သုံးရလွယ်ကူစေသည့် Link များ

ကချင်ပြည်နယ် ငြိမ်းချမ်းရေးနောက်ကွယ်က ငိုကြွေးသံ


“ငြိမ်းချမ်းရေး နောက်ကွယ်မှ ငိုကြွေးသံ” အစီရင်ခံစာKWAT (Kachin Women Association Thai) report

မြန်မာနိုင်ငံမှာ လူထုကရွေးချယ်တင်မြှောက်တဲ့ အရပ်သားအစိုးရတရပ် တက်လာခဲ့ပေမယ့် ကချင်ပြည်နယ်နဲ့ ရှမ်းပြည်မြောက်ပိုင်းက အစိုးရ တပ်ရဲ့စစ်ဆင်ရေးအတွင်း ဒေသခံအရပ်သားပြည်သူတွေပေါ် လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ ဆက်ရှိနေကြောင်း မီးမောင်းထိုးပြထားတဲ့ “ငြိမ်းချမ်းရေး နောက်ကွယ်မှ ငိုကြွေးသံ”ဆိုတဲ့ အစီရင်ခံစာ တစောင်ကို ကချင်အမျိုးသမီးများအစည်းအရုံးက နိုဝင်ဘာ ၁၅ ရက် ဒီကနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ ဒီအစီရင်ခံစာနဲ့ ပတ်သက်ပြီး ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။

ထိုင်းနိုင်ငံ ချင်းမိုင်အခြေစိုက် ကချင်အမျိုးသမီးများအစည်းအရုံး KWAT က ထုတ်ပြန်လိုက်ရတဲ့ ငြိမ်းချမ်းရေးနောက်ကွယ်မှ ငိုကြွေးသံများ အစီရင်ခံစာ ပြုစု ထုတ်ပြန်ရတဲ့ အကြောင်းနဲ့ပတ်သက်လို့ KWAT အဖွဲ့ရဲ့ အထွေထွေအတွင်းရေးမှူး မမွန်းနေလီက ရှင်းပြပါတယ်။

“အဓိကတော့ NLD အစိုးရကလည်း ငြိမ်းချမ်းရေးဆိုပြီးတော့ လုပ်ဆောင်နေတာ ရှိတာပေါ့နော်၊ ဒီလိုမျိုးလုပ်ဆောင်နေတယ်ဆိုပေမယ့် အထူးသဖြင့် ကချင်ဒေသနဲ့ မြောက်ပိုင်းရှမ်းပြည်မှာဆိုရင် ထိုးစစ်တွေပိုပြီးတော့ ဖြစ်နေတယ်။ ပြီးရင် စစ်တပ်က ကျူးလွန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေလည်း ဆက်ပြီးတော့ ပိုပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာနေတယ်။ ပြီးလို့ရှိရင် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုဖြစ်တဲ့ အပေါ်မှာလည်း တရားမျှတမှု ရှာဖွေဖို့က မဖြစ်နိုင်တဲ့အခြေအနေ ပေါ့နော်။ ဒီဟာကို ကြည့်မယ်ဆိုရင်လည်း ဦးသိန်းစိန်အစိုးရလက်ထက်မှာ ဖြစ်ခဲ့တဲ့လူ့အခွင့်အရေး ချိုးဖောက်မှုတွေက အခု NLD အစိုးရလက်ထက်မှာ ဆက်ဖြစ်နေတယ်ဆိုတာကို ကျမတို့ မီးမောင်းထိုးပြချင်တဲ့ ကိစ္စတွေကြောင့် ဒီအစီရင်ခံစာကို ထုတ်ပြန်ခြင်းဖြစ်ပါတယ်။”

အစိုးရပ်တပ်ရဲ့ စစ်ဆင်ရေးအတွင်း အရပ်သားတွေပေါ် ဘယ်လို လူ့အခွင့်အရေးချိုးဖေါက်မှု ဆက်ရှိနေသလဲဆိုတာကိုပါ မမွန်းနေလီက ပြောပါတယ်။

“အထူးသဖြင့်တော့ အရပ်သားပြည်သူတွေ ရှိတဲ့နေရာ၊ ရွာတွေမှာပေါ့နော် လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတို့ ပြီးလို့ရှိရင် ၁၇/၁ ဆိုတဲ့ ပုဒ်မနဲ့ပေါ့နော် ဖမ်းဆီးတဲ့ ကိစ္စတွေ၊ ပြီးလို့ရှိရင် မတရားချုပ်နှောင်နှိပ်စက်တဲ့ဟာတွေ၊ ပြီးလို့ရှိရင် အမျိုးသမီးတွေ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေကလည်း ဆက်ပြီးတော့ ရှိနေတုန်းပဲ ဆိုတဲ့ ကိစ္စတွေက အစိုးရစစ်တပ်ကနေ ဟိုအရင်လိုပဲ ပိုပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်နေတာတွေ ဖြစ်နေပါတယ်။

မေး ။ ။ အဲဒီတော့ အခုပြောသွားတဲ့အချက်တွေက ဘယ်လောက်ထိ ခိုင်မာမှု ရှိပါသလဲ၊ ဒီအချက်အလက်တွေကို ဘယ်လိုမျိုး ရယူ စုဆောင်း ထားပါသလဲ။

ဖြေ။ ။ ဟုတ်ကဲ့ ကျမတို့က ဒီ လူ့အခွင့်အရေးအခြေအနေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကောက်ခံတဲ့ ကျမတို့ရဲ့ ကွင်းဆင်းလုပ်သားတွေပေါ့နော် ကျမတို့ နေရာတိုင်းမှာ ရှိပါတယ်။ ပြီးလို့ရှိရင် ဒီကွင်းဆင်းလုပ်သားတွေကနေ မှ ပြည်သူတွေနဲ့ နီးနီးကပ်ကပ် လုပ်ဆောင်မှုတွေ ရှိတာပေါ့နော်။ ဆိုတဲ့အခါကျတော့ ဖြစ်ပြီဆိုတာနဲ့ ကျမတို့ဆီကို သတင်းအချက်အလက်တွေက ခိုင်ခိုင်မာမာရောက်လာတယ်။ ရောက်လာတဲ့ သတင်းအချက်အလက်တွေကို ကိုယ်တိုင်သွားပြီးတော့ ဖြစ်ပျက်တဲ့နေရာမှာ မေးမြန်းပြီးတော့ သတင်းအချက်အလက် သေချာအောင် စီစစ်ပြီးတော့ ကျမတို့ လုပ်ဆောင်ထားတာဖြစ်ပါတယ်။”

တိုင်းရင်းသားဒေသတွေမှာ တပ်မတော်ရဲ့စစ်ဆင်ရေးအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုကိစ္စကို တပ်မတော်က အရေးယူကိုင်တွယ်ပုံ အားနည်းနေသေးတယ်လို့ တပ်မတော်ထောက်လှမ်းရေး အရာရှိဟောင်း ဦးအောင်လင်းထွဋ်က သုံးသပ်ပါတယ်။

“ဘယ်နိုင်ငံ စစ်မြေပြင်မှာမဆို ဒီလူ့အခွင့်အရေး ချိုးဖောက်တာတွေကတော့ ရှိနေမှာပါပဲ။ ကျနော်တို့ မြန်မာနိုင်ငံမှာလည်း မရှိဘူးလို့တော့ ကျနော်မပြောလိုဘူး။ ရှိတဲ့အနေအထားပေါ်မှာတော့ သက်ဆိုင်ရာ တပ်မတော်အနေနဲ့ကတော့ တကယ်အမှန်တကယ် ဖြစ်လာတဲ့ ကိစ္စတွေကိုတော့ လူထုကို ဖွင့်ပြပြီးတော့မှ ရှင်းပြသင့်တယ်။ တပ်မတော်မှာဆိုရင် ကျနော်တို့ တပ်တွင်းနေစဉ်ပေါ့လေ ဒီ မုဒိမ်းမှုတို့ ၊ လူသတ်မှုတွေကိစ္စတွေကတော့ ထိထိရောက်ရောက်အရေးယူပါတယ်။ အခုနောက်ပိုင်းမှာတော့ စစ်တပ်တရားရုံးကပဲ စီစဉ်တဲ့အခါမှာ ပွင့်လင်းမြင်သာမှုအပိုင်းမှာတော့ အားနည်းလိမ့်မယ်လို့တော့ ကျနော် မြင်ပါတယ်ခင်ဗျ။”

ကချင်အမျိုးသမီးများ အစည်းအရုံးအနေနဲ့ အာဏာရ NLD အစိုးရကို တောင်းဆိုထားတဲ့ အချက်တွေ ကိုလည်း မမွန်းနေလီက ရှင်းပြပါတယ်။

“ကျမတို့လိုချင်တဲ့ ငြိမ်းချမ်းရေးကို ရဖို့ဆိုရင် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှု စတင်နိုင်အောင် စစ်တပ်ရဲ့ ထိုးစစ်များကို ချက်ချင်းရပ်ဖို့အတွက် NLD အစိုးရကနေ စစ်တပ်ကိုပေါ့နော် ပြောဖို့အတွက်၊ ပြီးရင် လူသားချင်းစာနာတဲ့ ကူညီထောက်ပံ့မှုမပေးခိုင်းတဲ့ ကိစ္စတွေ ဒီလိုမျိုး ပိတ်ပင်မှုတွေရှိနေတာကို အစိုးရကနေ ဖယ်ရှားပေးဖို့ပေါ့နော်။ ပြီးရင် ငြိမ်းချမ်းရေး နဲ့ ဖယ်ဒရယ် ပေါ်ထွန်းတဲ့အထိပေါ့နော် တိုင်းရင်းသားဒေသမှာ အကြီးမားဆုံး သံယံဇာတ ထုတ်ယူမှုအားလုံး အကြီးစားစီမံကိန်းတွေကို ဒီဟာတွေကို ရပ်တန့်ဖို့အတွက် ၊ ပြီးရင် ကောင်းခါးကျေးရွာမှာပေါ့နော် ၂၀၁၅ ဖြစ်ပျက်ခဲ့တဲ့ စေတနာ့ဝန်ထမ်း ဆရာမ ၂ ဦးကို မုဒိမ်းကျင့်ပြီးတော့ သတ်ဖြတ်ခံရတဲ့ အမှုတွေကို လွတ်လွတ်လပ်လပ်နဲ့ လှုပ်ရှားဆောင်ရွက်နိုင်ဖို့အတွက် တောင်းဆိုထားတာဖြစ်ပါတယ်။”

ကချင်အမျိုးသမီးအစည်းအရုံးက ထုတ်တဲ့ “ငြိမ်းချမ်းရေးနောက်ကွယ်မှ ငိုကြွေးသံ” A far Cry from Peace ဆိုတဲ့ အစီရင်ခံစာမှာ စာမျက်နှာ ပေါင်း ၃၄ မျက်နှာပါရှိပြီး နိုင်ငံတကာအဖွဲ့အစည်းတွေကိုပါ ဖြန့်ချိသွားမှာဖြစ်ပါတယ်။

XS
SM
MD
LG