သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငြိမ်းချမ်းတည်ငြိမ်ရေး အကူအညီပေးဖို့ ICRC ကမ်းလှမ်း


ICRC ဥက္ကဌ Peter Maurer နဲ့ သမ္မ ဦးထင်ကျော်တို့ တွေ့ဆုံဆွေးနွေး။ ဓာတ်ပုံ - နိုင်ငံတော် သမ္မတရုံး။
ICRC ဥက္ကဌ Peter Maurer နဲ့ သမ္မ ဦးထင်ကျော်တို့ တွေ့ဆုံဆွေးနွေး။ ဓာတ်ပုံ - နိုင်ငံတော် သမ္မတရုံး။

ICRC နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ဥက္ကဋ္ဌ Peter Maurer ဟာ မြန်မာနိုင်ငံကို မေလ ၉ ရက်ကနေ ၁၂ ရက်နေ့အထိ သွားရောက် လည်ပတ်ခဲ့ပြီး ပဋိပက္ခဖြစ်နေတဲ့ အရပ်တွေက ဒေသခံတွေရဲ့ အခြေအနေတွေကို ICRC နဲ့ တခြား အဖွဲ့အစည်းတွေ အနေနဲ့ ဘယ်လို ကူညီ ပေးနိုင်မလဲ ဆိုတာတွေကို နိုင်ငံတော် သမ္မတ ဦးထင်ကျော်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း ICRC က မေလ ၁၆ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဒါဟာ မစ္စတာ Maurer အနေနဲ့ မြန်မာနိုင်ငံကို ဒုတိယအကြိမ်မြောက် တရားဝင် သွားရောက် လည်ပတ်ခြင်းလည်း ဖြစ်ပါတယ်။

ICRC ရဲ့လုပ်ငန်းတွေဟာ စာနာမှုအကူအညီပေးရေး သက်သက်သာ ဖြစ်ပေမယ့်လည်း တခြား တည်ငြိမ်ရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ ယုံကြည်မှု တည်ဆောက်နိုင်ရေး တို့အပြင် ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်တွေ အတွက်လည်း ကူညီ ဆောင်ရွက်ပေးလို့ ရနိုင်တယ်ဆိုတာကို မြန်မာခေါင်းဆောင်တွေနဲ့ တွေ့ဆုံစဉ် တင်ပြ ဆွေးနွေးခဲ့တယ်လို့ Peter Maurer ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ICRC ဥက္ကဋ္ဌဟာ မြန်မာကြက်ခြေနီအဖွဲ့ ဥက္ကဋ္ဌ အပါအဝင် တခြား အဆင်မြင့် အရာရှိတွေနဲ့လည်း တွေ့ဆုံခဲ့ပြီး စာနာမှု အကူအညီပေးရေး ဆိုင်ရာ ကိစ္စရပ်တွေ၊ အထူးသဖြင့် ရခိုင်၊ ကချင်နဲ့ ရှမ်းပြည်နယ်တွေ အတွင်းမှာ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေရဲ့ဒဏ်ကို ခံစားနေကြရတဲ့ ထောင်ပေါင်းများစွာသော ဒေသခံ ပြည်သူတွေ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို ကူညီ ဖြေရှင်းပေးရေး ကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံအတွင်း သိသာ ထင်ရှားတဲ့ ပြောင်းလဲမှုတွေ ဖော်ဆောင်နေတာကြောင့် နိုင်ငံတကာရဲ့စိတ်ဝင်စားမှုတွေ ရရှိနေပေမယ့်လည်း ရခိုင်၊ ကချင်နဲ့ ရှမ်းပြည်နယ်တွေအတွင်းမှာ ဖြစ်ပေါ်နေတဲ့ ဆင်းရဲ ဒုက္ခတွေကို မျက်ကွယ်ပြုထားလို့ မရနိုင်ကြောင်းလည်း ICRC ဥက္ကဋ္ဌရဲ့ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံအတွင်း ဆောင်ရွက်နေတဲ့ ICRC ရဲ့လုပ်ငန်းတွေဟာ အာရှတိုက်အတွင်း ဒုတိယအကြီးဆုံးလည်း ဖြစ်ပါတယ်။ ICRC အဖွဲ့ဟာ မြန်မာနိုင်ငံကို လွန်ခဲ့တဲ့ နှစ် ၃၀ ကျော် ကတည်းက ရောက်ရှိခဲ့တာဖြစ်ပြီး ရခိုင်၊ ကချင်နဲ့ ရှမ်းပြည်နယ်တွေကို အထူးပြုပြီး စာနာမှု အကူအညီတွေ ပေးနေတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG