သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ပြေးဒုက္ခသည်စခန်းများနဲ့ပတ်သက်ပြီး ကာချုပ်မှတ်ချက်အပေါ် တုံ့ပြန်ချက်


ကချင်ဒုက္ခသည်စခန်းတခု
ကချင်ဒုက္ခသည်စခန်းတခု

ဒေသတွင်း စစ်ရေးတင်းမာမှုတွေကြောင့် အိုးအိမ်စွန့်ထွက်ပြေးနေကြရတဲ့ စစ်ဘေးဒဏ်သင့်ပြည်သူတွေ စစ်ရှောင်စခန်းတွေထဲ ခိုလှုံနေရတာ နှစ်ကြာလာတာနဲ့အမျှ အခက်အခဲမျိုးစုံနဲ့ရင်ဆိုင်နေရဆဲ အနေအထားမှာ နိုင်ငံ့ခေါင်းဆောင်တွေရဲ့ ဒုက္ခသည်တွေအပေါ် သုံးသပ်ပြောဆိုချက်တွေဟာ တာဝန်မဲ့ရာ၊ လူသားချင်းမစာနာရာရောက်လွန်းတယ်လို့ ဒုက္ခသည်တွေကို ကူညီပေးနေသူတွေက ဝေဖန်ပြောဆိုလိုက်ပါတယ်။ နိုင်ငံတကာအကူအညီတွေ လိုအပ်နေတဲ့အချိန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ နိုင်ငံတကာကြက်ခြေနီအဖွဲ့ ICRC ဥက္ကဋ္ဌ တို့တွေ့ဆုံချိန် လူသားချင်းစာနာမှုအကူညီတွေနဲ့ပတ်သက်လို့ ပြောဆိုချက်အပေါ် အခုလိုတုံ့ပြန်လိုက်ကြတာပါ။ မဆုမွန် တင်ပြထားပါတယ်။

ပြီးခဲ့တဲ့ မေ ၁၂ရက်နေ့က တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ICRC နိုင်ငံတကာကြက်ခြေနီအဖွဲ့ဥက္ကဋ္ဌ Peter Maurer တို့ နေပြည်တော်မှာ တွေ့ဆုံခဲ့ကြချိန် ICRCရဲ့ လူသားချင်းစာနာထောက်ထားတဲ့ အကူအညီပေးမှုတွေကို အမှန်တကယ် လိုအပ်နေသူများကိုသာ ပေးစေလိုကြောင်း၊ ဒုက္ခသည်တွေမရပဲ သောင်းကျန်းသူတွေထံမှ ပြန်လည်ရယူနေရကြောင်းနဲ့ ဒုက္ခသည်အမည်ခံ စခန်းဖွင့်လှစ်ထားတာ၊ ဒေသခံပြည်သူများကို လူသားဒိုင်းအဖြစ် အကာအကွယ်ယူထားတာ ဒုက္ခသည်တွေကို ပြန်လွှတ်နိုင်သော်လည်း အထောက်အပံ့ရဖို့ မလိုအပ်ဘဲ IDP Camp များ ဖွင့်လှစ်ထားတာ၊ တစ်ဖက်မှာလည်း တစ်ချို့ဒုက္ခသည်တွေက အကြောင်းအမျိုးမျိုးနဲ့ ဒုက္ခသည်စခန်းများတွင် ဆက်လက်နေထိုင်လိုတာကြောင့် IDP ကိစ္စရပ်တွေကို မှန်ကန်စွာချိန်ဆပြီး ကိုင်တွယ်ဖြေရှင်းဖို့ လိုအပ်နေတယ်ဆိုပြီး သတင်းထုတ်ပြန်ထားတာပါ။

ဒီလိုမျိုး စစ်ဘေးစစ်ရှောင်စခန်းတွေမှာ နေထိုင်နေရတဲ့သူတွေနဲ့ပတ်သက်လို့ သုံးသပ်ချက်တွေအပေါ် ဒုက္ခသည်အရေး ကူညီဆောင်ရွက်ပေးနေသူတွေကတော့ လက်မခံပါဘူး။ ဒါဟာ လက်နက်ကိုင်ပဋိပက္ခကြောင့် အသက်ဘေးလွတ်ရာကို အိုးအိမ်စွန့် ထွက်ပြေးနေရတဲ့ စစ်ပြေးဒုက္ခသည်အပေါ် လူသားချင်းစာနာမှုကင်းမဲ့ရာရောက်လွန်းတယ်လို့ ကချင်ငြိမ်းချမ်းရေးကွန်ရက်က ကချင်အမျိုးသမီးမမေစံပယ်ဖြူက အခုလိုပြောပါတယ်။

“ဒီနိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုပေါ့လေ International Humanitarian law အရကြည့်မယ်ဆိုရင် လက်နက်မကိုင်ထားတဲ့ အမျိုးသမီးတွေ ကလေးတွေ၊ သက်ကြီးရွယ်အိုတွေ IDP စခန်းတွေမှာ အများကြီးပဲရှိတယ်။ အဲဒီလိုကလေးတွေရဲ့ ပညာရေးကျန်းမာရေး၊ လူမှုရေးပေါ့နော် အဘက်ဘက်ကစာနာထောက်ထားမှုမရှိပဲနဲ့ အကူအညီတွေကို ဖျက်တောက်ထားတာ ၊ ငြင်းပယ်ထားတာ၊ မရရှိအောင်လုပ်တာတွေဟာ မဖြစ်သင့်တဲ့အရာ၊ မလုပ်သင့်တဲ့အရာပေါ့နော်။ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေတွေကို လစ်လျူရှုလိုက်တာပဲ၊ မျက်ကွယ်ပြုလိုက်တာပဲပေါ့။”

နှစ်ချီကြာမြင့်လာပြီဖြစ်တဲ့ စစ်ရေးတင်းမာမှုတွေကြား ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေရဆဲပြည်သူတွေမှာ ဒေသတွင်း တည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ စစ်မှန်တဲ့ငြိမ်းချမ်းရေးနဲ့နေရပ်ရင်းပြန်ရေးကိုပဲ အဓိကလိုလားနေကြတာဖြစ်တယ်လို့လည်း မမေစံပယ်ဖြူကပြောပါတယ်။

“ဒီဒုက္ခသည်စခန်းကိုရောက်နေရတဲ့ ဒုက္ခသည် ပြည်သူတွေဟာ ဒီစစ်ပွဲတွေ ပဋိပက္ခတွေကို သူတို့ဖန်တီးတာမဟုတ်ဘူးလေ။ လာမယ့် ဇွန် ၉ ရက်နေ့ဆိုရင်လည်း သူတို့ ဒုက္ခသည်စခန်းမှာ နေနေရတာ ၆ နှစ်ပြည့်ပြီလေ။ ဒုက္ခသည်စခန်းမှာ ၆ နှစ် နီးပါးလောက် နေရတဲ့ လူပေါင်း ၁ သိန်းကျော်ဟာ သူတို့မှာ ဘာအပြစ်ရှိလို့ လူသား၁ ယောက်ရဲ့အခွင့်အရေးတွေကို သူတို့က ငြင်းပယ်ခံနေရတာလဲ။NCA ထိုးမှ သူတို့တွေကို အကူအညီပေးမယ်ဆိုတာက အဲဒါလည်း ကျမကတော့ လုံး၀ တရားမျှတမှုမရှိဘူးလို့ ကျမထင်တယ်။ ဘာလို့လဲဆိုတော့ NCA ထိုးခြင်းမထိုးခြင်းကတော့ ဆုံးဖြတ်ခွင့်သူတို့လက်ထဲမှာမရှိဘူး။”

သက်ဆိုင်ရာအစိုးရတာဝန်ရှိသူတွေအနေနဲ့ စစ်ရှောင်ဒုက္ခသည်စခန်းတွေမှာ နှစ်ရှည်ခိုလှုံနေရတဲ့စစ်ဘေးဒုက္ခသည်တွေအတွက် မိမိတို့နေရပ်ကို မပြန်နိုင်ကြသေးခင် သူတို့အတွက် အဓိကအရေးကြီးဆုံးဖြစ်တဲ့ လူနေမှုဘဝအတွက် အလုပ်အကိုင်ဖန်တီးပေးနိုင်ဖို့ လက်မှု၊ စက်မှုပညာရပ်တွေသင်ကြားပေးသင့်ပြီး စစ်ဘေးရှောင်ကလေးငယ်လေးတွေအတွက် ပညာရေးမလစ်ဟင်းရအောင် ဆောင်ရွက်ပေးထားသင့်တယ်လို့လည်း စစ်ရှောင်စခန်းတွေကို လိုက်လံကူညီပေးနေတဲ့ မြန်မာလူထုမဟာမိတ်အဖွဲ့ (ရှမ်းပြည်)ရဲ့တာဝန်ခံ ကိုမိုးကလည်း အကြံပြုပါတယ်။

“စစ်ရှောင်စခန်းတွေမှာ အများဆုံးလိုအပ်တာကတော့ ၁ ကတော့ အစားအသောက်တွေအဓိကလိုတယ်၊ နံပတ်၂ ကတော့ ရာသီဥတုနဲ့ ပတ်သက်လာတဲ့အချိန်မှာ မိုးတွင်းဆိုရင်မိုးတွင်းအလိုက်၊ ဆောင်းတွင်းဆိုရင်လည်း ဆောင်းတွင်းအလိုက် လိုအပ်ချက်တွေရှိပါတယ်ခင်ဗျ။ နောက်တခုကတော့ ဒီစစ်ပွဲတွေကလည်း ရေရှည်ဖြစ်နေတဲ့အခါမှာ အဲဒီလူတွေရဲ့ လူနေမှုဘဝတွေ အလုပ်အကိုင်အခွင့်အလမ်းတွေဆိုတာလည်း ဖန်တီးပေးနိုင်ဖို့က တော်တော်လေး ခက်ခဲလာတယ်။ သူတို့နောင်တချိန်မှာ စစ်ပွဲတွေများပြီးသွားလို့ သူတို့အိမ်ရာတွေပြန်ခဲ့မယ်ဆိုရင်လည်း ဒီအိမ်ခြံမြေတွေမှာကတော့ ပြန်လည်တည်ဆောက်ရမယ့် ကိစ္စတွေရှိတယ်။ အဲဒီအချိန်မှာ သူတို့အသက်မွေးဝမ်းကျောင်းတွေအတွက်လိုအပ်တာတွေကို ဒီအချိန်မှာ စစ်ရှောင်စခန်းတွေမှာ ဖြစ်နိုင်ရင်တော့ လက်မှုပညာတွေနဲ့ ပတ်သက်ပြီးတော့ အတတ်နိုင်ဆုံးသင်ပေးခဲ့မယ်ဆိုရင် အမျိုးသမီး၊ ကလေး၊ သက်ကြီးရွယ်အိုဘဝတွေရဲ့ လုံခြုံမှုတွေ ကျနော်တို့ရမှာပါခင်ဗျ။ ကလေးငယ်တွေအတွက်ကို စစ်ရှောင်စခန်းတွေမှာ အဓိကတော့ နိုင်ငံတော်အစိုးရအနေနဲ့ အသိအမှတ်ပြုတဲ့ စာသင်ကျောင်းတွေဖွင့်လှစ်ပေးဖို့အတွက် လိုအပ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့အတန်းပညာနဲ့သူ တကယ်လို့ စစ်ဘေးရှောင်စခန်းတွေမှာ ဒီစစ်ပွဲတွေပြီးသွားလို့ နောင်တချိန်မှာ မြို့ပြတွေမှာ မူလနေရပ်တွေရောက်တဲ့အချိန်မှာ အတန်းပညာတွေကို စဉ်ဆက်မပျက်သင်နိုင်ဖို့အတွက် ဒါတွေကလည်း အရေးကြီးပါတယ်။”

ဒုက္ခသည်စခန်းတွေမှာ စားသောက်နေထိုင်ရေး အခက်အခဲ အရမ်းဖြစ်နေကြလို့နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့တွေရဲ့ လူသားချင်းစာနာမှု အကူအညီတွေ အရေးပေါ်လိုအပ်နေဆဲဖြစ်သလို လုံခြုံရေးအကြောင်းပြ တားမြစ်ခြင်းခံထားရတဲ့ ပြည်တွင်း၊ပြည်ပ အလှူရှင်တွေရဲ့ ကူညီထောက်ပံ့မှုတွေကလည်း အကန့်အသတ်မရှိပေးပို့နိုင်ဖို့ သက်ဆိုင်ရာတာဝန်ရှိသူတွေဘက်က ဆောင်ရွက်ပေးသင့်တယ်လို့ မမေစပယ်ဖြူကပြောပါတယ်။

သတင်းထုတ်ပြန်ချက်ထဲမှာတော့ ICRC ဥက္ကဋ္ဌဘက်က မြန်မာနိုင်ငံတွင်းက ပဋိပက္ခတင်းမာတဲ့နေရာတွေကို သွားရောက်ခွင့်ပြုဖို့ ဆွေးနွေးတင်ပြခဲ့ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဘက်ကတော့ မြန်မာနိုင်ငံမှာ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ပဋိပက္ခဖြစ်နေပြီး နိုင်ငံရေးနောက်ကွယ်မှာ ရှုပ်ထွေးမှုတွေရှိနေလို့ သက်ဆိုင်ရာ ဒေသန္တရာတာဝန်ရှိသူတွေ တိုက်ရိုက်တာဝန်ယူထားတဲ့ ဝန်ကြီးဌာနတွေနဲ့ အကောင်းဆုံးဖြစ်အောင်ဆောင်ရွက်ပေးမယ်လို့တုန့်ပြန်ပြောဆိုသလို IDP ကမ့်တွေ ထားရှိရေးနဲ့ပတ်သက်လို့ အဓိက ငြိမ်းချမ်းရေးရအောင် လုပ်ဆောင်နေပြီး လူူမှုဘဝဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ပေးခြင်းက အကောင်းဆုံးဖြစ်တယ်ဆိုတာကို ဆွေးနွေးခဲ့ကြောင်း ဖော်ပြပါရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG