သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တံတားအမည်သတ်မှတ်မှု မွန်ဒေသခံတွေ ကန့်ကွက်ဆန္ဒပြ


ပြည်သူ့လွှတ်တော် ကနေအတည်ပြုလိုက်တဲ့ သံလွင်တံတား-ချောင်းဆုံအစား ဗိုလ်ချုပ်အောင်ဆန်း အမည်သတ်မှတ်ချက် အပေါ် မွန်ပြည်နယ်ဒေသခံတွေကနေ ဒီကနေ့မှာ ကန့်ကွက် ဆန္ဒဖေါ်ထုတ်ပွဲ တရပ်ကို မော်လမြိုင်မြို့မှာပြုလုပ် ခဲ့ ပါတယ်။ ဒေသခံတွေအနေနဲ့ ကတော့ မူလအမည်ကိုပဲ တောင်းဆိုထားသလို အစိုးရအနေနဲ့လိုက်လျောမူမရှိရင် ဆက်လက် ဆန္ဒပြသွားမယ် လို့ဆန္ဒပြ အဖွဲ့ခေါင်းဆောင်တွေ ကပြောပါတယ်။ ဒေသခံတချို့ကတော့ တံတားအမည်ထက် ဒီမိုကရေစီ အနိုင်ကျင့်ခံရမှုတွေကြောင့် ဆန္ဒပြတယ် လို့လည်း ပြောဆိုမှုတွေ ရှိနေပါတယ်။ ထိုင်းအခြေစိုက်ဗွီအိုအေသတင်းထောက် နိုင်ကွန်းအိန် ကနေဆက်သွယ်မေးမြန်းသတင်းပေးပို့ထားပါတယ်။

မွန်ပြည်နယ်၊ မော်လမြိုင်နဲ့ချောင်းဆုံမြို့ကိုသွယ်တန်းထားတဲ့တံတားကို ဗိုလ်ချုပ်အောင်ဆန်း အမည်ပေးဖို့ပြည်သူ့လွှတ် တော်ကနေ ဆုံးဖြတ်လိုက်တဲ့အပေါ်ဒေသခံမွန်၊ ကရင် ပအိုဝ် တိုင်းရင်းသားတွေကနေ ဒီကနေ့မနက်မှာ ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။

ဒီကနေ့ဆန္ဒပြရတဲ့အကြောင်းကိုတော့ ဦးဆောင်ဆရာတော် ဘဒ္ဒန္တ ဝရဝံသ ကအခုလိုမိန့်ကြားပါတယ်။

“ဒေသခံတွေရဲ့ မူလအမည်နာမတွေပျောက်ကွယ်တာရယ်၊ ဘုန်းဘုန်းတို့ တိုင်းရင်းသားမူရင်အမည်တွေကို အသိအမှတ်မပြုပဲနဲ့ တခြား အမည်ကို သတ်မှတ်တဲ့အပေါ်မှာ ဘုန်းဘုန်းတို့က သတ်မှတ်တဲ့အပေါ်မှာ မကျေနပ်တဲ့အတွက် ဆန္ဒပြတာပါ။ အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းဆိုတာ ဘုန်းဘုန်းတို့ တနိုင်ငံလုံးက လက်ခံထားတဲ့ တိုင်းရင်းသားခေါင်းဆောင်ဖြစ်တယ်။ ဘုန်းဘုန်းတို့က ဒီတံတားနာမည် သတ်မှတ်မှ မဟုတ်ပါဘူး အမြဲတမ်းရင်ထဲမှာ အသိအမှတ်ပြုထား ပြီးသားပါ။”

ဒီမနက်မှာ မွန်ပြည်နယ်မြို့နယ်အသီးသီးက မွန်တိုင်းရင်းသားတွေ သာမက ကရင်၊ ပအိုဝ် မြန်မာတိုင်းရင်းသားပေါင်း နှစ် သောင်းကျော် မော်လမြိုင်မြို့ ကမ်းနားလမ်းမှာ ကြွေးကျော်သံတွေ နဲ့ချီတက်လမ်းလျှောက် ဆန္ဒဖေါ်ထုတ် ခဲ့ကြတာပါ။

ဒေသခံတွေအနေနဲ့ ဒေသနဲ့ကိုက်ညီတဲ့ သံလွင်တံတားချောင်းဆုံအမည်ကိုလိုလားကြောင်း မြန်မာအာဏာပိုင်တွေကို အကြိမ်ကြိမ်တင်ပြတောင်းဆိုခဲ့ပေမဲ့ အသိမှတ်မပြုခဲ့ဘူးလို့ ဆရာတော်ကဆက်လက်မိန့်ကြားပါတယ်။

“ဘုန်းဘုန်းတို့ ဒေသခံ နယ်မြေတိုင်းရင်းသားတွေအပေါ်မှာ လွှတ်တော်ကရော၊ ယနေ့ လက်ရှိအာဏာရနေတဲ့ အဖွဲ့အစည်းတွေကရော အသိအမှတ်မပြုဘူးဆိုတာ ပိုပြီးတော့ ထင်ရှားတယ် ဘာကြောင့်ဒီလိုမျိုး ရန်ကုန်မှာ Nurse ကိစ္စနဲ့ ဆန္ဒတွေဖော်ထုတ်ကြတယ် ဒါတွေသူတို့လက်ခံပြီးတော့ ပြန်ဆွေးနွေးတယ်။ သူတို့ အတင်းအလျှော့တွေလုပ်ပေးတယ်။ အခုဘုန်းဘုန်းတို့က စာနဲ့ပေနဲ့ အကြောင်းပြချက်တွေ အထောက်အထားတွေ ခိုင်ခိုင်လုံလုံနဲ့ တင်ပြတာကို လက်မခံဘူး။”

ဗိုလ်ချုပ်အောင်ဆန်းတံတားအမည်သတ်မှတ်ရေးနဲ့ပက်သက်ပြီး ပြီးခဲ့တဲ့မတ်လ ၂ ရက်နေ့မှာလဲ ချောင်းဆုံမြို့နယ်က ဒေသခံ ၃၀၀၀ ကျော်ကနေ ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

ဒီကနေ့မတ်လ(၁၉)ရက်နေ့ဟာ (၄၃)ကြိမ်မြောက်မွန်ုပြည်နေ့အဖြစ်ကျရောက်နေပါတယ်။ ဒါပေမဲ့ မွန်ဒေသခံပြည်သူ တွေအနေနဲ့ မွန်ပြည်နယ်နေ့အခန်းအနားထက် ဆန္ဒပြပွဲတက်ရောက်တာ များနေတယ်လို့ မော်လမြိုင်အခြေစိုက်သံလွင် တိုင်း သတင်းဌာနအမှုဆောင် အယ်ဒီတာနိုင်မင်းမင်းနွယ်ကပြောပါတယ်။

“မွန်ပြည်နယ်နေ့မှာ တက်ရောက်တဲ့လူက အရမ်းနည်းတယ်လို့ပြောတယ် ။ဒီ ဆန္ဒပြပွဲကျတော့ ဆန္ဒဖော်ထုတ်တဲ့အင်အားက ၂ သောင်းလောက်ရှိတယ်။ နောက်ပြီးတော့ ဝန်းရံတဲ့ အင်အားစုတွေကတော့ ၂ သောင်းကျော်ကျော် ရှိသေးတယ်။”

မုဒုံမြို့နယ်က ဒေါက်တာ ထက်ဝေလင်းကတော့ တံတားအမည်ထက် ဒီမိုကရေစီအနိုင်ကျင့်ခံရ မှုကိုဖြစ်စဉ်တွေကြောင့် အခုဆန္ဒပြပွဲ ကိုတက်ရောက်ခဲ့တယ်လို့ဆိုပါတယ်။

“အမှန်တကယ်ကဒီနာမည်ထက်ကို ဒေသခံတွေက ဒီမိုကရေစီနည်းနဲ့အနိုင်ကျင့်ခံရတာကို မခံမရပ်ဖြစ်တဲ့စိတ်က ပိုပြီးတော့များလို့ ဆန္ဒပြမှုတွေ ပိုပြီးတော့ ဖြစ်လာတာပေါ့နော် အဲလိုမျိုးခံစားရလို့ ဒီဆန္ဒပြပွဲကို တက်ဖြစ်တာပေါ့နော်။”

ပြီးခဲ့တဲ့ မတ်လ(၁၄)ရက်နေ့မှာ NLDကိုယ်စားလှယ်အများစုပါဝင်တဲ့ ပြည်သူ့လွှတ်တော်ကနေ ဒေသခံတွေရဲ့ သဘောထား ကိုလစ်လျှူရှုပြီး ဗိုလ်ချုပ်အောင်ဆန်းတံတားအမည်ပေးဖို့မဲခွဲဆုံးဖြတ်ခဲ့တဲ့အပေါ် မွန်ပြည်နယ်ဒေသခံ တွေအပါအဝင် တိုင်းရင်းသားနိုင်ငံရေးပါတီခေါင်းဆောင်တွေကနေ ဘဝင်မကျမှုတွေဖြစ်ခဲ့ကြသလို အရပ်သားအစိုးရ လက်ထက်မှာဒီမိုကရေစီအနိုင်ကျင့်မှုလုပ်ရပ်လို့ရှုမြင်လာကြပါတယ်။

မွန်ပြည်နယ်ဒေသခံတွေကနေ သံလွင်တံတားချောင်းဆုံအမည်ပေးဖို့တောင်းဆိုပေမဲ့လဲ NLDအစိုးရအနေနဲ့ ညှိနှိုင်း ဆွေးနွေးဖို့ကိုတော့ အသံထွက်ပေါ်လာတာမရှိသေးပါဘူး။

တခြားဆန္ဒပြခေါင်းဆောင်တဦးဖြစ်တဲ့ မိကွန်းချမ်းနွန်ကတော့ နောက်ဆုံးအချိန်အထိဆန္ဒထုတ်ဖေါ်ဖို့ပြင်ဆင် သွားမယ် လို့ ဆိုပါတယ်။

“မပေးနိုင်ဘူးဆိုတာကတော့ သေချာတယ်။ ကျမတို့ကတော့ ကျမတို့ ဆန္ဒကို ထုတ်ဖော်သွားဖို့ကတော့ ပြင်ဆင်ရမှာပဲ။”

သံလွင်တံတားချောင်းဆုံအစား ဗိုလ်ချုပ်အောင်ဆန်းတံတားလို့အမည်ပေးဖို့ NLDဘက်ကကြိုးပမ်းနေတာဟာ နိုင်ငံရေး အမြတ်ထုတ်ဖို့ရည်ရွယ်တယ်လို့လဲ ဦးဆောင်ဆရာတော် ဘဒ္ဒန္တဝရဝံသ ကအခုလိုအမြင်ရှိနေပါတယ်။

“ကြားဖြတ်ရွေးကောက်ပွဲမှာ ဒီမှာလစ်လပ်နေတဲ့ ကိုယ်စားလှယ်တဦးရှိတယ်။ သူတို့ ဝင်ပြိုင်တဲ့အခါမှာ ဘုန်းဘုန်းတို့ မြင်တာကတော့ ဒေါ်အောင်ဆန်းစုကြည် ဘီလူးကျွန်းကို လာရအောင် ၊ မဲဝိုင်းပြီးတော့ ဆွယ်ရအောင် ဒီသဘောနဲ့ ဒီတံတားဖွင့်ပွဲနဲ့ တိုက်ဆိုင်ပြီးတော့ ဒီလိုလုပ်လိုက်တာ ဖြစ်တယ်။”

ဒီဆန္ဒဖေါ်ထုတ်ပွဲနဲ့ပက်သက်ပြီး လက်ရှိကာလမှာ(၂၀၀၈) ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အုပ်ချုပ်မှု့ကို လက်ခံရမှာဖြစ်ပြီး ဥပဒေအရ ပြည့်သူ့လွှတ်တော်က ပြဌာန်းလိုက်တဲ့အောင်မြင်ပြီးအဆိုတစ်ခုကို ပြည်နယ်အစိုးရအနေနဲ့ ငြင်းဆိုလို့ မရဘူးလို့လဲ မွန်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာအေးဇံကနေသူရဲ့လူမှုရေးစာမျက်နှာမှာဖေါ်ပြထားပါတယ်။

ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်လာမှသာ ဒီလိုပြဿနာတွေပျောက်ကွယ်သွားမှာဖြစ်ပြီး ပြည်နယ် တိုး တက်ဖွံဖြိုးရေးအတွက် တပြည်နယ်လုံးအပါအဝင် ပူးပေါင်းဆောင်ရွက်ပြီး တိုးတက်ဖြစ်ထွန်းမှု့ကို ဖော်ဆောင်ဖို့နဲ့ ဒီမို ကရေစီ ဖယ်ဒရယ်ပြည်ထောင်စု ဖွံဖြိုးရေးအတွက်ပူးပေါင်းတည်ဆောက်ကြဖို့ကိုလဲ ဝန်ကြီးချုပ်ကနေတိုက်တွန်းထား ပါတယ်။

သံလွင်တံတားချောင်းဆုံအမည်ပြောင်းလဲရေးနဲ့ပက်သက်လို့ ဗိုလ်ချုပ်အောင်ဆန်းအမည်ပေးခြင်းအားဖြင့် လူငယ်တွေဗိုလ်ချုပ်ကိုအားကျအတုယူစေဖို့ ဗိုလ်ချုပ်ရဲ့ပုံရိပ်ကိုမြှင့်တင်ဖို့NLDဘက်ကအမြင်တွေရှိနေကြသလို ဒေသခံ တွေအနေနဲ့က ဒေသနဲ့ ကိုက်ညီတဲ့အမည်ပေးဖို့လိုလားမှုတွေရှိနေပါတယ်။

ဒေသခံတွေရဲ့သဘောထားအမြင်ကိုNLDအနေနဲ့လစ်လျူရှုမယ်ဆိုရင် NLD မျှော်မှန်းတဲ့ အမျိုးသားရင်ကြားစေ့ရေး လမ်းကြောင်းပေါ်ကနေသွေဖီသွားနိုင်သလို တိုင်းရင်းသားတွေနဲ့NLDအကြားပွတ်တိုက်မှုတွေ ဆက်လက်ပြင်းထန်နေမယ့် အခြေအနေရှိလာနိုင်တယ်လို့ နိုင်ငံရေးအကဲခတ်သူတွေကနေ သုံးသပ်ပြောဆိုမှုတွေလဲရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG