သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တံတားအမည်သတ်မှတ်မှု မွန်အမျိုးသားထု ကန့်ကွက်ရေးလှုပ်ရှားမည်


မွန်ပြည်နယ်ဒေသခံတွေကန့်ကွက်နေတဲ့ကြားက မော်လမြိုင်မြို့နဲ့ ချောင်းဆုံကို ဆက်သွယ်ထားတဲ့ သံလွင်တံတား (ချောင်းဆုံ)ကို ဗိုလ်ချုပ်အောင်ဆန်းတံတားအမည်အဖြစ် ပြည်သူ့လွှတ်တော်ကနေ မဲခွဲဆုံးဖြတ် အတည်ပြုလိုက်တဲ့ အပေါ်မှာ မွန်နိုင်ငံရေးပါတီ မွန်လူထုအဖွဲ့အစည်းတွေအကြားမှာ မကျေနပ်မှုတွေပိုမိုတိုးပွါးလာသလို တမျိုးသားလုံး အတိုင်းအတာနဲ့ဆန္ဒဖေါ်ထုတ်ကန့်ကွက်သွားဖို့ပြင်ဆင်နေကြပါတယ်။ တံတားအမည် ပေးရေးအတွက် ပြည်သူ့လွှတ် တော်အထိမဲခွဲဆုံးဖြတ်တဲ့လုပ်ရပ်ဟာ ဒီမိုကရေစီအနိုင်ကျင့်မှုတခုလို ခံစားရကြောင်း ပြည်ထောင်စုဝန်ကြီးတဦး ကအမြင်ရှိသလို ပြည်နယ်အစိုးရဘက်ကတော့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမိုင်းရာဇဝင်ကို မသိရှိကြလို့ သွေးထိုးလှုပ် ဆော်မှုခံနေရတဲ့လုပ်ရပ်လို့လဲပြောဆိုမှုတွေရှိနေပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ထားပါတယ်။

ပြည်သူ့လွှတ်တော်ကနေ ဗိုလ်ချုပ်အောင်ဆန်းတံတားအမည်သတ်မှတ်တဲ့အပေါ် မွန်ပြည်သူတရပ်လုံးကနေ ကန့်ကွက် ဆန္ဒဖေါ်ထုတ်သွားဖို့ပြင်ဆင်နေတယ်လို့ အမည်ပြောင်းလဲခြင်းဆိုင်ရာ အမျိုးသားဆန္ဒထုတ်ဖော်ရေးကော်မတီဝင် နိုင် မွန်ရာဇာအခုလိုပြောပါတယ်။

“ဒီ ၁၉ ရက် ၂၀၁၇ မှာ အမျိုးသားအသွင်နဲ့ ကျနော်တို့ ဆန္ဒလာဖော်ထုတ်မှာ ဖြစ်တယ် ။”

လာမဲ့မတ်လ(၁၉)ရက်နေ့မှာ အနယ်နယ်အရပ်ရပ်ကမွန်ဒေသခံ(၂၀၀၀၀)လောက် ဆန္ဒပြကန့်ကွက်သွားမယ်လို့ သူက ဆိုပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းတံတားအမည်ပြောင်းလဲရေးအတွက် မတ်လ(၁၄)ရက်နေ့က ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အ စည်းအဝေး ၁၈ ရက် မြောက်နေ့မှာ လွှတ်တော်ကိုယ်စားလှယ် ၁၅ ဦးတို့က ဆွေးနွေးခဲ့ကြပြီး ကန့်ကွက်သူရှိတဲ့အတွက် မဲခွဲဆုံးဖြတ်ရာမှာ မဲပေးခွင့်ရှိသူ ၃၈၈ ဦးအနက် ထောက်ခံသူ ၂၁၇၊ ကန့်ကွက်သူ ၄၃၊ ကြားနေသူ ၁၁၆ ဦးတို့နဲ့ လွှတ်တော်က အတည်ပြုလိုက်တာလဲ ဖြစ်ပါတယ်။

တံတားအမည်ပေးယုံလောက်နဲ့လွှတ်တော်အထိဆုံးဖြတ်တာဟာမသင့်တော်သလို NLDအမတ်အများစုရှိတဲ့ လွှတ်တော် ထဲ မဲခွဲဆုံးဖြတ်တာဟာ ဒီမိုကရေစီအနိုင်ကျင့်မှုတခုလိုခံစားရကြောင်း တိုင်းရင်းသားရေးရာ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်ကပြောပါတယ်။

“ဒီပြဿနာ သေးသေးလေးက ဒီလွှတ်တော်ထဲမှာရောက်စရာလည်း အကြောင်းမရှိဘူး။ အဓိက ရှိတဲ့ဒေသခံနဲ့ အစိုးရနဲ့က သင့်တော်သလို သူ့ဟာသူဆွေးနွေးတိုင်ပင်ပြီးတော့ ညှိနှိုင်းပြီးတော့ ကောင်းတဲ့ သင့်တော်တဲ့ နာမည်တခုဖြစ်သွားရင်တော့ ပြီးတာပေါ့နော် အခုကတော့ လွှတ်တော်အထိ တက်လာတဲ့အခါကျတော့ လူတွေက ဝေဖန်ကြတာပေါ့ ဒီမိုကရေစီ အနိုင်ကျင့်တာတို့ဘာတို့ အဲဒီလိုဖြစ်လာတော့ မကောင်းဘူးပေါ့နော်။”

မွန်လူငယ်ဖိုရမ်အဖွဲ့ကခေါင်းဆောင်တဦးဖြစ်တဲ့မင်းညာဏ်စိုက်ရာမာန်ကတော့ ပြည်နယ်အစိုးရ ရဲ့လုပ်ပိုင်ခွင့်ကို ပြည် ထောင်စုအစိုးရကနေ ထိန်းချုပ်ကန့်သတ် ထားတဲ့အခြေအနေမျိုး လို့ရှု့မြင်ကြောင်းဆိုပါတယ်။

“ဒီပြည်နယ်ရဲ့ လုပ်ပိုင်ခွင့်တွေက ကန့်သတ်လုပ်ထားတယ်လို့ ကျနော်တို့ အဲလိုခံစားရတယ်။”

မွန်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာအေးဇံကတော့ ဗိုလ်ချုပ်အောင်ဆန်းတံတား အမည်ကို ကန့်ကွက်တာဟာ ဗိုလ်ချုပ် အောင်ဆန်းရဲ့ သမိုင်းရာဇဝင်ကိုမသိရှိကြလို့ သွေးထိုးလှုပ်ဆော်မှု ခံနေရတဲ့ လုပ်ရပ်လို့ ပြောပါတယ်။

“ပြည်ထောင်စု ရံပုံငွေနဲ့ အကုန်လုံးလုပ်တာ ဒါနဲ့ ပတ်သက်ပြီးတော့ ဗိုလ်ချုပ်အောင်ဆန်းနာမည် တပ်တာနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ ရှင်းရှင်းပြောရင်တော့ ကျနော်တို့ ဂုဏ်ယူရမှာပဲ။”

ဝါရင့်နိုင်ငံရေးသမားတဦးဖြစ်တဲ့ မွန်အမျိုးသားပါတီဥက္ကဌနိုင်ငွေသိန်းကတော့ တံတားအမည် ပေးတာဟာ ဗိုလ်ချုပ် အမည်ကိုရောင်းစားတဲ့လုပ်ရပ်တခုဖြစ်ပြီးNLDအဖွဲ့ချုပ်အတွင်းမှာ ဖက်ဒရယ်ပြည်ထောင်စုနဲ့ ပက်သက်ပြီးပေါ်လစီ မရှိခဲ့ ဘူးလို့ပြောပါတယ်။

“ကိုယ့်အဖေကို ကိုယ်စော်ကားနေတာ ၊ ဟိုကတည်းက သူကပြောနေတာက ဖယ်ဒရယ်မှုဟာ စစ်တပ်အတွက်လို့ မပြောပါနဲ့ ဖယ်ဒရယ်မှုပေါ်မှာလည်း ပြည်ထောင်စုစနစ်သုံးသွားမယ်ပေါ့။”

၁၉၉၀ရွေးကောက်ပွဲဝင် တိုင်းရင်းသားနိုင်ငံရေးပါတီတွေဖြစ်တဲ့ မွန်အမျိုးသားပါတီ ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ဇီုမီးအမျိုးသားကွန်ကရက်စတဲ့ ပါတီတွေဟာ NLDအဖွဲ့ချုပ်နဲ့တစိုက်မတ်မတ် ပူးပေါင်းလုပ်ဆောင်လာခဲ့ပေမဲ့ ၂၀၁၅ ရွေးကောက်ပွဲအပြီးNLDအစိုးရဖြစ်လာပြီးနောက်ပိုင်းမှာ အမြင်မတူသဘောထား ကွဲလွှဲမှုတွေရှိလာခဲ့ပါတယ်။

မော်လမြိုင်ချောင်းဆုံမြစ်ကူးတံတားကို အရင်သမ္မတဦးသိန်းစိန်အစိုးရလက်ထက်ကစတင်ခဲ့တဲ့ စီမံကိန်းဖြစ်ပြီး တံတား အရှည် ၅၂၀၃ ပေ အကျယ် ၂၈ ပေရှိ နှစ်လမ်းသွားတံတားဖြစ်သလို ကုန်ကျစရိတ်က ကျပ်သန်းပေါင်း ၅၉၈၀၀ ကုန်ကျ ခဲ့ပါတယ်။

ပြီးခဲ့တဲ့ဝန်ကြီးချုပ်ဟောင်းဦးမင်းမင်းဦးလက်ထက်ကလဲ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ ဖေဖေါ်ဝါရီ(၁၃)ရက်မှာ အထက် ညွှန်ကြားချက်အရ သံလွင်တံတား(ချောင်းဆုံ)အစားဗိုလ်ချုပ်အောင်ဆန်းတံတားအမည်ပေးဖို့စီစဉ်နေဆဲမှာ ဒေသခံ မွန်ပြည်သူတွေ သံဃာတော်တွေ မွန်နိုင်ငံရေးပါတီတွေကနေကန့်ကွက်ခဲ့ပါတယ်။

ဝန်ကြီးချုပ်တဦးအနေနဲ့ပြည်သူတွေနှစ်သက်တဲ့အမည်ပေးဖို့သဘောတူခဲ့အပြီး တာဝန်ရာထူးကနေနှုတ်ထွက်ခဲ့တာပါ။

ဝန်ကြီးချုပ်မင်းမင်းဦးတာဝန်ရာထူးကနေနှုတ်ထွက်တာဟာ တံတားအမည်ပေးရေးအတွက် ဒေသခံတွေရဲ့ဆန္ဒကိုလိုက် လျော လို့ပါတီကနေ ဖိအားပေးတာ ဖြစ်ကြောင်းသတင်းတွေပေါ်ထွက်နေပါတယ်။

နိုင်ငံရေးသုံးသပ်သူတွေအနေနဲ့က လွှတ်တော်အနေနဲ့ ဥပဒေပြုရေးနဲ့တခြားကဏ္ဍတွေမှာအာရုံစိုက်လုပ်ဆောင်နေမဲ့ အစားဒေသခံတွေသဘောမတူတဲ့အမည်ကို မဲခွဲဆုံးဖြတ်တဲ့လုပ်ရပ်ဟာ မသင့်တော်သလို တိုင်းရင်းသားလူမျိုးတွေ နဲ့ NLDအကြား သွေးကွဲစရာအမြင်တွေရှိလာတဲ့အတွက် NLDရဲ့ပုံရိပ်ကိုထိခိုက်လာနိုင်တယ်လို့လဲ သုံးသပ်ဝေဖန်မှုတွေ ရှိနေပါတယ်။

ပြည်‌နယ်‌တံတားတစ်‌စင်‌းအတွက်‌ အမည်‌‌ပေးတဲ့ကိစ္စ‌လေးတောင်‌မှ ‌ဒေသခံတွေရဲ့ဆန္ဒနှင်‌့အညီ လွှတ်‌‌တော်ကမလိုက်‌‌ လျောနိုင်‌ခဲ့ရင်‌ တိုင်းရင်းသားတွေ‌မျော်‌လင်‌့ထားတဲ့ တန်‌းတူ‌ရေးနဲ့ကိုယ်‌ပိုင်‌ပြဌာန်‌းခွင်‌့ ဖယ်‌ဒရယ်‌ဒီမိုက‌ရေစီနိုင်‌ငံတည်‌‌ ဆောက်‌ဖို့အတွက် မေးခွန်းထုတ်စရာတွေဖြစ်နေတယ်လို့မွန်နိုင်ငံရေးသုံးသပ်သူတွေကပြောဆိုမှုတွေရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG