သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအလုပ်သမားတွေ တိုက်ခိုက်ခံရမှု မလေးရှားရဲ ဆက်လက်စစ်ဆေး


မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့။
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့။

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့အနီး မကြာသေးခင်က လက်နက်ကိုင်လူတစုရဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့တဲ့ မြန်မာနိုင်ငံသား ၅ ဦး အမှုနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ သား တချို့ အပါအဝင် သံသယရှိသူတွေကို မလေးရှား အာဏာပိုင်တွေက ဖမ်းဆီးစစ်ဆေးနေပါတယ်။ အခုနောက်ဆုံး တိုက်ခိုက်ခံရမှု အပြင်၊ မကြာသေးခင်လတွေအတွင်း အလားတူ တိုက်ခိုက် မှုတွေကြောင့် သေဆုံးသူ မြန်မာနိုင်ငံသား တဒါဇင်ထက်မနည်း ရှိနေပြီလို့ အလုပ်သမားရေး လှုပ်ရှားသူတွေက ပြောပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မအေးအေးမာ က သတင်းပေးပို့ ထားပါတယ်။

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့အနီးမှာ အမည်မသိ လက်နက်ကိုင်တချို့ရဲ့ တိုက်ခိုက်မှုကြောင့် မြန်မာအလုပ်သမား ၅ ယောက် သေဆုံးခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်လို့မြန်မာနိုင်ငံသားတွေအပါအဝင် လူ၁၅ယောက် ဖမ်းဆီး စစ်ဆေးနေတာပါ။ ဒါ့အပြင် တိုက်ခိုက်ခံရတွေထဲက ၆ဦးကိုလည်း စုံစမ်းမေးမြန်းဖို့ အတွက် ထိန်းသိမ်းထားကြောင်းနဲ့ ရန်ငြိုးရန်စကြောင့် တိုက်ခိုက်မှုဖြစ်နိုင်ကြောင်း လည်း မလေးရှား အာဏာပိုင်တွေကို ကိုးကားပြီး သတင်းတွေက ဖော်ပြကြပါတယ်။

မလေးရှားနိုင်ငံ မြန်မာသံရုံးက ဒုတိယအတွင်းဝန် ဦးတင်ဝင်းအောင်ကတော့ ဒီလိုကောက်ချက်ချဖို့ စောသေးတယ်လို့ ဆိုပါတယ်။

" အချင်းချင်းက မဟုတ်ဘူးဗျ။ ဒီမှာရှိတဲ့ကလေးတွေအကုန်လုံးကလည်း ရောက်ခါစ ကလေးတွေဗျ။ မဟုတ်လောက်ဘူးဗျ။ အဲ့တာကြောင့်ပေါ့လေ အနောက်မှာတော့ အကြောင်းတရား တခုခုတော့ ရှိလောက်မယ်။ ဒါပေမဲ့ အဲ့ဒီ့ Motive ကတော့ ကျနော်တို့ လောလောဆယ် ပြီးခဲ့တဲ့ တရက်၊ နှစ်ရက်က ဖမ်းဆီးထားတဲ့ အကုန်လုံး ကို စုံစမ်း စစ်ဆေးနေတယ်။ အဲ့ဒီ့အပေါ်မှာ သိရှိရတဲ့ အချက်အလက်တွေ အပေါ် မူတည်ပြီးတော့ ထပ်ပြီးတော့ စစ်ဆေးဖော်ထုတ်နေတယ်။ သံရုံးနဲ့ မလေးရှား ရဲတပ်ဖွဲ့ကတော့ အနီးကပ်ပူးပေါင်းဆောင်ရွက်နေတယ်။ စုံစမ်းစစ်ဆေးတာပဲ ရှိပါသေးတယ်။ ပြောလို့မရသေးဘူး။ ဖမ်းဆီးစစ်ဆေးမှုတွေကတော့ ရှိနေပါတယ်။ သူတို့လည်း အပူတပြင်းစုံစမ်းစစ်ဆေးဖော်ထုတ်နေပါတယ်။ အခု တိုးတက်မှုတွေ ရှိနေပါတယ်။ ထပ်ပြီးတော့လည်း သံသယရှိသူတွေကို စုံစမ်းစစ်ဆေးဖော် ထုတ်နေတော့ ကျနော်တို့ သံရုံးအနေနဲ့ကတော့ ပြောဖို့ နည်းနည်းစောပါသေးတယ်။"

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့အနီး ပြီးခဲ့တဲ့ သီတင်းပတ်ထဲ တိုက်ခိုက်ခံရမှု အပြင်၊ မြန်မာနိုင်ငံသားတွေ အလုပ်လုပ်နေကြတဲ့ ပီနန်နဲ့ ဆာဒါန်း ဒေသတွေမှာ လွန်ခဲ့တဲ့ ၃ လအတွင်း အလားတူ တိုက်ခိုက်မှု မျိုးတွေကြောင့် သေဆုံး သူ မြန်မာနိုင်ငံသား ၁၂ ဦးထက်မနည်း ရှိနေပြီလို့လည်း မလေးရှားက လူမူရေးလုပ်ဆောင်နေသူတွေကပြောပါတယ်။

၂၀၁၆ခုနှစ် အကုန်ကာလတွေအတွင်းမှာ မလေးရှားနိုင်ငံမှာ အလာတူးဖြစ်ရပ်တွေနဲ့ ဆင်တူတဲ့တိုက်ခိုက်မူတွေဖြစ်ပွားခဲ့တာလို့ မလေးရှားနိုင်ငံမှာ လူမူရေးလုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ ကိုသီဟမောင်မောင်ကပြောပါတယ်။

" ၂၀၁၆ အကုန်နဲ့ အခုဆိုလို့ရှိရင်တော့ စုစုပေါင်း ၁၂ဦး ရှိသွားမှာပေါ့။ ကျနော်တို့ ပီနန်ဘက်အခြမ်းက သုံးဦးပေါ့ နောက်ထပ် လေးဦး။ အခု ကေအယ်လ် အနီးတဝိုက်မှာဖြစ်တာ ဆားဒန်း ငါးဦး ဆိုတော့ ၁၂ဦးလောက်ဖြစ်သွားပါလိမ့်မယ်။ အခုသေသွားတဲ့ကလေးတွေရဲ့ ဆေးစစ်ချက်မှတ်တမ်းတွေအရဆိုရင်တော့ အဓိက ဓားခုတ်ရာက ပိုများပါတယ်ဗျ။"

မလေးရှားနိုင်ငံကွာလာလမ်ပူမြို နဲ့ ကီလိုမိတာ ၃၀လောက် ကွာဝေးတဲ့ ဆားဒန်း ဆိုတဲ့နေရာတခုက လျှပ်စစ်ပစ္စည်း စက်ရုံတခုမှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံ သားတွေ တိုက်ခိုက်ခံရမူအပြီးမှာတော့ သေဆုံးသူ ၅ဦး ရှိခဲ့ပြီး ဒဏ်ရာရသူတွေလည်း ရှိခဲ့တာပါ။

ဒီထဲမှာ တိုက်ခိုက်ခံရမူတွေမှာပါဝင်တဲ့ ဒဏ်ရာရသူတဦး အပါအဝင် အားလုံး ၆ဦးကိုလည်း လုံခြုံရေးအရ ထိန်းသိမ်းပြီး စစ်ဆေးမေးမြန်းမူတွေ လုပ်နေတယ်လို့လည်း မလေးရှားမြန်မာဘာသာပြန်အဖြစ် ကူညီလုပ်ပေးခဲ့ရတဲ့ ကိုသီဟမောင်မောင်ကပြောပါတယ်။

" ပထမပိုင်းစစ်ဆေးတာကတော့ ခံရတဲ့အဖွဲ့တွေပေါ့နော် ကလေးတွေက သူတို့ပြန်တဲ့အခါမှာ ၁၅ယောက်ကလေးတွေပေါ့နော်။ အဲ့ဒီ့ကလေးတွေထဲမှာ သေဆုံး သွားတဲ့ကလေး ငါးယောက်နဲ့ ကျန်တဲ့ကလေး ၁၁ယောက်ပေါ့။ ၁၁ယောက်မှာ သူတို့ထိန်းသိမ်းထားတာက ခြောက်ယောက်ပေါ့။ အဲ့ဒီ့ထိန်းသိမ်းထားတဲ့ ကလေးတွေပေါ့။ "

မလေးရှားနိုင်ငံမှာ တရားဝင်ရော၊ တရားမဝင်ပါနေထိုင် အလုပ်လုပ်ကိုင်နေ တဲ့ မြန်မာ တွေ ၅သိန်းထက် မနည်းရှိနေတာပါ။ လစဉ်လည်း မလေးရှားမှာ အလုပ်လုပ်ကိုင်လိုသူတွေ၊ လူ၄ထောင်ထက် မနည်းကို မြန်မာအစိုးရ ကစေလွှတ်နေ တာဖြစ်ပါတယ်

ဒါပေမဲ့ပြီးခဲ့လကတော့ မလေးရှား အာဏာပိုင်တွေကမြန်မာအရေးနဲ့ ပတ်သက်လို့ ဝေဖန်မူတွေ ထွက်ပေါ်အပြီးမှာတော့ မလေးရှားကိုစေလွှတ်နေတဲ့ အလုပ်သမားကိစ္စကို မြန်မာဘက်ကက ယာယီရပ်ဆိုင်းခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG