သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ရှောင်ဒုက္ခသည်တွေ တိုက်ပွဲတွေကြောင့် ထွက်ပြေးနေရ


(Citizen Journalist)
(Citizen Journalist)

ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်း ကချင်ပြည်နယ် လိုင်ဇာမြို့နားတဝိုက်မှာ ထပ်မံ ဖြစ်ပွားလာတဲ့ စစ်ပွဲတွေကြောင့် နဂိုရှိပြီးသား IDP စစ်ဘေးရှောင် ဒုက္ခသည် စခန်း ၃ ခုက ဒုက္ခသည်တွေဟာ တရုတ်နယ်စပ်နဲ့ နီးတဲ့ဒေသဖက်ကို ထပ်မံထွက်ပြေးကြရပြီး အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ ဒုက္ခသည် အကူအညီပေးရေးအဖွဲ့တွေနဲ့ ဘာသာရေးခေါင်းဆောင်တွေက ပြောပါတယ်။

အဲဒီလို စစ်ဘေးကနေ ထွက်ပြေးနေရတဲ့ ကလေးငယ်တွေ ဒီနှစ်အတွက် အတန်းတင် စာမေးပွဲကို ဖြေခွင့်မရကြတော့ဘူးလို့ ဆိုပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။

မကြာသေးခင်က ကချင်ပြည်နယ် လိုင်ဇာနားတဝိုက်မှာ ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် KIO ထိန်းချုပ်ဒေသမှာ နဂိုရှိပြီးသား ဇိုင်းအောင်၊ မဂယမ်၊ ခေါင်ရှောင် စတဲ့ စစ်ဘေးဒုက္ခသည်စခန်း ၃ ခုက ဒုက္ခသည်တွေဟာ တရုတ်နယ်စပ်နားက ရှီအိယမ် ဒေသဖက်ကို ယာယီထွက်ပြေး ခိုလှုံနေကြရ ပါတယ်။ အဲဒီဒေသမှာ ရာသီဥတု အလွန်အေးနေတာကြောင့် ဒုက္ခသည်တွေ အလွန် ဒုက္ခရောက်နေတယ်လို့ သူတို့ အကူအညီရရေး လုပ်ဆောင်နေတဲ့ ဝမ်ပေါင်နိန်းထွဲအဖွဲ့ တာဝန်ခံ ဒေါ်မေရီတွမ်က ပြောပါတယ်။

“ဒုက္ခသည်စခန်း ၃ ခုပေါ့နော်။ ဇိုင်းအောင်၊ မဂယမ်ရယ်၊ နောက်ပြီးမှ ခေါင်ရှောင်တို့ အဲက လူတွေဆိုရင် သူတို့မှာ စစ်က အပြင်းအထန်ဖြစ်တဲ့အတွက်ကြောင့်မို့ အဲဒီတောက်လျှောက်မှာရှိတဲ့ ဒုက္ခသည်စခန်း ၃ ခုပေါင်းကတော့ ၈ ထောင်နဲ့ ၁ သောင်းကြားရှိမယ်။ အဲဒီက လူတွေက ရာသီဥတုဒဏ်လည်း ခံစားရတယ်။ အခုအချိန်မှာဆိုရင် သူတို့က တကယ့်ကို ယာယီ ပလတ်စတစ် မိုးကာတဲလေးတွေနဲ့ နေနေရတယ်။ သက်ကြီးရွယ်အိုတွေအတွက်ကလည်း တော်တော်လေး ခက်ခဲတယ်ပေါ့။ အဲဒီနေရာမှာက ကျန်တဲ့နေရာထက် သူက နည်းနည်း အေးတယ်ပေါ့။ ဒုက္ခရောက်နေတဲ့နေရာမှာ လူသားချင်းစာနာမှု အကူအညီကို ထိထိရောက်ရောက် ပံ့ပိုးပေးဖို့ အရေးကြီးပါတယ်။”

ကချင်ပြည်နယ်တွင်းမှာရော ရှမ်းမြောက်ပိုင်းနဲ့ကချင် နယ်စပ်ဒေသတွေမှာပါ KIA ကချင်တပ်တွေနဲ့ အစိုးရတပ်တွေကြား တိုက်ပွဲတွေ ကြိုကြားကြိုကြား ပြန်ဖြစ်နေတာပါ။ ဒီစစ်ပွဲတွေကြောင့် အိမ်ထောင်စုပေါင်း ၄၂၀ လောက် ထွက်ပြေးနေရတယ်လို့ ကွတ်ခိုင် ကချင်နှစ်ခြင်းအသင်း KBC ရဲ့သင်းအုပ်ဆရာ ဦးဂွန်တိုင်က ပြောပါတယ်။

“အဓိကက KIO ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဇိုင်းအောင်တို့ အဲဒီဘက်မှာ တိုက်ပွဲဖြစ်လာတော့ သူတို့က ထွက်ပြေးရတယ်လေ။ ထွက်ပြေးရတော့ ရှီအိယမ် ဘက် ရောက်သွားတယ်ပေါ့နော်။ အဲဒီဘက်မှာကတော့ အရမ်းကို ဒုက္ခရောက်တာပေါ့။ အခု လောလောဆယ်မှာ အိမ်ထောင်ပေါင်း ၄၂၀ လောက်က မိုးကဲတဲတွေ၊ အစားအသောက်တွေ၊ ဆေးဝါးတွေ အရမ်းကို လိုအပ်နေတာပေါ့နော်။ ရာသီဥတုကလည်း ကြမ်း၊ နှင်းတွေကလည်းကျ၊ ရေလည်းခဲ အဲ့လိုအနေအထားမှာ သူတို့က မိုးကာလေးနဲ့ နေရတာပေါ့နော်။”

စစ်ဘေးရှောင်ရင်း ထွက်ပြေးနေရတဲ့အတွက် မူလတန်း အလယ်တန်းအဆင့် ကလေးငယ်တွေ ဒီနှစ်အတွက် အတန်းတင်စာမေးပွဲကို ဖြေခွင့်မရကြ တော့ဘူးလို့ ဒေါ်မေရီတွမ်က ပြောပါတယ်။

“တချို့ကလေးတွေက စာမေးပွဲ မဖြေနိုင်တော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဇန်နဝါရီလောက်ကတည်းကနေ သူတို့က ထွက်ပြေးနေရတာ။ နှစ်နေရာ၊ သုံးနေရာ အဲ့ဒီလို ထွက်ပြေးနေတဲ့ အခါကျတော့ ကျောင်းတွေ ဘာတွေလည်း မလုပ်ပေးနိုင်ဘူး။ ဥပမာ အတန်းကြီးတဲ့လူကတော့ လိုင်ဇာကိုသွားပြီးတော့ အဲဒီမှာရှိတဲ့ ကျောင်းမှာ သွားတက်တာမျိုးရှိတယ်။ အတန်းငယ်တဲ့ ကလေးတွေကျတော့ အဲဒီမှာရှိတဲ့ ကျောင်းသား တော်တော်များများ ရာဂဏန်းကတော့ ဒီနှစ်စာမေးပွဲမှာ သူတို့ စာမေးပွဲ ဖြေခွင့် မရှိတာလေးတွေရှိပါတယ်။”

ကချင်စစ်ဘေးရှောင် ဒုက္ခသည်တွေအတွက် မြန်မာကျပ်ငွေ သိန်း ၃၀၀၀-ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာ ချထားရေးဝန်ကြီးကတဆင့် ထောက်ပံ့လှူဒါန်းသွားဖို့ ဖေဖေါ်ဝါရီ ၂ ရက်နေ့မှာပေးအပ်ခဲ့ပါတယ်။ အဲဒီအကူအညီ တွေဟာ အခုချိန်ထိတော့ ဒုက္ခသည်တွေလက်ထဲ ရောက်မလာသေးဘူးလို့ KBC ရဲ့သင်းအုပ်ဆရာ ဦးဂွန်တိုင်က ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ပေးတဲ့ သိန်းပေါင်း ၃ ထောင်က IDP တွေက ကိုယ့်အိမ်ကိုယ် ပြန်လည် ထူထောင်တဲ့နေရာမှာ သုံးဖို့လို့ ကျနော် နားလည်တယ်။ လောလောဆယ်အတွက်တော့ မဟုတ်သေးဘူး။ ကျနော်တို့အမြင်ကတော့ စစ်ပွဲတွေ ရပ်သွားရင်တော့ အေးချမ်းသွားရင်တော့ IDP တွေလည်း ကိုယ့်အိမ်ကိုယ် ပြန်ရမှာပေ့ါ။ လက်တွေ့မှာ ကျနော်တို့ IDP တွေက ထွက်ပြေးနေရတုန်းပဲလေ။”

ဒီကိစ္စ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန တာဝန်ရှိသူတွေကို ဆက်သွယ်ခဲ့ပေမယ့် အဆက်သွယ် မရခဲ့ပါဘူး။ ကချင်ဒေသတွင်း စစ်ပွဲတွေကြောင့် ကချင်စစ်ဘေးရှောင် IDP ဒုက္ခသည်စခန်း ၉ ခုရှိပြီး၊ ဒုက္ခသည်ပေါင်း ၁ သိန်း ၂ သောင်းကျော် ရှိတယ်လို့ ခန့်မှန်းထားကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG