သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြသနာတွေ ပတ်ချာဝိုင်းနေတဲ့ သမ္မတ Donald Trump


ရီပတ်ပလီကန် အောက်လွှတ်တော် ဦးဆောင်ဆော်သြရေးမှူးတွေနဲ့ သမ္မတ Trump တို့ အိမ်ဖြူတော်မှာ ဆွေးနွေး။ မတ်လ ၇ ရက် ၂၀၁၇။
ရီပတ်ပလီကန် အောက်လွှတ်တော် ဦးဆောင်ဆော်သြရေးမှူးတွေနဲ့ သမ္မတ Trump တို့ အိမ်ဖြူတော်မှာ ဆွေးနွေး။ မတ်လ ၇ ရက် ၂၀၁၇။

ရီပတ်ဘလီကန် လွှတ်တော်အမတ်တွေဟာ ပြဿနာတွေနဲ့ ပတ်ခြာလည် ဝိုင်းနေတဲ့ သမ္မတ Donald Trumpနဲ့ ခပ်ကင်းကင်း နေနိုင်ဖို့ ကြိုးစားလာနေကြပါတယ်။ တဖက်မှာလည်း အိမ်ဖြူတော်အတွင်းက ဖြစ်ပေါ်ခဲ့တဲ့ နိုင်ငံရေး အရှုပ်တော်ပုံတွေကို စုံစမ်း စစ်ဆေးဖို့ ဒီမိုကရက် ပါတီဝင်တွေက အရှိန်မြင့် တောင်းဆိုလာနေကြပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် Michael Bowman သတင်းပေးပို့ထားတကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

သမ္မတ Donald Trump ရဲ့အိမ်ဖြူတော်အတွင်း ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အရှုပ်တော်ပုံတွေနဲ့ ပတ်သက်လို့ ရီပတ်ဘလီကန် လွှတ်တော် အမတ်တွေဘက် တစုံတရာ ထင်မြင်ချက်ပေးဖို့အတွက် သီတင်းပတ် အတန်ကြာတဲ့အထိ ရှောင်ရှားနေခဲ့ကြတာပါ။ သူတို့အနေနဲ့ တစုံတရာ ပြောတယ်ဆိုရင်တောင် အဲဒီ ပြောဆိုမှုဟာ ထိန်းထိန်းသိမ်းသိမ်းနဲ့ ပြောဆိုကြတာ ဖြစ်ပါတယ်။

ဒါပေမယ့် အဲဒီလို ခပ်ကင်းကင်း နေခဲ့တဲ့ အခြေအနေတွေဟာ အင်္ဂါနေ့မှာ ပြောင်းလဲသွားခဲ့ပါတယ်။ ရာထူးက ဖယ်ရှားခံလိုက်ရတဲ့ အမျိုးသား လုံခြုံရေးအကြံပေး Michael Flynn နဲ့ ရုရှားနိုင်ငံအကြား ဆက်နွယ်မှု ရှိမရှိဆိုတဲ့ကိစ္စ စုံစမ်း စစ်ဆေးနေတဲ့ အမှုကို ရပ်ဆိုင်းပေးဖို့ သမ္မတ Trump က သူ့ကို ပြောခဲ့ကြောင်း မကြာသေးခင်က ရာထူးက ဖယ်ရှားခံလိုက်ရတဲ့ FBI ညွန်ကြားရေးမှူး James Comey သူ့ဝန်ထမ်းတွေထံ စာရေး အသိပေးခဲ့တယ်ဆိုတဲ့ သတင်း ထွက်လာပြီးတဲ့နောက်မှာ သမ္မတ Trump အပေါ်ထားတဲ့ ရီပတ်ဘလီကန် အမတ်တွေရဲ့သဘောထားတွေ တဖြည်းဖြည်း ပြောင်းလာခဲ့တာ ဖြစ်ပါတယ်။

James Comey စာရေးတယ်ဆိုတဲ့ သတင်း ထွက်လာပြီး နာရီပိုင်းအကြာမှာပဲ ရီပတ်ဘလီကန် ပါတီတွင်းက ဝါရင့် ခေါင်းဆောင် တဦးဖြစ်သူ အထက်လွှတ်တော်အမတ် John McCain က သမ္မတ Trump ရဲ့ အဲဒီလို ပြောဆိုမှုဟာ ၁၉၇၄ ခုနှစ်တုန်းက ရာထူးက နုတ်ထွက်ပေးလိုက်ရတဲ့ သမ္မတဟောင်း Richard Nixon ရဲ့လုပ်ရပ်နဲ့ နှိုင်းယှဉ် ပြောကြားခဲ့ပါတယ်။

“သမ္မတ Trump ရဲ့ ပြောဆိုမှုဟာ Watergate လို့ခေါ်တဲ့ သမ္မတ Nixon ရာထူးက ဆင်းပေးလိုက်ရတဲ့အထိ ဖြစ်သွားခဲ့တဲ့ အရှုပ်တော်ပုံလောက်အထိ ကြီးမား ကျယ်ပြန့်လာနေတယ်လို့ ကျနော် ထင်ပါတယ်။ တရက်ခြားလိုလိုမှာ စိတ်မချမ်းမြေ့စရာ သတင်းတွေ တခုပြီးတခု ဆင့်ကဲ ထွက်ပေါ်လာနေပါတယ်။”

ဒီအတောအတွင်း ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင်ပိုင်းကလည်း Comey ကို ရာထူးက ဖယ်ရှားတဲ့ကိစ္စ၊ သမ္မတ Trump နဲ့ ရုရှားအကြားက ဆက်နွယ်မှု၊ ရုရှား နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံစဉ် ထိပ်တန်း လျှို့ဝှက် သတင်းတွေ ပြောကြားခဲ့တယ်ဆိုတဲ့ ကိစ္စတို့အပြင် သမ္မတရဲ့ အတွင်းလူတွေနဲ့ ရုရှားအကြားက ဆက်နွယ်မှု အခြေအနေ စတဲ့ ကိစ္စရပ်ပေါင်းစုံကို အပြည့်အ၀ စုံစမ်း စစ်ဆေးပေးဖို့အတွက် အရှိန်မြင့် တောင်းဆိုလာနေကြပါတယ်။

သမ္မတ Trump နဲ့ Comey တို့တွေ့ဆုံစဉ် အသံနဲ့သော်လည်းကောင်း၊ စာရေးသား၍သော် လည်းကောင်း မှတ်တမ်းတင်ထားတာတွေ အားလုံးကို သမ္မတ အိမ်ဖြူတော်အနေနဲ့ ထုတ်ပြန်ပေးဖို့ ဒီမိုကရက်ပါတီက အထက်လွှတ်တော် လူနည်းစုခေါင်းဆောင် Chuck Schumer က တောင်းဆိုလိုက်ပါတယ်။

“သမ္မတကပြောတယ် Comey ရဲ့ ပြောဆိုမှုဟာ မှားတယ်တဲ့၊ ဒါဆိုရင် အဲဒီလို မှားတယ်ဆိုတာကို သက်သေ အထောက်အထားနဲ့ ပြပါ။”

ဒါ့အပြင် သမ္မတ Trump၊ ရုရှား နိုင်ငံခြားရေးဝန်ကြီးနဲ့ အမေရိကန်ဆိုင်ရာ ရုရှားသံအမတ်ကြီးတို့ တွေ့ဆုံခဲ့တဲ့ မှတ်တမ်းတွေကိုလည်း ထုတ်ပြန်ပေးဖို့ ဒီမိုကရက်ပါတီဝင်တွေက တောင်းဆိုနေကြတာပါ။ အထူးသဖြင့်တော့ မနှစ်က ကျင်းပခဲ့တဲ့ အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ ရုရှားက ဝင်ရောက် စွက်ဖက်ခဲ့ခြင်း ရှိမရှိဆိုတဲ့ကိစ္စကို အထူး စုံစမ်း စစ်ဆေးရေးမှူးတဦးကို ခန့်အပ် တာဝန်ပေးဖို့ ဒီမိုကရက်ပါတီ ခေါင်းဆောင်တွေက အတင်းအကြပ် တောင်းဆိုနေကြတာပါ။

“ကျနော်တို့ ကြားသိထားရတဲ့ သတင်းတွေသာ မှန်ခဲ့မယ်ဆိုရင် သမ္မတဟာ လက်ရှိ စုံစမ်း စစ်ဆေးနေဆဲ အမှုကိစ္စမှာ တိုက်ရိုက် ဝင်ရောက် စွက်ဖက်လိုတဲ့ ဆန္ဒရှိနေပုံ ရပါတယ်။ ဒီပြဿနာ ပြီးပြတ်သွားအောင် လုပ်ဆောင်နိုင်တဲ့ တခုတည်းသော နည်းလမ်းကတော့ အထူး စုံစမ်း စစ်ဆေးရေးမှူး ခန့်ထားရေးပဲ ဖြစ်ပါတယ်။ အဲဒီနည်းဟာ မှန်ကန်တဲ့ လုပ်ရပ်လည်း ဖြစ်ပါတယ်။”

အောက်လွှတ်တော် စုံစမ်း စစ်ဆေးရေး ကော်မတီကလည်း Comey ရေးသား ပေးပို့ခဲ့တဲ့ စာကို FBI အနေနဲ့ သူတို့ထံ ပို့ပေးဖို့ တောင်းဆိုလိုက်ပါတယ်။

ရီပတ်ဘလီကန်တွေ လုပ်ဆောင်လိုတဲ့ အစီအစဉ်တွေ အောင်မြင်ရေး ဦးဆောင် ဦးရွက် ပြုနေရတဲ့ အောက်လွှတ်တော်ဥက္ကဋ္ဌ Paul Ryan ကတော့ ထိုးနှက် တိုက်ခိုက်မှုတွေက လွတ်နိုင်အောင် အပြင်းအထန် ကြိုးစားနေပါတယ်။

“ကျနော်တို့အနေနဲ့ အချက်အလက် အမှန်တွေကို ရရှိဖို့ လိုအပ်ပါတယ်။ သမ္မတကို ထိခိုက် နစ်နာစေလိုတဲ့လူတွေ ရှိနေတယ်ဆိုတာ ကတော့ သိသာပါတယ်။ လွှတ်တော်ရဲ့ အလုပ်ဟာ တာဝန်ယူမှု၊ တည်ကြည် လေးနက်မှုနဲ့ အချက်အလက်တွေ စုဆောင်း ရှာဖွေဖို့ ဖြစ်ပါတယ်။”

တခြား ဒီမိုကရက် လွှတ်တော်အမတ်တွေကလည်း လွှတ်တော်ဥက္ကဋ္ဌ Paul Ryan နဲ့ ရီပတ်ဘလီကန် ပါတီဝင်တွေရဲ့ ရပ်တည် ပြောဆိုမှုတွေကို ဝေဖန် ပြောဆိုကြပါတယ်။

အထူးစုံစမ်း စစ်ဆေးရေးမှူးကို ခန့်အပ် တာဝန်ပေးရမယ့် လက်ထောက် နိုင်ငံတော်ရှေ့နေချုပ် Rod Rosenstein ဟာ ဒီကနေ့ ကြာသပတေးနေ့မှာ အထက်လွှတ်တော် အမတ်တွေထံမှာ တံခါးပိတ် ရှင်းလင်း တင်ပြဖို့ ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG