သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်စစ်အရှိန်မြင့်လာလို့ ဒုက္ခသည်တွေ စိုးရိမ်ထိတ်လန့်


ကချင် စစ်ပြေးဒုက္ခသည်များ
ကချင် စစ်ပြေးဒုက္ခသည်များ

ကချင်ပြည်နယ် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO လိုင်ဇာစစ်ဌာနချုပ်အနီးက KIA တပ်စခန်းတွေကို ပစ်မှတ်ထားပြီး အစိုးရစစ်တပ်ဘက်က စခန်းသိမ်းတိုက်ပွဲတွေနဲ့ ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်တိုက်နေတဲ့ အတွက် စစ်ပြေးဒုက္ခသည်တွေနဲ့ ဒေသခံပြည်သူတွေရဲ့ အသက်ဘေးအန္တရာယ်ဟာ အတော်လေးကို စိုးရိမ်စရာအနေအထားဖြစ်လာနေတယ်လို့ ဒုက္ခသည်တွေကို ကူညီကယ်ဆယ်ပေးနေသူတွေကပြောပါတယ်။ အခုလိုစစ်ရေးတင်းမာလာနေတဲ့အခြေအနေဟာ အစိုးရသစ်ဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် များစွာထိခိုက်မှုတွေရှိတဲ့အတွက် စစ်မှန်တဲ့ငြိမ်းချမ်းရေး ရနိုင်ရေး ပြည်တွင်းစစ်မီးငြိမ်းအောင် လုပ်နိုင်ပါ့မလားဆိုတဲ့ ဒေသခံတွေဘက်က စိုးရိမ်မှုတွေလည်း ရှိနေကြတာပါ။

ဒီကနေ့ ကချင်ပြည်နယ်တွင်း စစ်ရေးအခြေအနေတွေ၊ ဒုက္ခသည်စခန်းက ဒုက္ခသည်တွေရဲ့ လုံခြုံရေး အနေအထားနဲ့ပတ်သက်လို့ ကချင်ပြည်နယ်နဲ့ ရှမ်းမြောက်ဒေသက စစ်ပြေးဒုက္ခသည်တွေအတွက် လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေ ထောက်ပံ့ကူညီပေးနိုင်ရေး ဒေသအခြေစိုက်လူမှုအဖွဲ့အစည်း (၉)ဖွဲ့ စုစည်းထားတဲ့ ပူးပေါင်းလုပ်ငန်းစဉ်အဖွဲ့ရဲ့ အတွင်းရေးမှူး U Gum Sha Awng ကို မဆုမွန်က ဆက်သွယ်မေးမြန်းတဲ့အခါ သူက အခုလို စဖြေပါတယ်။

ဖြေ။ ။တမနက်လုံး ဗုံးသံကြားတော့ IDP တွေတော်တော်လေး ထိတ်လန့်တဲ့ကိစ္စပေါ့။ ဒီနေ့မနက် ၄ နာရီ ဝန်းကျင်မှာ လိုင်ဇာနားမှာရှိတဲ့ IDP စခန်းမှာ သိပ်မဝေးဘူးအဲဒီနားမှာပဲ ဗုံးဆန် ကျတော့ မနက်ကတည်းကနေ IDP တွေတော်တော်လေး စိုးရိမ်ထိတ်လန့်ပြီး သူတို့က အခုနေရာပြောင်းရွေ့ရတဲ့ အနေအထားမှာ ရှိနေပါတယ်။ အထူးသဖြင့်တော့ လွန်ခဲ့တဲ့ ၂ ရက် ၃ ရက်အတွင်း တပ်စခန်းတချို့ပါ ပြန်ပြီးတော့ ဆုတ်ရတဲ့အနေအထားရှိတော့ အနီးအနားဝန်းကျင်မှာရှိတဲ့ IPD camp ပေါ့နော် အထူးသဖြင့် အဲဒီမှာ camp ၂ ခုရှိတာဖြစ်ပါတယ် မဂါယန်ရယ် ၂ ခုရှိတော့ အဲဒီအနီးအနားမှာရှိတဲ့ IPD တွေအတွက်လည်း တော်တော်များများ ထိန့်လန့်နေကြတယ်။ အခုတချို့ဆိုရင် ပစ္စည်းတွေထုတ်ပြီးတော့ ပြေးရမလား ဆိုတဲ့အနေအထားမျိုးရှိနေတယ်။ ဖြစ်ချင်တော့ အဲဒီ IDP စခန်းတွေအားလုံးက တရုတ်ပြည်နယ်စပ်မှာ ဖြစ်နေတော့ သူတို့အတွက် နောက်ဆုံးပြေးဖို့က တရုတ်ပြည်ပဲ ကျန်တာပေါ့နော် ဒါပေမယ့် အဲဒါကလည်း သူတို့အတွက် မသေချာ ဘူးပေါ့နော်။

မေး။ ။ဒီတိုက်ပွဲတွေဖြစ်နေတဲ့ ဒေသဝန်းကျင်မှာ လုံခြုံရေးအနေအထားကရော ဘယ်လိုများရှိပါသလဲရှင့်။

ဖြေ။ ။လုံခြုံရေးအနေနဲ့ ဆိုရင်တော့ ပြည်သူလူထုအတွက်ကတော့ ဘယ်လိုမှ လုံခြုံတယ်လို့ ပြောလို့မရပါဘူး။ အဲဒီအဝန်းအဝိုင်းမှာတော့ လုံခြံရေးအတွက်ဆိုရင် တော်တော်လေးစိုးရိမ်ရတဲ့ အနေအထားရှိနေပါတယ်။ အခုစစ်ဖြစ်ခဲ့တဲ့ တလျှောက်မှာရှိတဲ့ IDP စခန်းက သူတို့အတွက် သွားဖို့လာဖို့ကတော်တော်လေး ဘေးကျပ်နံကျပ်အနေအထားမှာရှိနေတယ်။ အထူးသဖြင့် အဲဒီဒေသမှာ ကျနော့်အနေနဲ့ စိုးရိမ်တာက ရေရှည်ဖြစ်မယ်ဆိုရင် အဲဒီဒေသကို အကူအညီပေးဖို့ပေါ့နော် ရိက္ခာတို့ ဘာတို့ အကူအညီပေးဖို့ရန် တော်တော်လေးခက်ခဲလာမယ့်အနေအထားရှိတာဖြစ်ပါတယ်။

မေး။ ။အဲဒီမှာ ဒုက္ခသည်ပြည်သူတွေအပါအဝင် သူတို့အတွက် စားနပ်ရိက္ခာနေဖို့ သူတို့အတွက် အဓိက ဘာများအခက်အခဲရှိပါသလဲရှင့်။

ဖြေ။ ။နံပတ်၁ ကတော့ ဘေးကင်းလုံခြုံဖို့ပေါ့နော်၊ အခုလိုဖြစ်တော့ သူတို့ ကြောက်လန့်နေကြတယ်။ သူတို့အတွက် ဘယ်ပြေးလို့၊ ဘယ်သွားရမလဲ မသိတဲ့အနေအထားမျိုးဆိုတော့ စစ်ဘေးဒုက္ခသည်တွေနဲ့ အရပ်သားတွေနဲ့ နံပတ် ၁ အရေးကြီးဆုံးကတော့ အခုအချိန်မှာ သူတို့ ဘေးကင်းလုံခြုံဖို့က အရမ်းအရေးကြီးနေတယ်။ နံပတ် ၂ ကျတော့ အရေးပေါ်လိုအပ်ချက်ဖြစ်တဲ့ စားနပ်ရိက္ခာ နဲ့ တခြားလိုအပ်တဲ့ကိစ္စပေါ့နော် ၊ အခုက ဆောင်းတွင်းလည်းဖြစ်တယ်၊ အခုနေတဲ့နေရာကနေ ပြေးရမယ်ဆိုရင် ဒီအနေအထားမျိုးမှာ တော်တော်လေးကို ဆိုးဝါး တဲ့အနေအထားမျိုးဖြစ်သွားနိုင်တာပေါ့။ အခုရှိတဲ့ IDP စခန်းတွေတောင်မှ လုံခြုံတဲ့ဟာ မဟုတ်ဘူးပေါ့နော်။ အမိုးအကာကအစ ကာလကြာနေတော့ တော်တော်လေးပျက်စီးနေတဲ့အနေအထားမျိုးမှာ ဒီလိုအနေအထားကနေ ပြန်ပြီးမှ ထွက်ပြေးတိမ်းရှောင်ရမယ်ဆိုရင်တော့ ဒီလိုကာလမျိုးမှာတော့ တော်တော်လေးဆိုးဆိုးဝါးဝါးဖြစ်လာနိုင်မယ့်အနေအထားမျိုးရှိတာဖြစ်ပါတယ်။

မေး။ ။ U Gum Sha Awng တို့အနေအနဲ့ပေါ့နော် ကချင်ပြည်နယ်အစိုးရကိုရော ပြည်ထောင်စု အစိုးရကိုရော ဘာများတောင်းဆိုချင်တာရှိပါသလဲရှင့်။ ဘာများသူတို့အနေနဲ့ အရေးတကြီးလိုအပ်တာလုပ်ပေးဖို့ ရှိပါသလဲရှင့် ။

ဖြေ။ ။အထူးသဖြင့်တော့ လက်ရှိဖြစ်တဲ့ ကိစ္စတွေက တိုက်ပွဲနဲ့ ဆက်စပ်ပြီးတော့ ဖြစ်နေတာဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့အနေနဲ့တော့ အခုဖြစ်နေတဲ့ တိုက်ပွဲအမြန်ဆုံး ရပ်တန့်ဖို့က ပြည်သူလူထုအတွက် အရမ်းအရေးကြီးတယ်လို့ မြင်ပါတယ်။ တိုက်ပွဲတွေ ဒါတွေ အမြန်ရပ်တန့်ဖို့လိုတာ ဖြစ်ပါတယ်။ နံပတ် ၂ ကျတော့ လူသားချင်းဆိုင်ရာ ထောက်ထားတဲ့ အကူအညီတွေကို မြန်မြန်ပေးနိုင်ဖို့ရန်အတွက် ကူညီပေးဖို့ ထောက်ပံ့ပေးဖို့ လိုမှာဖြစ်ပါတယ်။

မေး။ ။အခုက အရပ်သားအစိုးရသစ်လက်ထက်မှာ ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပပြီး ပြည်တွင်းငြိမ်းချမ်းရေးအတွက် တည်ဆောက်ဖို့ဆိုပြီး ကြိုးစားနေပါတယ်။ တချိန်တည်းမှာလည်း ဒီလိုမျိုး တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ တိုက်ပွဲတွေဖြစ်နေတဲ့ အနေအထားမှာ U Gum Sha Awng တို့လို စစ်ပြေးဒုက္ခသည်တွေအတွက် ကူညီဆောင်ရွက်ပေးနေတဲ့ အဖွဲ့အစည်းတွေအနေနဲ့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ဘယ်လိုများရှု့မြင်သုံးသပ်မိပါသလဲ၊ အခုသွားမယ့် ငြိမ်းချမ်းရေးခရီးစဉ် အပေါ်မှာပေါ့နော်။

ဖြေ။ ။မနှစ်တုန်းက ဒီလိုမျိုးအချိန်မျိုးမှာ ကျနော်တို့အနေနဲ့ ငြိမ်းချမ်းရေးခရီးစဉ်အပေါ်မှာ တော်တော်လေး မျှော်လင့်မိတာပေါ့နော်။ အထူးသဖြင့်အစိုးရသစ်တက်လာတဲ့အချိန်မှာ ဒီငြိမ်းချမ်းရေး ပိုပြီးတော့မှ ခရီးတွင်မယ်ဆိုပြီးတော့မှ မျှော်လင့်တယ် ၊ ကျနော်တို့အပြင် IDP တွေကလည်း မျှော်လင့်တာ သိပ်မကြာမီအချိန်မှာ သူတို့မျှော်လင့်သလို ကိုယ့်အရပ်ကိုယ့်ရွာကိုပြန်နိုင်မယ်ဆိုပြီးမှ တော်တော်လေး အဲဒီအပေါ်မှာ မျှော်လင့်တယ်။ အခုက နောက်ဆက်တွဲ တိုက်ပွဲတွေပြင်းထန်လာတယ် ၊နဂို ထက်ဆိုးလာတဲ့အနေအထားရှိတော့ IDP တွေအတွက်လည်း အခုအချိန်မှာ သူတို့မျှော်လင့်ချက်က ရေစုန်မျှောသလို ဖြစ်သွားတာပေါ့နော် ။ ကြောက်လန့်တကြားနဲ့ ထွက်ပြေးတိမ်းရှောင်ရမယ့်အနေအထားဖြစ်တော့ အခုဒီကိစ္စတွေကို အမြန်ဆုံးပေါ့နော် ပြည်သူလူထုအရေး၊ စစ်ဘေးဒုက္ခသည်တွေရဲ့အရေးကို အမြန်အလေးထားပြီး အားလုံးပြန်ပြီးတော့မှ ဝိုင်းဝန်းလုပ်ဆောင်ဖို့လိုတယ်ဆိုပြီး ကျနော့်အနေနဲ့ တောင်းဆိုချင်တာဖြစ်ပါတယ်။

မေး။ ။ ဟုတ်ကဲ့ပါ ဆရာ U Gum Sha Awng အခုလိုဖြေပေးတာ ကျေးဇူးအများကြီးတင်ပါတယ်ရှင်။

ဒါကတော့ ကချင်ပြည်နယ်တွင်း စစ်ရေးအခြေအနေတွေ၊ ဒုက္ခသည်စခန်းက ဒုက္ခသည်တွေရဲ့ လုံခြုံရေး အနေအထားနဲ့ပတ်သက်လို့ ကချင်ပြည်နယ်နဲ့ ရှမ်းမြောက်ဒေသက စစ်ပြေးဒုက္ခသည်တွေအတွက် လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေ ထောက်ပံ့ကူညီပေးနိုင်ရေး ဒေသအခြေစိုက် လူမှုအဖွဲ့အစည်း (၉)ဖွဲ့ စုစည်းထားတဲ့ ပူးပေါင်းလုပ်ငန်းစဉ်အဖွဲ့ ( Joint Strategy Team) ရဲ့ အတွင်းရေးမှူး U Gum Sha Awng ကို မဆုမွန်က ဆက်သွယ်မေးမြန်းခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG