သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သက်ကြီးရွယ်အို ကိုယ့်ကိုယ်ကို သတ်သေခြင်း


တိုက်ရိုက် လင့်ခ်


သက်ကြီးရွယ်အိုတွေမှာ ကိုယ့်ကိုယ်ကိုသတ်သေတာတွေ တစုံတရာရှိနေပြီး၊ အခုလို မဖြစ်အောင် ဝိုင်းကူညီ ကာကွယ်ပေးနိုင်တယ်လို့ စိတ်ကျန်းမာရေးပညာရှင်တွေက သတိပေးပြောဆိုပါတယ်။

အခုလို သက်ကြီးရွယ်အိုတွေ ကိုယ့်ကိုယ်ကို သတ်သေရတာက စိတ်ဓာတ်ကျတာကြောင့် အဓိကဖြစ်ပါတယ်။ အမျိုးသားတွေမှာ အမျိုးသမီးတွေထက် ဖြစ်တတ်ပြီး၊ ကြမ်းကြမ်းတမ်းတမ်းနည်းတွေကိုသုံးဖို့ ပိုကြိုးစားတာနဲ့ အရက်သောက်တာတွေကြောင့်ပါ။ ကိုယ်တန်ဖိုးထားတာ (ဥပမာ ဇနီး၊ ကိုယ်လိုချင်တဲ့ပစ္စည်း) ဆုံးရှုံးတာတွေနဲ့ အမှတ်တရနေ့ ရောက်ချိန်တွေမှာ အခုလို သတ်သေတတ်ပါတယ်။ ဒါ့အပြင် စိတ်ကျရောဂါပျောက်ဆေး သောက်နေသူတွေ၊ နာတာရှည်ရောဂါဖြစ်ပြီး နာကျင်မှု ပြင်းပြင်းထန်ထန် ခံစားနေရသူတွေ၊ အထီးကျန်ဖြစ်နေသူတွေ (ဥပမာ မုဆိုးဖို၊ မုဆိုးမ)၊ တစ်ဦးတည်း ခွဲနေရသူတွေမှာ ဒီရောဂါ ပိုဖြစ်တတ်ပါတယ်။ ဒီလိုလူမျိုးတွေမှာ အရက်သောက်ထားရင် ကိုယ့်ကိုယ်ကို သတ်သေဖို့ ပိုဖြစ်နိုင်ပါတယ်။

သက်ကြီးရယ်အိုတွေ အခုလို ကိုယ့်ကိုယ်ကိုသတ်သေတဲ့ အဆင့်မရောက်အောင် ကာကွယ်နိုင်ရေးအတွက် စောင့်ကြည့်ရမဲ့ လက္ခဏာနဲ့ အခြေအနေတွေရှိပါတယ်။ ဒီရောဂါ ခံစားလာရသူတွေအနေနဲ့ စိတ်ညစ်တယ်၊ စိတ်ရှုပ်တယ်၊ သေချင်တယ်လို့ ညည်းတတ်ကြတာအပြင် သတ်သေချင်တယ်၊ စိတ်ဓာတ်ကျတယ်လို့ပါ ဖွင့်ပြောတတ်ပါတယ်။ အခုလို ပြောလာသူတွေဟာ အသက်ကြီး အဖော်မဲ့ အထီးကျန်ဆန်သူတွေ၊ နာတာရှည်ရောဂါဝေဒါနာ ပြင်းပြင်းထန်ထန် ခံစားနေရသူတွေဖြစ်ပြီး အရက်ပါသောက်လေ့ရှိရင်တော့ ပို သတိထားသင့်ပါတယ်။ သူတို့မှာ အမှတ်တရနေ့တွေ ရှိနေရင်လည်း ပိုသတိထားသင့်ပါတယ်။ ဒါ့အပြင် စိတ်ကျရောဂါအတွက် ဆေးရုံမှာ ကုသမှုခံယူပြီး ပြန်ဆင်းလာစ (တစ်ပတ်နှစ်ပတ်အတွင်း) ကာလတွေမှာ ကိုယ့်ကိုယ်ကို သတ်သေတတ်တာမို့ ပိုသတိထားသင့်ပါတယ်။

စိတ်ကျရောဂါပျောက်ဆေး သောက်သုံးနေသူတွေကိုလည်း လွှတ်မထားဘဲ ဂရုတစိုက် စောင့်ကြည့်ပေးသင့်ပါတယ်။ ဒီရောဂါရလာသူတွေအနေနဲ့ ကိုယ့်ကိုယ်ကိုသတ်မသေခင် မှာချင်တာတွေ ဖြစ်ချင်တာတွေကိုပြောပြတာ၊ သေတန်းစာရေးသွားတာ၊ ဘာကြောင့် သတ်သေချင်တာတွေကို ကြိုရေးထားတာတွေလုပ်တတ်ပြီး၊ မသေခင် လိုက်နှုတ်ဆက်တာမျိုးလဲ လုပ်တတ်ပါတယ်။ အထူးသဖြင့် သူတို့ကို ကုပေးနေတဲ့ ဆရာဝန်တွေကို ကြိုတွေ့သွားလေ့ရှိပါတယ်။

အခုလို လက္ခဏာတွေနဲ့ အခြအနေတွေကို ကြိုတင်သိနိုင်သူတွေက မိသားစုတွေ၊ မိတ်ဆွေတွေနဲ့ ဆရာဝန်တွေ ဖြစ်နိုင်တာမို့ ကိုယ့်ကိုယ်ကိုသတ်သေတဲ့ အဆင့်မရောက်ခင် ထိရောက်တဲ့ ပြုစုကုသမှုပေးတာတွေ ဝိုင်းလုပ်ပေးသင့်ပါတယ်။ အထူးသဖြင့် ဆေးရုံဆေးခန်းပြပြီး နာကျင်မှုခံစားနေရလျှင် သက်သာအောင် ဆေးပေးသင့်ပါတယ်။ အဖော်မဲ့နေသူတွေ (အထူးသဖြင့် တစ်ဦးထဲနေပြီး အရက်ပါသောက်သူတွေ) အတွက် ကူဖော်လောင်ဖက် ထားပေးသင့်ပါတယ်။ မိသားစုနဲ့ နေရသူတွေအတွက်လဲ စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာ နာတာရှည် ဝေဒနာတွေ သက်သာအောင်ကုသပေးတာအပြင် သူ့ကို တစ်ဦးထဲမထားပဲ ရင်ဖွင့်နိုင်အောင် စကားပြောဖော်လုပ်ပေးတာ၊ မိသားစုနဲ့ သိုက်သိုက်ဝန်းဝန်း ပျော်အောင်ထားပေးတာ၊ အနီးကပ်စောင့်ကြည့်ပေးတာနဲ့ ဘာသာရေးနည်းတွေနဲ့ စိတ်တည်ငြိမ် ခံနိုင်ရည်ရှိလာအောင် ဖေးမစောင့်ရှောက်ပေးတာတွေ လုပ်ပေးသင့်ပါတယ်။

ဒီရောဂါအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်း က တပ်မတော်ဆေးတက္ကသိုလ် စိတ်ကျန်းမာ၊ပညာဌာန ပါမောက္ခ၊ ဌာနမှုးနဲ့ ဦးနှောက်အာရုံကြောနဲ့ စိတ်ပိုင်းဆိုင်ရာရောဂါအထူးကု ဒေါက်တာဉာဏ်ဝင်းကျော် ကို ဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။

XS
SM
MD
LG