သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားနဲ့ဆက်နွယ်မှုတွေ ပေးဖို့ ထရမ့်အရာရှိဟောင်းတွေကို အထက်လွှတ်တော်ညွှန်ကြား


သမ္မတ Trump ရဲ့ နိုင်ငံခြားရေးရာ အကြံပေးပုဂ္ဂိုလ်ဟောင်း Carter Page ။
သမ္မတ Trump ရဲ့ နိုင်ငံခြားရေးရာ အကြံပေးပုဂ္ဂိုလ်ဟောင်း Carter Page ။

အမေရိကန်သမ္မတ ရွေးကောက်ပွဲတွေကို ရုရှားက ကြားဝင်နှောက်ယှက်ခဲ့တယ်လို့ဆိုတဲ့ စွပ်စွဲချက်တွေကို စုံစမ်းစစ်ဆေးနေတဲ့ အမေရိကန် အထက်လွှတ်တော် ထောက်လှမ်းရေးကော်မတီက ရုရှားနဲ့ဆယ်နွယ်မှု ရှိနိုင်တဲ့ သတင်းအချက်အလက်တွေပေးအပ်ဖို့ သမ္မတ Donald Trump ရဲ့ အရာရှိဟောင်းတွေကို ညွှန်ကြားလိုက်ပါတယ်။ ကော်မတီက အချက်အလက်တွေ ပေးအပ်ဖို့ တောင်းဆိုခဲ့တဲ့၊ သမ္မတ Trump ရဲ့ နိုင်ငံခြားရေးရာ အကြံပေးပုဂ္ဂိုလ်ဟောင်း Carter Page ကတော့၊ ရီစရာကောင်းတဲ့ အတုအယောင် စုံစမ်းစစ်ဆေးမှုသာ ဖြစ်ကြောင်း မနေ့ကပဲ အိတ်ဖွင့်ပေးစာတစောင်နဲ့ ကော်မတီကို တုံ့ပြန်တိုက်ခိုက်ခဲ့တာပါ။

ရုရှားတွေနဲ့ အဆက်အသွယ်လုပ်ခဲ့တဲ့ အချက်အလက်တွေကို သိချင်ရင် သမ္မတဟောင်း Barack Obama ကို မေးသင့်တယ်လို့လည်း ရေးသားထားပါတယ်။ သူ့အပေါ် မတရားသဖြင့် လျို့ဝှက်စောင့်ကြည့် ထောက်လှမ်းခဲ့တဲ့ သမ္မတ အိုဘားမား အစိုးရနဲ့ ယှဉ်မယ်ဆိုရင်၊ သူ့မှာရှိတဲ့ အချက်အလက်တွေဟာ မပြောပလောက်ဘူးလို့လည်း ပြောဆိုခဲ့တာပါ။

အထက်လွှတ်တော် ထောက်လှမ်းရေး ကော်မတီကတော့ စုံစမ်းစစ်ဆေးမှု တစိတ်တပိုင်းအဖြစ် သမ္မတ Trump ရဲ့ မဲဆွယ်ပွဲတာဝန်ခံဟောင်း Paul Manafort အကြံပေးပုဂ္ဂိုလ်ဟောင်း Roger Stone နဲ့ အမျိုးသားလုံခြုံရေး အကြံပေးအရာရှိဟောင်း Michael Flynn တို့ကို အချက်အလက်တွေ ထုတ်ပြန်ပေးဖို့လည်း တောင်းဆိုထားပါတယ်။

၂၀၁၆ အမေရိကန် သမ္မတရွေးကောက်ပွဲမှာ ရုရှားက သြဇာလွှမ်းမိုးနိုင်ဖို့ ကြိုးစားခဲ့တဲ့ လုပ်ရပ်နဲ့ ပတ်သက်လို့ အမေရိကန် အထက်နဲ့ အောက်လွှတ်တော် ထောက်လှမ်းရေး ကော်မတီတွေအပြင်၊ ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျုရို (FBI) ကလည်း စုံစမ်းနေတာပါ။ ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာ တုန်းကလည်း FBI ညွှန်ကြားရေးမှူး James Comey အမျိုးသားလုံခြုံရေးအေဂျင်စီ ညွှန်ကြားရေးမှူး Mike Rogers တို့နဲ့ အောက်လွှတ်တော် ထောက်လှမ်းရေး ကော်မတီဝင်တွေ ၂ နာရီကျော်ကြာ တံခါးပိတ်ဆွေးနွေးခဲ့ကြပါတယ်။ အောက်လွှတ်တော် ထောက်လှမ်းရေး ကော်မတီဥက္ကဋ္ဌလည်းဖြစ်၊ သမ္မတ Trump ရဲ့ အသွင်ကူးပြောင်းရေး အဖွဲ့ဝင် ရီပတ်ဘလစ်ကန်ပါတီဝင် တဦးလည်းဖြစ်တဲ့ Devin Nunes စုံစမ်းမှုတွေကနေ ထွက်ပေးခဲ့ရပြီး နောက်မှာတော့ ကော်မတီရဲ့ စုံစမ်းစစ်ဆေးမှုတွေလည်း ကြန့်ကြာနေခဲ့ရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG