သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မွန်ပြည်သစ်ပါတီ NCA လက်မှတ်ထိုးမည်


မွန်ပြည်သစ်ပါတီ တပ်များ
မွန်ပြည်သစ်ပါတီ တပ်များ

တနိုင်ငံလုံး အပစ်ရပ်သဘောတူစာချုပ် NCA ကို လက်မှတ်မထိုးရသေးတဲ့ NMSP မွန်ပြည်သစ်ပါတီအနေနဲ့ NCA ကိုလက်မှတ်ရေးထိုးတော့မယ်လို့ ပါတီ ထိပ်ပိုင်းခေါင်းဆောင်တွေကပြောပါတယ်။ မွန်နိုင်ငံရေးပါတီတွေ၊ မွန် လူထု အခြေပြုအဖွဲ့အစည်းတွေနဲ့ ဒီကနေ့ မော်လမြိုင်မြို့မှာတွေ့ဆုံပြီး သဘောထားဆန္ဒ ရယူပြီးတဲ့နောက် အခုလိုပြောလာတာပါ။ အပြည့်အစုံကို ဗွီအိုအေထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။

NCA လက်မှတ်ရေးထိုးရေးနဲ့ပက်သက်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အကြား အမြင်မတူညီမှုတွေ ရှိနေပေမဲ့ မွန်ပြည်သစ်ပါတီအနေနဲ့တော့ NCAကို လက်မှတ်ရေးထိုးတော့မယ်လို့ မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်အမှု ဆောင် ကော်မီတီဝင်၊ ပြည်တွင်းရေးရာတာဝန်ခံ နိုင်ဝင်းလှက ဗွီအိုအေကိုပြောပါတယ်။

“အခုဒီအခြေအနေကာလကြတော့ အားလုံးပါဝင်ရေးအတွက် အားလုံးပါဝင်ရအောင် ဒီ NCA လမ်းကြောင်းမှာဆိုတဲ့အပေါ်မှာ ဒီမြောက်ပိုင်းအဖွဲ့တွေကလည်း သူတို့ကိုယ်တိုင် NCA လမ်းကြောင်းအတိုင်းမသွားတော့ဘူး။ ဆိုလာတဲ့သဘောထားတွေ ရှိလာတဲ့အပေါ်မှာ ကျနော်တို့ တွက်ပြီးတော့ ကျနော်တို့ဆီမှာလည်း သဘောထား ၁ ရပ်ပေါ့လေ၊ သဘောထား ၁ ရပ် ဆိုတာက အားလုံးပါဝင်ရေးဆိုတာ၊ နောက်တိုက်ပွဲရပ်ရေးဆိုတာက မဖြစ်နိုင်တော့ဘူးလေ လက်တွေအခြေအနေအရ အဲဒါကြောင့် ဒီ NCA လမ်းကြောင်းကို လျှောက်မယ့် ကျနော်တို့ ဘဝတူ UNFC အဖွဲ့အစည်းတွေအနေနဲ့ လက်တွဲပြီးတော့ ဒီ NCA ကိုအတူတကွရေးထိုးနိုင်ဖို့ ၊ နောက်ရေးထိုးပြီးတော့ ဒီနိုင်ငံရေးဆွေးနွေးပွဲကိုသွားဖို့ အဲဒီသဘောထားကိုတော့ ချလာခဲ့တဲ့ သဘောရှိပါတယ်။”

မွန်ပြည်သစ်ပါတီအနေနဲ့ NCA လက်မှတ်ရေးထိုးရေးကိစ္စနဲ့ပက်သက်ပြီး ဒီကနေ့မော်လမြိုင်မြို့မွန်ပြည်သစ်ပါတီ ရုံးခန်းမှာ မွန်နိုင်ငံရေးပါတီတွေ မွန်လူထုအခြေပြုအဖွဲ့အစည်းတွေရဲ့သဘောထားဆန္ဒကိုရယူခဲ့တာပါ။

NCA ကို အရင်က ဘာ့ကြောင့် လက်မှတ်မထိုးခဲ့တာလဲ ဆိုတဲ့အပေါ် မွန်ပြည် သစ်ပါတီရဲ့ သဘောထားကိုလဲ နိုင်ဝင်းလှက ဆက်ပြောပြပါတယ်။

“ကနဦးသဘောထားကလည်း ဒီ NCA ကို ကျနောတို့ ကိုယ်တိုင်ကလည်း ပါဝင်ရေးဆွဲထားတော့ NCA မူကြမ်းအဆင့်ပေါ့လေ ဒီမှာလည်း ၂ ဘက်လက်ခံထားတဲ့ အဆင့်ကိုလည်း ဖြတ်လာခဲ့ပြီးပြီ။ ဒါပေမယ့်လည်း ကျနော်တို့ NCA ကိုမထုတ်ဖြစ်သေးတာက ၊ မထုတ်ဖြစ်သေးတာက ကျနော်တို့လက်မခံတာမဟုတ်ဘူး မထုတ်ဖြစ်သေးတာက တပြည်လုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေးစာချုပ်ဆိုတဲ့ တပြည်လုံး အပစ်အခတ်ရပ်စဲဖို့ ၊ နောက်ဖြစ်နေတဲ့ တိုက်ပွဲတွေရပ်စဲဖို့ အဲဒီ ၂ ချက်ပေါ့လေ ကျနော်တို့ တောင်းဆိုထားတယ်။ အဲဒီ ၂ ချက်နဲ့ ပြည့်စုံရင်တော့ NCA ကို အချိန်မဆိုင်းထိုးမယ် အဲဒီသဘောပေါ့။”

UNFC ကနေတင်ပြထားတဲ့ အချက်(၉)ချက်ကိုအစိုးရက မူအရလက်ခံပြီး ဖြစ်တဲ့အတွက် မွန်ပြည်သစ်ပါတီအနေနဲ့ လက်မှတ်ရေးထိုးရေးမှာ အဆင်ပြေနိုင် လိမ့်မယ်လို့လဲ ဆွေးနွေူပွဲကိုတက်ရောက်လာကြတဲ့ လူထုအဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးပါတီခေါင်းဆောင်တွေက မြင်ကြပါတယ်။

မွန်အမျိုးသားဒီမိုကရေစီပါတီကနေ ၁၉၉၀ ရွေးကောက်ပွဲမှာအနိုင်ရခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်ဟောင်း နိုင်သောင်းရှိန်ကတော့ မွန်ပြည်သစ်ပါတီ အနေနဲ့ NCA လက်မှတ်ရေးထိုးသင့်ကြောင်း အဖွဲ့တွေကနေ အကြံပြုခဲ့တယ် လို့ပြောပါတယ်။

“NCA မှာလက်မှတ်ထိုးသင့်တယ်ဆိုတာ အားလုံးက အကြံပြုပါတယ် ဘာကြောင့်လဲဆိုတော့ အခု ၂၁ ပင်လုံကို သွားနေတဲ့အခါကျတော့ အစိုးရကလည်း သွားနေတယ် ၊ တပ်ကလည်း သွားနေတဲ့အခါကျတော့ ဘယ်လိုဖြစ်ဖြစ် မွန်အနေနဲ့က အဲဒီ NCAသွားနိုင်ဖို့ ဒီ ငြိမ်းချမ်းရေးရဖို့ လက်မှတ်ထိုးသင့်တယ် အဲဒီလိုပဲ အကြံပြုကြတယ်။”

‘ဝ’ လက်နက်ကိုင်အဖွဲ့ (UWSP/UWSA) ဦးဆောင်ပြီး ဖေဖော်ဝါရီ နောက်ဆုံး ပတ်က ကျင်းပခဲ့တဲ့ပန်ခမ်းညီလာခံရဲ့ အစည်းအဝေးအပြီး ထုတ်ပြန်ကြေညာ ချက်ထဲမှာ NCA ကို ဆက်မလုပ်တော့ဘဲ ငြိမ်းချမ်းရေးစာချုပ်သစ်ကို ဖော်ဆောင်မယ်လို့ ပါရှိပါတယ်။

UWSA ဝပြည်သွေးစည်း ညီညွတ်ရေးအဖွဲ့ KIO ကချင်လွတ်လပ်ရေး အဖွဲ့ SSPPမြောက်ပိုင်း ရှမ်းပြည်တပ်မတော် TNLAတအာန်းပလောင်တပ်ဖွဲ့ မိုင်းလားတပ်ဖွဲ့ (NDAA)၊ ရခိုင်တပ်မတော်(AA)၊ ကိုးကန့်အဖွဲ့ (MNDAA) တို့တက်ရောက်ခဲ့တဲ့ အဲဒီ ပန်ခမ်းအစည်းအဝေးမှာ NCA ကို လက်မခံတဲ့ သဘော ထွက်လာတဲ့အတွက် UNFC နဲ့ ကြားမှာ အမြင်ကွဲလွှဲတဲ့ သဘောတွေ ရှိလာတာပါ။

UNFC အဖွဲ့အနေနဲ့ကတော့ တင်ပြထားတဲ့အချက် ၉ ချက်ကို ခိုင်မာအောင် ထပ်မံဆွေးနွေးပြီးတဲ့နောက် NCA ကိုလက်မှတ်ရေးထိုးမယ်ဆိုပြီး မတ်လ ၁၄ ရက်နေ့မှာကျင်းပပြီးစီးခဲ့တဲ့ UNFC ဗဟိုအလုပ်အမှုဆောင်ကော်မတီ အရေးပေါ်အစည်းအဝေးမှာ ဆုံးဖြတ်ထားတာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG