သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန်-မြန်မာ နိုင်ငံခြားရေးဝန်ကြီးနှစ်ဦး ရခိုင်အရေးဆွေးနွေး


ဂျပန်နိူင်ငံခြားရေးဝန်ကြီး Fumio Kishida နဲ့ ဒေါ်အောင်ဆန်းစုကြည်
ဂျပန်နိူင်ငံခြားရေးဝန်ကြီး Fumio Kishida နဲ့ ဒေါ်အောင်ဆန်းစုကြည်

၅ ရက်ကြာ ချစ်ကြည်ရေးခရီးစဉ်အဖြစ် ဂျပန်နိုင်ငံကိုရောက်နေတဲ့နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ နိုဝင်ဘာ ၃-ရက် ဒီကနေ့မှာ ဂျပန်နိူင်ငံခြား ရေးဝန်ကြီးနဲ့ တိုကျိုမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့သလို၊ ဒေါ်အောင်ဆန်းစုကြည် တချိန်က သုတေသနလုပ်ခဲ့တဲ့ ကျိုတိုတက္ကသိုလ်က ချီးမြှင့်တဲ့ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ကိုလဲ လက်ခံရယူခဲ့ပါတယ်။ အကြောင်းစုံကို ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂျပန်နိုင်ငံ ချစ်ကြည်ရေးခရီးစဉ် သုံးရက်မြောက်နေ့ဖြစ်တဲ့ ဒီနေ့ကြာသပတေးနေ့မှာတော့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး Fumio Kishida နဲ့ တိုကျိုမြို့မှာ တွေ့ဆုံစဉ် မြန်မာနိုင်ငံက တိုင်းရင်းသား လက်နက်ကိုင်ပဋိပက္ခကို အဆုံးသတ်စေရေးအတွက် ဂျပန်-မြန်မာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်သွားဖို့ သဘောတူခဲ့ကြပါတယ်။ မြန်မာနိုင်ငံဟာ ဂျပန်အတွက် အရေးပါတဲ့ မိတ်ဖက်နိုင်ငံ ဖြစ်တယ်လို့ အဲဒီတွေ့ ဆုံပွဲမှာ ဂျပန်နိူင်ငံခြားရေးဝန်ကြီး Kishida ပြောခဲ့ပါတယ်။

“မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ စံ တန်ဖိုးတွေ၊ အခြေခံ လူ့အခွင့်အရေးနဲ့ တရားဥပဒေ စိုးမိုးရေးတွေနဲ့ ပတ်သက်ပြီး ကျနော်တို့လည်း မျှဝေခံစား နေရတာကြောင့် မြန်မာနိုင်ငံဟာ ဂျပန်အတွက် အရေးပါတဲ့ မိတ်ဖက်နိုင်ငံဖြစ်ပါတယ်။ ဂျပန်ရဲ့အစိုးရ ပိုင်းကရော ပုဂ္ဂလိက ပိုင်းကပါ မြန်မာနိုင်ငံကို ထောက်ပံ့ ကူညီသွားဖို့ ဆန္ဒရှိပါတယ်။”

ဂျပန်-မြန်မာ နိုင်ငံခြားရေးဝန်ကြီး နှစ်ဦးတို့ဟာ မတည်မငြိမ်ဖြစ်နေတဲ့ ရခိုင်ဒေသအရေးကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်း စုကြည်ကတော့ မောင်တော အကြမ်းဖက်တိုက်ခိုက်မှုကို တရားဥပဒေ စိုးမိုးရေးအခြေခံနဲ့ ကိုင်တွယ်ဆောင်ရွက်နေကြောင်း ပြောဆိုပါတယ်။ ဂျပန်နိုင်ငံခြားရေးဝန်ကြီးကတော့ ဘယ်လို အကြမ်းဖက်မှုပုံစံမျိုးကိုမှ လက်မခံနိုင်ကြောင်း ပြောဆိုခဲ့ပြီး ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး မြန်မာအစိုးရရဲ့ ဆောင်ရွက်ချက်တွေကို ကြိုဆိုကြောင်း ပြောပါတယ်။ ဒါ့အပြင် ရခိုင်ပြည်သူတွေ သွားလာရေး အဆင်ပြေစေဖို့နဲ့ ဒေသဖွံ့ဖြိုး တိုးတက်မှု အထောက်အကူဖြစ်စေဖို့အတွက် ဂျပန်နိုင်ငံသဘောၤ အဟောင်း ၂ စင်းနဲ့ အသစ် တစင်းပေး အပ်ခဲ့ပါတယ်။

နိူဝင်ဘာ ၂ ရက်နေ့တုန်းက ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနဲ့ ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံစဉ်မှာ JOCV (Japan Overseas Cooperation Voluteers) လို့ခေါ်တဲ့ ဂျပန်ရဲ့နိုင်ငံရပ်ခြား ပူးပေါင်းဆောင်ရေး စေတနာ့ဝန်ထမ်းအစီစဉ်တွေကို မြန်မာနိူင်ငံက စီးပွားရေး လူမှုရေးနယ်ပယ် အသီးသီးမှာ ကူညီသွားဖို့ကိုလဲ သဘောတူခဲ့ကြသလို၊ ဘီလူးချောင်းနဲ့ ဆည်တော်ကြီး ရေအားလျှပ်စစ် ထုတ်လုပ်ရေး စက်ရုံတွေအတွက် ဂျပန်ယမ်း (၁၀ ဒသမ ၈)ဘီလျံနီးပါး ချေးငွေပေးဖို့ သဘောတူခဲ့ပါတယ်။

ကြာသပတေး မနက်ပိုင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးနဲ့တွေ့ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ မွန်းလွဲပိုင်းမှာတော့ ဂျပန်နိုင်ငံရဲ့မြို့တော်ဟောင်း ကျိုတိုမှာရှိတဲ့ ကျိုတိုတက္ကသိုလ်ကချီးမြှင့်တဲ့ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ကို လက်ခံယူခဲ့ပါတယ်။ ကျိုတိုတက္ကသိုလ်က ဘာ့ကြောင့်ဂုဏ်ပြုရသလဲ ဆိုတာနဲ့ပတ်သက်လို့ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ချီမြှင့်တဲ့အခမ်းအနားကို ကိုယ်တိုင်တက်ရောက်ခဲ့တဲ့ မြန်မာကျောင်းသား ဦးမျိုးမင်းဝင်းက ခုလိုပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ကျိုတိုတက္ကသိုလ်က ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ချီးမြှင့် (MOI)
ဒေါ်အောင်ဆန်းစုကြည်ကို ကျိုတိုတက္ကသိုလ်က ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ချီးမြှင့် (MOI)

“အခုဆိုရင် ဒေါ်အောင်ဆန်းစုကြည်က လူ့အဖွဲ့အစည်းအတွင်းမှာရှိတဲ့ လူတွေရဲ့အခွင့်အရေးတွေ ဒီမိုကရေစီအတွက်ကြိုးပမ်းနေတာတွေ စွမ်းစွမ်းတမံတွေဖြစ် တာတွေက တက္ကသိုလ်အပေါ်မှာလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြိုးပမ်းမှုတွေက အများကြီး လူငယ်တွေအပေါ်မှာ သက်ရောက်မှုရှိတယ်ပေါ့လေ။ သက်ရောက်မှုရှိတဲ့အခါကျတော့ ကျိုတိုတက္ကသိုလ်အနေနဲ့ ခါတိုင်းဆိုရင် သိပ္ပံဆိုင်ရာဆုတွေပဲ ကျိုတိုတက္ကသိုလ်ကပေးခဲ့ရတဲ့အနေအထားကနေ ဒီကနေ့ကျတော့ ဒီနှစ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး ဒါ သိပ္ပံပညာရပ်ဆိုင်ရာ Academic ပိုင်းဆိုင်ရာမဟုတ်ဘူးပေါ့လေ။ ပညာရပ်ပိုင်းဆိုင်ရာမဟုတ်ပေမယ့် ဒီဟာကို ဒီနှစ်မှာပေးဖို့ဆုံးဖြတ်ချက်ချလိုက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်သွယ်ပြီးတော့ မေးမြန်းပြီးတော့မှ ဒေါ်အောင်ဆန်းစုကြည်ကလည်းမေးတယ်ပေါ့လေ၊ Academic နဲ့ ပဲပေးနေကျကို ဒါမျိုးပေးနေကျဟာကို ကျောင်းရဲ့ စည်းမျဉ်းစည်းကမ်း နဲ့ လိုက်လျောညီထွေဖြစ်လားဆိုတာတွေကို မေးပြီးတော့ ကျောင်းကလည်း ဒါတွေက သက်ဆိုင်တယ်ဆိုတာတွေကို Science of Policy နဲ့Science of Peace ပေါ့လေ ဒါကလည်း Science တမျိုးပါပဲဆိုပြီးတော့ ဒါသိပ္ပံပညာသဘောပါပဲဆိုပြီး ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ပေးတာပါ။”

ဦးမျိုးမင်းဝင်းဟာ ဓါတုအင်ဂျင်နီယာ ဘာသာရပ်အတွက် ပါရဂူဘွဲ့ယူဖို့ ကျိုတိုတက္ကသိုလ်မှာ တက်ရောက်နေတဲ့ မြန်မာကျောင်းသားဖြစ် ပါတယ်။ ကျိုတိုတက္ကသိုလ်မှာ ပညာတော်သင် မြန်မာကျောင်းသား ၄၀ နီးပါးရှိပြီး၊ ဒီကျောင်းသားတွေကို ဒေါ်အောင်ဆန်းစုကြည် မှာကြားခဲ့တာနဲ့ ပတ်သက်ပြီးလဲ မြန်မာကျောင်းသား ဦးမျိုးမင်းဝင်းက ပြောပါတယ်။

“ပြီးခါနီး ဒေါ်အောင်ဆန်းစုကြည်ပြောသွားတာက အဓိက ဒီနိုင်ငံခြားကို ပညာတော်သင်အများကြီးလွှတ်တာနဲ့ ပတ်သက်ပြီးပြောသွားတယ်။ ပညာတော်သင်အများကြီးလွှတ်မယ်၊ လွှတ်တယ်ဆိုတဲ့နေရာမှာ အဓိက က ကိုယ်မြန်မာပြည်ကလာတယ်ဆိုတာလည်း ရဲရဲဝံ့ဝံ့ ဂုဏ်ယူပြီးတော့ ပြောရဲဖို့ နောက်တခုက ကိုယ့် အားနည်းတဲ့ စနစ်ကိုလည်း အမှန်အတိုင်းသိပြီးတော့ အားနည်းတယ်ဆိုတဲ့နေရာမှာ အားနည်းတယ်ဆိုပြီးတော့ လက်ညှိးထိုးအပြစ်တင်ဖို့မဟုတ်တဲ့ပုံစံမျိုးပြောတယ်။ နောက်ပြီးတော့ ဒီမှာအခွင့်အလမ်းရတုန်းကို အမိအရယူပြီးတော့ တိုင်းပြည်အတွက်ကောင်းကျိုးတွေကို သယ်ဆောင်ပေးခဲ့ဖို့ဆိုတဲ့ အဓိကတော့ အမေစုရဲ့ အဲဒါလေးပဲ အမေစုဆီက မြန်မာလိုလေးကြားခွင့်ရခဲ့တာပေါ့လေ။ ဒီနေ့ကတော့ English လို discuss လုပ်တာဆိုတော့ အမေစုရဲ့ဆုံးမစကားကတော့ အဲဒါလေးကို share ချင်လု့ိပါ။”

ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၈၅ ခုနှစ်တုန်းက ကျိုတိုတက္ကသိုလ်မှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ လွတ်လပ်ရေးကြိုးပမ်းမှုအကြောင်း သုတေသန စာတမ်းကို ပြုစုခဲ့တာ ဖြစ်ပါတယ်။

မနက်ဖြန် သောကြာနေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ဂျပန်ခရီးစဉ်နဲ့ပတ်သက်လို့ တိုကျိုမြို့ ဂျပန်သတင်းထောက်များအသင်းမှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်မှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG