ်တရ ပြည်သူတွေနဲ့ ကျောင်းသူ ကျောင်းသားတွေ စုပေါင်း သစ်ပင်စိုက်ပျိုးတာတွေ လုပ်သလို ပန်းချီပြပွဲ၊ ကဗျာ ရွတ်ဆိုပွဲနဲ့ အမျိုးသမီးခေါင်းဆောင်မှု ပေါ်ထွက်လာရေး လှုပ်ရှားမှုတွေနဲ့အတူ နိုင်ငံရေးအကျဉ်းသားဟောင်းတွေအတွက်လည်း လှူဒါန်းတာတွေ လုပ်ခဲ့ကြပါတယ်။ မဆုမွန်က စုစည်းတင်ပြထားပါတယ်။

၂၀၁၆ ခုနှစ် ဇွန်လ ၁၉ ရက်နေ့ ဒီကနေ့မှာ ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၇၁ နှစ်ပြည့်မွေးနေ့ကို NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်ပြီး နိုင်ငံတဝန်း တိုင်းနဲ့ပြည်နယ်အသီးသီးမှာ မွေးနေ့ပွဲတွေ ကျင်းပကြပါတယ်။ ရန်ကုန်မြို့မှာတော့ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထိမ်းအမှတ် NLD ဗဟိုရုံးသစ်ဖွင့်ပြီး မွေးနေ့မနက်ခင်းမှာ သံဃာတော် တွေကို အဖွဲ့ချုပ်နာယကဦးတင်ဦး ဦးဆောင်ပြီးတော့ ဆွမ်းကပ်လှူပါတယ်။ အဲဒီနောက် မွေးနေ့အခမ်းအနားကို အဖွဲ့ချုပ်ရုံးမှာ ကျင်းပပါတယ်။ အဲဒီ မွေးနေ့အခမ်းအနား ဖြစ်မြောက်ရေး ဦးဆောင်သူူတဦးဖြစ်တဲ့ NLD ဗဟိုအမျိုးသမီးရေးရာကော်မတီအဖွဲ့က ဒေါ်လဲ့လဲ့က အခုလိုပြောပြပါတယ်။

“ မနက် ၅ နာရီကစပြီးတော့ အဖွဲ့ချုပ် ရုံးခန်းအသစ်မှာ အဖွဲ့ချုပ်နာယက ကနေပြီးတော့ ဘုန်းကြီး ၅ ပါးကို ဆွမ်းကပ်ပါတယ်။ အာရုံဆွမ်းတွေကပ်ပါတယ်။ မနက် ၇ နာရီမှာ ပင့်ထားတဲ့ သံဃာတော်အပါး ၃၀၀ ကို ဆရာလေး သီလရှင် ၇၂ ပါးကိုပေါ့နော် မြို့နယ်ပေါင်းစုံကနေ လာပြီးတော့ ဆွမ်းလောင်းပါတယ်။”

NLD ဦးဆောင်တဲ့ အရပ်သားအစိုးရသစ်လက်ထက်မှာ ပထမဆုံးကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီနှစ်မွေးနေ့ကို နိုင်ငံတဝန်းမှာ လွတ်လွတ်လပ်လပ်နဲ့ တရားဝင် ကျင်းပနိုင်တာပါ။ အရင် စစ်အစိုးရလက်ထက်တုန်းကတော့ ဒေါ်အောင်ဆန်း စုကြည်မွေးနေ့အပါအဝင် နိုင်ငံရဲ့ သမိုင်းဝင် နေ့ထူးနေ့မြတ် အထိမ်းအမှတ် အခမ်းအနားတွေကို အစိုးရက ပိတ်ပင် တားဆီးတာ ကြောင့် အာဏာပိုင်တွေရဲ့ အရေးယူ ဖမ်းဆီးမှုတွေအောက်ကနေ ဒီမိုကရေစီအင်အားစုတွေက ကြိုးစား လုပ်ဆောင်ခဲ့ရတာပါ။ အခုလို အစိုးရသစ်လက်ထက် လွတ်လပ်စွာကျင်းပနိုင်တဲ့အပေါ် ဘုတလင်မြို့က ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ပွဲမှာ ကိုယ်တိုင် ဂုဏ်ပြုစကားပြောကြားခဲ့တဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးလှုပ်ရှားသူ ကဗျာဆရာကြီးဦးအံ့မောင်က နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဖော်ဆောင်နေတဲ့ နိုင်ငံ့ငြိမ်းချမ်းရေး အောင်မြင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးပါတယ်။

“ဘုတလင်မြို့မှာကျင်းပတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၁ နှစ်မွေးနေ့ကို သွားတက်ခဲ့ရပါတယ်။ ဟောပြောဆွေးနွေးခဲ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ကို လုပ်ချင်လွှန်းလို့ဆိုပြီးတော့ ကမကထပြုပြီး ကြိုးစားဆောင်ရွက်တဲ့ ပွဲဖြစ်ပါတယ်ခင်ဗျ။ အဲဒီမှာ ကျနော်ပေးခဲ့တဲ့လက်ဆောင်က တိုတိုလေးပါခင်ဗျာ။ ကျနော်ပေးခဲ့တဲ့ လက်ဆောင်က ‘အသက်ရှည်ပါစေ အန္တရာယ်ကင်းပါစေ’ ဆိုတဲ့ လက်ဆောင်ပေးခဲ့ပါတယ်ခင်ဗျ ။ အခုဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းဟာ အလွန်ကောင်းပါတယ်။ ဒီလုပ်ငန်းကို ကျနော်တို့က သာဓုခေါ်ဖို့အတွက် စောင့်နေကြပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းကြီး အောင်မြင်ပါစေလို့ပဲ ကျနော်တို့ ဝိုင်းဝန်းဆုတောင်းပေးပါတယ်ခင်ဗျ။”

နိုင်ငံရေးအကျဉ်းသူဟောင်းလည်းဖြစ်တဲ့ ဒေါ်လဲ့လဲ့ကလည်း ဒေါ်အောင်ဆန်းစုကြည် ဖြစ်စေချင်တဲ့ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးနဲ့ ပင်လုံညီလာခံကြီး အောင်မြင်ပါစေကြောင်း မွေးနေ့ဆု တောင်းပေးပါတယ်။

“ဒေါ်အောင်ဆန်းစုကြည် အင်မတန်မှ မျှော်လင့်နေတဲ့ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးအတွက်ကို ဒေါ်အောင်ဆန်းစုကြည်အလိုချင်ဆုံးဖြစ်တဲ့ ဒီ ဒုတိယအကြိမ် ပင်လုံညီလာခံကြီး အောင်အောင်မြင်မြင်ကျင်းပနိုင်ပါစေလို့ အန်တီကတော့ ဆုတောင်းပေးပါတယ်။”

၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အောင်နိုင်ရေး စည်းရုံးလှုပ်ရှားမှုတွေမှာ ပါဝင်ကူညီခဲ့တဲ့ အနုပညာရှင်တွေထဲက တဦးဖြစ်သူ အဆိုတော် အနဂ္ဂကလည်း ဒီကနေ့ကျရောက်တဲ့ နိုင်ငံတော်အတိုင်ပင်ခံ မွေးနေ့အတွက် အခုလို တောင်းဆုပြုပါတယ်။

“ဘယ်လိုမွေးနေ့ဆုတောင်းပေးခင်သလဲဆိုတော့ အန်တီ့မှာ သူပြုံးတဲ့အပြုံးအမြဲတမ်းရှိတယ်။ သူရယ်တဲ့ပုံစံလေးတွေက အမြဲတမ်းရှိတယ်။ အဲလိုမျိုး အပြုံးမျိုး၊ အဲလိုမျိုးအရယ်မျိုး ဒီမွေးနေ့ကနေစပြီးတော့ နောက်ထပ်နှစ်ပေါင်းများစွာကို ကျော်ဖြတ်နိုင်ပါစေလို့ ဆုတောင်းပေးချင်ပါတယ်။ ကျန်းမာရေးအရဆိုရင်တော့ အန်တီက အရမ်းကျန်းမာရေးလိုက်စားတယ်။ သူ့ ခန္ဓာကိုယ် အမြဲဂရုစိုက်တယ်ဆိုတာတော့ ကျနော်ကြားဖူးပါတယ်။ ဒါပေမယ့်လည်း ကျနော်တို့ပြည်သူတွေအနေနဲ့ကတော့ အန်တီကို ရိုးရိုးတမ်းတမ်းကျန်းမာတဲ့လူထက်ကိုပိုပြီးတော့ သူ့ကို ပိုကျန်းမာစေချင်တယ်ပေါ့နော်။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၇၁ နှစ်ပြည့်မွေးနေ့ကို ပြည်နယ်နဲ့တိုင်းအသီးသီးမှာ ဝန်ကြီးချုပ်တွေကိုယ်တိုင်ဦးဆောင်ပြီး မွေးနေ့အခမ်းအနားတွေ ကျင်းပသလို ဒီနှစ်အတွက် ထူးထူခြားခြားအစီအစဉ်ကတော့ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း စတဲ့ ပြည်နယ်နဲ့တိုင်းတွေမှာ တက္ကသိုလ်ဝင်း၊ ကျောင်းဝင်းတွေအပါအဝင် အများပြည်သူပိုင်ဥယျာဉ်တွေမှာ စုပေါင်း သစ်ပင် စိုက်ပျိုးပွဲ တွေကို လုပ်ခဲ့ကြပြီး အလှူရှင်တွေက သစ်ပင် ပျိုးပင်တွေ လှူဒါန်း၊ ပြည်သူတွေ၊ ဆရာဆရာမတွေနဲ့ ကျောင်းသားကျောင်းသူ တွေက သစ်ပင်စိုက်ပျိုးကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အထိမ်းအမှတ်အဖြစ် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှာ အလှူရှင်တွေက လာရောက်လှူဒါန်းကြသလို ဒေါ်အောင်ဆန်းစုကြည်လို အမျိုးသမီးခေါင်းဆောင်တွေ ပေါ်ထွန်းလာဖို့ အမျိုးသမီးရေး အလုပ်ရုံဆွေးနွေးပွဲတွေနဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းတွေကို ကူညီထောက်ပံ့ရေး၊ နိုင်ငံရေးအကျဉ်းသားတွေရဲ့မိသားစု ကျောင်းသားတွေကို ကူညီပံ့ပိုးပေးရေး လှူဒါန်းတာတွေ၊ နောက်မြို့ကြီးတွေနဲ့ ရပ်ကွက်ကျေးရွာတွေမှာလည်း ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ်အဖြစ် လမ်းတွေမှာ ပြည်သူတွေ စုပေါင်းပြီး စတုဒိသာအလှူကျွေးမွေးကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထိမ်းအမှတ်အဖြစ် နော်ဝေနိုင်ငံမှာလည်း ဒေါ်အောင်ဆန်းစုကြည်ပန်းခြံကို ဒေါ်အောင်ဆန်းစုကြည်ရုပ်တုနဲ့ ဒီကနေ့မှာပဲ အမှတ်တရ ဖွင့်လှစ်ခဲ့ပါ တယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG