သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြဿ နာ သမာသမတ်ကျစွာ အဖြေရှာနိုင်ဖို့ အကြံပေးကော်မရှင် ကြိုးပမ်းမည်


ရှုပ်ထွေး နက်နဲတဲ့ ရခိုင်ပြည်နယ်ထဲက ပြဿနာတွေအတွက် ဘက်မလိုက်ဘဲ သမာသမတ်ကျကျနဲ့ အဖြေရှာသွားမယ်လို့ ရခိုင်အကြံပေးကော်မရှင်ဥက္ကဋ္ဌ Noble ငြိမ်းချမ်းရေးဆုရှင် ကုလသမဂ္ဂအတွင်းအရေးမှူးချုပ်ဟောင်း Kofi Annan ကပြောကြားလိုက်ပါတယ်။ ရခိုင်ပြည်နယ်ထဲမှာ လက်ရှိဖြစ်နေတဲ့ ပြဿနာဇစ်မြစ်ကို သိအောင်လုပ်ပြီး မျှတတဲ့ သုံးသပ်ချက်တွေလုပ်နိုင်ဖို့ မျှော်လင့်တယ်လို့ ရခိုင်အကြံပေးကော်မရှင်နဲ့ တနင်္လာနေ့က တေ့ွဆုံခဲ့တဲ့ နိုင်ငံတော်အကြံပေးပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြောကြားခဲ့ပါတယ်။ ဒီကနေ့ စက်တင်ဘာ ၆ ရက်နေ့ကစတင်ပြီး စုံစမ်းသုံးသပ်မှုတွေ လုပ်မယ့် ရခိုင်ကော်မရှင်အနေနဲ့ ခက်ခဲပြီး အခြေခိုင်နေတဲ့ ရခိုင်ပြည်နယ်ထဲကပြဿနာကို အဖြေရှာဖို့ ဘယ်လောက်ခက်ခဲမလဲ ဆိုတာကို မစုမြတ်မွန်က ဆက်ပြီး တင်ပြပါလိမ့်မယ်။

ရခိုင်ပြည်နယ်ထဲမှာရှိနေကြတဲ့ ဗုဒ္ဓဘာသာနဲ့ မူဆလင် လူမှုအသိုင်းအဝိုင်းတွေ တခုနဲ့ တခုကြား လူမျိုးရေး ဘာသာရေးအသွင်ဆောင်တဲ့ မကျေနပ်မှုတွေ၊ ရန်လိုမှုတွေ ဘာကြောင့်ဖြစ်နေရသလဲဆိုတဲ့ အကြောင်းရင်းခံကို နားလည်အောင်လုပ်ပြီး အကောင်းဆုံးဖြေရှင်းနိုင်မယ့်နည်းလမ်းတွေကို အကြံပြုနိုင်ဖို့ဖွဲ့စည်းထားတဲ့ ရခိုင်ပြည်နယ် အကြံပေးကော်မရှင် အဖွဲ့ဝင်တွေ တနင်္လာနေ့က ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ကြပါတယ်။ ကော်မရှင်ဥက္ကဋ္ဌဖြစ်တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း၊ Noble ငြိမ်းချမ်းရေးဆုရှင် Kofi Annan က ကော်မရှင်အနေနဲ့ ဘက်မလိုက်တဲ့ အဖြေကို ရှာပေးနိုင်ဖို့ ကြိုးစားသွားမယ်လို့ အာမခံပြောကြားခဲ့ပါတယ်။

“ရခိုင်ပြည်နယ်မှာ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေဟာ ရှုပ်ထွေးလှပြီး၊ နက်နဲတဲ့ စိန်ခေါ်မှုတွေဖြစ်ပါတယ်။ စိန်ခေါ်မှုတိုင်းအတွက် ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို အကြံပြုနိုင်ဖို့ အကြံပေးကော်မရှင်က ကြိုးစားတဲ့အားထုတ်မှုတိုင်းမှာ အသေးစိတ် သမာသမတ်ကျကျနဲ့ ဆောင်ရွက်သွားမယ်ဆိုတာကို ရခိုင်ပြည်နယ်က ပြည်သူတွေနဲ့ အားလုံးကို ကျွန်တော်အာမခံနိုင်ပါတယ်။”

ရခိုင်ပြည်နယ်ထဲမှာ ဖြစ်နေတဲ့ ပြဿနာတွေကို လေ့လာသုံးသပ်ပြီး ဖြေရှင်းနိုင်မယ့် အကြံပြုချက်တွေကို ပေးကြမယ့် ရခိုင်အကြံပေးကော်မရှင်အနေနဲ့ ပြဿနာဖြစ်နေရတဲ့ အကြောင်းရင်းခံတွေကို အသေအချာ လေ့လာသုံးသပ်မယ်လို့ မျှော်လင့်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလဲ ပြောကြားခဲ့ပါတယ်။

“ဒီကနေ့လက်ရှိဖြစ်နေတဲ့ အခြေအနေတွေအပေါ်မှာ မျှမျှတတ သုံးသပ်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ပြဿနာရဲ့ အရင်းအမြစ်က ဘာလဲဆိုတာကို ပိုပြီးရှင်းရှင်းလင်းလင်း သိနိုင်မြင်နိုင်မယ့် သုံးသပ်ချက်မျိုးဖြစ်ဖို့ မျှော်လင့်ပါတယ်။ ဒီဒေသထဲက အသိုင်းအဝိုင်း ၂ ခုကြား တဘက်နဲ့တဘက် ရန်စောင်နေကြတဲ့ အခြေအနေမျိုးဘာကြောင့် ရောက်လာရသလဲဆိုတဲ့ သမိုင်းကြောင်းကို ပြန်ကြည့်ဖို့လိုပါတယ်။”

စက်တင်ဘာလ ၆ ရက်နေ့၊ ဒီနေ့ အင်္ဂါနေ့ကစပြီး ရခိုင်ပြည်နယ်အကြံပေးကော်မရှင်အဖွဲ့ဝင်တွေဟာ ရခိုင်ပြည်နယ်ကို သွားပြီး လက်ရှိဖြစ်နေတဲ့ အခြေအနေတွေကို ကိုယ်တိုင်သိမြင် သဘောပေါက်အောင် လေ့လာစုံစမ်းကြတော့မှာဖြစ်ပါတယ်။ Mr. Kofi Annan ရော ဒေါ်အောင်ဆန်းစုကြည်ကပါ ရှုပ်ထွေးလှပြီး နက်ရှိုင်းတဲ့ပြဿနာတွေလို့ ပြောကြားခဲ့ကြတာမို့ ဘယ်လောက်နက်ရှိုင်းနေတဲ့ ပြဿနာဖြစ်သလဲလို့ သမိုင်းပညာရှင် ဦးအောင်ခင်ကို မေးကြည့်ပါတယ်။

“ဒီပြဿနာဖြစ်နေတာ နှစ်ပေါင်း ၇၀ လောက်ရှိနေပြီ။ဆိုတော့ လွတ်လပ်ရေးမရခင် ဗိုလ်ချုပ်အောင်ဆန်းလက်ထက်ကတည်းက ဒီကိစ္စဖြစ်နေတာ။ အခုသူ့သမီးလက်ထက်အထိ ဒီကိစ္စက မပြေလည်ဘူး။ ဒီအထဲမှာ မြန်မာပြည်မှာလည်း ရှေ့မှီနောက်မှီ ပုဂ္ဂိုလ်တွေအများကြီးလည်းရှိတာပဲ။ ဒီလူတွေပါဖို့လိုတယ် ကျနော်ကတော့ သမိုင်းအထောက်အထားပဲသိတာကို။ ကိုယ်လည်းဒီဒေသကို ရောက်ဖူးတာမဟုတ်ဘူး။ ကိုယ်ဖတ်ဖူးတဲ့ကိစ္စတွေနဲ့ဆိုတော့ ဒါ အပြောလွယ်သလောက် ရှင်းရခက်တဲ့ ကိစ္စပဲ။ Easier said than Done ပေါ့လေ ။

ဗိုလ်မှူးချုပ်အောင်ကြီးရေးတဲ့ ဆောင်းပါး ၁ စောင်ရှိတယ် ‘ကျနော်သိသော ဘူးသီးတောင်၊ မောင်းတောပြဿနာဆိုတာ’ ။ ပြည်ထောင်စု အမျိုးသား ဒီမိုကရက်တစ်ပါတီ သူတို့တည်ထောင်တဲ့ ပါတီရဲ့ သတင်းလွှာမှာ ၁၉၉၂ ခုနှစ် ဖေဖဝါရီလထုတ် အဲဒီမှာပါတယ်။ အဲဒီအထဲမှာ သူရေးထားတာက တော့ ဒီပြဿနာက ၁၉၄၆ ခုနှစ်မှာ အဲဒီကတည်းက ဒီ ရခိုင်ပြဿနာ ဖြစ်နေတယ်ဆိုတာ သိတယ်။ အဲဒီမှာ နေတဲ့ မွတ်ဆလင်တွေက အခု ရိုဟင်ဂျာဆိုပြီးပြောတဲ့လူတွေ က သူတို့ က မူဂျာဟစ် သူပုန်ဆိုပြီးတော့ သူပုန်ထကြတယ် အဲဒီမှာ ဗိုလ်မှူး ကာဆင် ခေါင်းဆောင်ပြီးတော့။ မူဂျာဟစ် သူပုန် ထတဲ့အချိန်မှာ ဗိုလ်ချုပ်အောင်ဆန်းတို့လည်း ရှိနေတာပဲ။ ဗိုလ်ချုပ်အောင်ဆန်းလွတ်လပ်ရေးသွားယူတော့ အိန္ဒိယကို ဖြတ်သွားတဲ့အခါမှာ ပါကစ္စတန် ခေါင်းဆောင် အဲဒီတုန်းက ဘင်္ဂလားဒေ့ရှ် မပေါ်သေးဘူး ၊ ပါကစ္စတန်ပဲ ရှိသေးတယ်။ ပါကစ္စတန် ခေါင်းဆောင် ဂျင်းနားနဲ့ ဗိုလ်ချုပ်အောင်ဆန်းတွေ့ပြီးတော့ ဒီနယ်စပ်က မွတ်ဆလင်တွေ ပြည်နယ်တောင်းတဲ့ ကိစ္စကို ဘယ်လိုလဲဆိုပြီးတော့ မွတ်ဆလင်ကို ဂျင်းနားက သူ အသိအမှတ်မပြုဘူး၊ ဒါလူတစုက တောင်းတာ။

သူတို့ကတော့ မြန်မာပြည်ထဲက ဒါကို မွတ်ဆလင်နယ်အဖြစ်နဲ့ ဘယ်တော့မှ အသိအမှတ်မပြုဘူး ဆိုပြီးတော့ သူပြောဖူးတယ်။ အဲဒီတော့ ဗိုလ်ချုပ်အောင်ဆန်း လက်ထက်ကတည်းက ဒီဟာကရှိနေတာ မပြေမလည်ဖြစ်နေတာ။ အရင်တုန်းက ပါလီမန်အစိုးရ လက်ထက်မှာ ၁၅ နှစ်ကာလမှာ ဒီကိစ္စကို မပြေလည်ခဲ့ဘူး။ ဒါပေမယ့် မူဂျာကတော့ နောက် လက်နက်ချသွားတယ်။

ဆိုတော့ ဒီဟာ ဝင်ရှင်းတယ်ဆိုတော့ ကိုဖီအာနန်တို့က အပြင်ကလူ သူတို့ ဘယ်လောက်အထိအောင် နက်နက်နဲနဲ ရှိမလဲဆိုတာ နှစ်ပေါင်း ၇၀ ဖြစ်လာတဲ့ ဒီဟာကြီးက လူဦးရေကလည်း တဖြည်းဖြည်းများလာတယ်။ အဲဒီတော့ ဒီကိစ္စက တော်တော်ကြီးကို ရှုပ်ထွေးတဲ့ ကိစ္စပဲ။

မေး။ ။ဒီလောက် ရှုပ်ထွေးတဲ့ ပြဿနာတခုကို အခု ရခိုင်ကော်မရှင်အနေနဲ့ ရော သူတို့တကယ်ပဲ ရှင်းနိုင်မယ့်အဖြေတခုကို ရှာနိုင်မယ်လို့ကော အန်ကယ့်အနေနဲ့ မြင်ပါသလားရှင့်။

ဖြေ။ ။ သူတို့က သက်ဆိုင်တဲ့သူတွေနဲ့ တွေ့ပြီးတော့ သဘောတူညီချက်ယူရင်တော့ ၊ အဲလောက်ကြီး ယူနိုင်ရင်တော့ ကောင်းတာပေါ့။ အဲဒီလို သဘောတူညီချက်ယူပြီးတော့ ရေရှည်အကောင်အထည်ဖော်ဖို့ကလည်း လိုသေးတယ်။ ငွေအင်အား၊ လူအင်အား အများကြီးလိုတာပေါ့။”

ရခိုင်ပြည်နယ် အကြံပေးကော်မရှင်မှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း Noble ငြိမ်းချမ်းရေးဆုရှင် Kofi Annan အပြင်၊ ကုလသမဂ္ဂမှာ ထိပ်တန်းတာဝန်တွေယူခဲ့ဖူးသူ နိုင်ငံခြားသား၂ ယောက်၊ တခါ မြန်မာနိုင်ငံထဲက အတေ့ွအကြုံရှိပြီး အများလေးစားသူ ၆ ယောက် စုစုပေါင်း ၉ ယောက်နဲ့ဖွဲ့စည်းထားတာဖြစ်ပါတယ်။ Mr. Kofi Annan ဟာ September ၃ ရက်နေ့ထဲက မြန်မာနိုင်ငံမှာ ရောက်ရှိနေပြီး ၈ ရက်နေ့မနက်ပိုင်းကျရင် နေပြည်တော်ကို သွားပြီး သမ္မတဦးထင်ကျော်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုကြီး မင်းအောင်လှိုင်တို့နဲ့ တေ့ွဆုံဖို့ရှိပါတယ်။ အဲဒီနေ့မှာပဲ သတင်းစာရှင်းပွဲလုပ်ဖို့လည်း အစီအစဉ်ရှိပါတယ်။ ရခိုင် ပြည်နယ်အကြံပေးကော်မရှင်အနေနဲ့ သူတို့ရဲ့ လေ့လာတေ့ွရှိ အကြံပြုချက်တွေကို ၁၂ လအတွင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ကတဆင့် အစိုးရကို တင်ပြရမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG