သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယမြန်မာ နယ်ခြားမှတ်တိုင် ပူးတွဲတိုင်းတာမှု ဒေသခံကန့်ကွက်


အိန္ဒိယမြန်မာနယ်စပ် တနေရာ
အိန္ဒိယမြန်မာနယ်စပ် တနေရာ

အိန္ဒိယနိုင်ငံ-မြန်မာ နယ်စပ်ဒေသတလျှောက်မှာ နယ်ခြားမှတ်တိုင် စိုက်နိုင်ရေးအတွက် တိုင်းတာမှုတွေ ပြုလုပ်နေတဲ့ကိစ္စနဲ့ ပတ်သက်လို့ နာဂလန်းပြည်နယ်၊ Tuensang ခရိုင် အတွင်းမှာရှိတဲ့ Pangsha ကျေးရွာကောင်စီက ပြည်နယ်ဝန်ကြီးချုပ်ထံ ကန့်ကွက်စာ ရေးသား ပေးပို့လိုက်ပါတယ်။

အိန္ဒိယနဲ့ မြန်မာ ပူးတွဲ တိုင်းတာတဲ့အဖွဲ့ဟာ နယ်ခြားမှတ်တိုင် BP145 နဲ့ BP146 ဒေသတွေမှာ စစ်တမ်း ကောက်ယူခဲ့ကြစဉ် အဲဒီ ဒေသမှာ အခြေစိုက် နေထိုင်တဲ့ Khiamniungan မျိုးနွယ်စုတွေရဲ့ သဘောဆန္ဒမပါဘဲ ကောက်ယူခဲ့တာ ဖြစ်တဲ့အတွက် အဲဒီ ဌာနေ မျိုးနွယ်စုတွေ နေထိုင်တဲ့ဒေသ နှစ်ခြမ်း ကွဲသွားစေတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် နယ်ခြားမှတ်တိုင် BP146 ကို စိုက်ထူတဲ့နေရာမှာ ဒေသခံတွေရဲ့ စိုက်ပျိုးမြေ ၃,၅၀၀ ဧက မှားယွင်းပြီး မြန်မာနိုင်ငံဘက်ကို ပါသွားခဲ့တာကြောင့် Pengsha နဲ့ အနီးဝန်းကျင်မှာရှိတဲ့ ကျေးရွာတွေက ပြည်နယ် ဝန်ကြီးချုပ် Shurhozelie Liezietsu ထံ စာရေးသား ကန့်ကွက်လိုက်တာ ဖြစ်ပါတယ်။

ဒါကြောင့် အခုစိုက်လိုက်တဲ့ နယ်ခြားမှတ်တိုင် BP146 ကို ချက်ခြင်း ရုပ်သိမ်းပေးပြီး Pangsha ကျေးရွာနဲ့ ထိစပ်နေတဲ့ မြန်မာနယ်စပ် တလျှောက်မှာ သမားရိုးကျ နယ်စပ်စည်းမျဉ်းအတိုင်း ပြည်လည် သတ်မှတ်ပေးဖို့ တောင်းဆိုလိုက်ကြပါတယ်။ ဒီကိစ္စကို ပြန်လည် ပြင်ဆင်မှု မပြုလုပ်မချင်း သက်ဆိုင်ရာ အစိုးရတွေအနေနဲ့ တိုင်းတာယူမှုတွေကို ရပ်ဆိုင်းပြီး အဲဒီနေရာကနေ ထွက်ခွာသွားကြရ မယ်လို့လည်း ပြည်နယ် ဝန်ကြီးချုပ်ထံ ရေးသားတဲ့ စာထဲမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် အိန္ဒိယ- မြန်မာ နယ်ခြားစည်းရိုးကာရံမယ့် အစီအစဉ်ကိုဖျက်သိမ်းရေး အတွက် မြန်မာအစိုးရကို တိုက်တွန်းပေးဖို့ ပြည်နယ်အစိုးရ ကျန်းမာရေးနဲ့ လူမှုဖူလုံရေး ဝန်ကြီး P Longon က အောက်လွှတ်တော်မှာ တင်သွင်းခဲ့တဲ့ကိစ္စကို မတ်လ ၂၈ ရက်နေ့က လွှတ်တော်မှာ ဆွေးနွေးဆုံးဖြတ်ပြီး အတည်ပြုပေးခဲ့ပြီး ဖြစ်ပါတယ်။

နယ်စပ်စည်းရိုးရဲ့ တဖက်တချက်မှာ နေထိုင်ကြတဲ့ နာဂလူမျိုးတွေရဲ့ မိသားစုဝင်တွေ အတားအဆီးမရှိ ဆက်လက်ပြီး ရင်းရင်းနှီးနှီး နေထိုင်နိုင်ကြစေဖို့ အတွက် မြန်မာ အစိုးရကို ဗဟိုအစိုးရကနေ တိုက်တွန်းပေးဖို့ ပြည်နယ် ကျန်းမာရေးနဲ့ လူမှုဖူလုံရေး ဝန်ကြီးက တိုက်တွန်းခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG