သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မွန်ပြည်နယ် ဝန်ကြီးချုပ်သစ် ရွေးချယ်အတည်ပြု


မွန်ပြည်နယ်လွှတ်တော် (Credit to -Mon Mp Khaing Khaing Leh)
မွန်ပြည်နယ်လွှတ်တော် (Credit to -Mon Mp Khaing Khaing Leh)

လစ်လပ်နေတဲ့ မွန်ပြည်နယ်ဝန်ကြီးချုပ်ရာထူးအတွက် နိုင်ငံတော်သမ္မတကနေ ဝန်ကြီးချုပ်သစ်အဖြစ် ကျိုက်ထိုမြို့နယ် က ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးဇံ ကို အဆိုပြုလာတဲ့အပေါ် မွန်ပြည်နယ်လွှတ်တော်ကနေ ကန့် ကွက်သူမရှိထောက်ခံ အတည်ပြုခဲ့ပါတယ်။ ဝန်ကြီးချုပ်သစ်အနေနဲ့ မွန်ပြည်နယ်ဖွံ့ဖြိုးရေးအတွက် လျှပ်စစ်စွမ်းအင် ကဏ္ဍနဲ့အလုပ်အကိုင်အခွင့်အလမ်း ရရှိရေးအတွက်ဦးစားပေးလုပ်ဆောင်သွားမှာဖြစ်ပြီး မွန်ပြည်နယ်လွှတ်တော်နဲ့ အစိုး ရ အဖွဲ့ အကြားမှာ တသားထဲဖြစ်အောင် လုပ်ဆောင်သွားမယ် လို့ပြော ပါတယ်။ ဒေါက်တာအေးဇံ ဝန်ကြီးချုပ်ဖြစ်လာ တာနဲ့ တချိန်ထဲမှာဘဲကြုံတွေ့လာမယ့် အခက်အခဲ စိမ်ခေါ်မှုတွေက ဆီးကြိုနေတယ်လို့ အရပ်ဘက် လူမှုအဖွဲ့တာဝန်ရှိသူ တွေက သုံးသပ် ထားပါတယ်။ ဗွီအိုအေထိုင်းအခြေ စိုက် သတင်းထောက် နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ထားပါတယ်။

နိုင်ငံတော်သမ္မကနေ ယခင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာအေးဇံကို မွန်ပြည်နယ်ဝန်ကြီးချုပ် အဖြစ် ခန့်အပ်ကြောင်း စာပေးပို့လာတဲ့အပေါ် ဒီကနေ့ ကျင်းပတဲ့ပြည်နယ်လွှတ်တော်အစည်းအဝေး ကနေ ကန့်ကွက်သူ မရှိအတည်ပြုပြီး ဝန်ကြီးချုပ် အသစ်အဖြစ်ဒီကနေ့ မွန်းလွဲပိုင်းမှာ ကျမ်းသစ္စာကြိမ်ဆိုခဲ့ပါတယ်။

မွန်ပြည်နယ်ဝန်ကြီးချုပ်သစ်အနေနဲ့ ပထမဦးစားပေးလုပ်ဆောင်သွားမယ့် လုပ်ငန်းစဉ်တွေ ကိုတော့ ဒေါက်တာအေးဇံက အခုလိုပြောပါတယ်။

“ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် နံပတ်၁ လိုအပ်တာကတော့ ကျနော်တို့ စွမ်းအင်ပေါ့နော် လျှပ်စစ်၊ နံပတ်၂ ကတော့ Infrastructural ပေါ့ ၊ နံပတ်၃ က အလုပ်အကိုင်ရရှိရေး၊ ကျနော့်အနေနဲ့ ဒီ ၃ ခုကို ဦးစားပေးပြီးဆောင်ရွက်သွားမှာပါ။”

ဒေါက်တာအေးဇံဟာ မွန်ပြည်နယ်လွှတ်တော်မှာ စီမံကိန်း နှင့် ဘဏ္ဍာရေး ကော်မတီ ဥက္ကဋ္ဌ ၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူ ခဲ့ပါတယ်။

အရင်ကဆိုရင် မွန်ပြည်နယ်လွှတ်တော်နဲ့အစိုးရအဖွဲ့အကြားမှာ ပွတ်တိုက်မှု ထိတွေ့မှုတွေနည်းပါးခဲ့ပေမယ့် ဝန်ကြီးချုပ် သစ် လက်ထက်မှာ တသားထဲဖြစ်အောင် လုပ်ဆောင်သွားမယ်လို့ ဒေါက်တာအေးဇံကဆက်ပြောပါတယ်။

“လွှတ်တော်ထဲမှာလည်း နေခဲ့တာ ၁ နှစ်ကြာပြီလေ ၊ ကျနော်ကော်မတီ ဥက္ကဋ္ဌအနေနဲ့ လည်း ကျနော်လုပ်ခဲ့တာ။ လွှတ်တော် ဆိုတာက ရှင်းရှင်းပြောရင် ပြည်သူတွေရဲ့ အသံပဲ၊ ပြည်သူတွေရဲ့ကိုယ်စားပဲ။ အဲဒီတော့ အစိုးရအဖွဲ့ဆိုတာကလည်း ရှင်းရှင်းပြောရမယ်ဆိုရင် အစိုးရအဖွဲ့မှာရှိတဲ့လူတွေက လွှတ်တော် ကနေ ပေါက်ဖွား လာတာပဲ၊ လွှတ်တော်ကနေ ပေါက်ဖွားလာတယ်ဆိုတော့ ကျနော်တို့က ဒီဟာကို ကိုယ့်ပြည်သူတွေရဲ့ ကိုယ်စားလှယ်တွေ ဖြစ်တဲ့အတွက် လွှတ်တော်နဲ့ ကျနော်တို့ အစိုးရအဖွဲ့နဲ့က တသားထဲ ပူးပေါင်းဆောင်ရွက်မယ်ဆိုတာကို ကျနော်ပြောကြား လိုပါတယ်။”

ဒေါက်တာအေးဇံအနေနဲ့ မွန်ပြည်နယ်ဝန်ကြီးချုပ်ဖြစ်လာရင် အစိုးရနဲ့ လွှတ်တော်အကြား ပေါင်းစပ်ညှိနှိုင်းမှုတွေ ရရှိလာ လိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီက လွှတ်တော်ကိုယ်စားလှယ် မင်းအောင်မွန်ကပြောပါတယ်။

“ကျနော်တို့ဒီလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဥပဒေပြုရေးနဲ့ ကျနော်တို့ အစိုးရအဖွဲ့နဲ့ အုပ်ချုပ်ရေးနဲ့ အပြန်အလှန်လေးစားမှုရှိလာမယ်လို့ ကျနော် ထင်တယ်။ နောက်ပြီးပေါင်းစပ် မှုရှိလာမယ်လို့လည်း ကျနော်ယူဆတယ်။”

ဒေါက်တာအေးဇံအနေနဲ့ ဝန်ကြီးချုပ်အဖြစ်တာဝန်ယူမယ်ဆိုရင် ကြုံတွေ့လာမယ့် အခက်ခဲ စိန်ခေါ်မှုတွေက ဆီးကြိုလို့ နေပါတယ်။ ဒီအခြေအနေကိုတော့ မွန်ပြည်နယ်အရပ်ဘက်လူမှုအဖွဲ့အစည်းတာဝန်ရှိသူ မင်းမင်းနွယ်ကအခုလို ပြော ပါတယ်။

“လောလောဆယ် မွန်တမျိုးသားလုံးကနေပြီးတော့ ပြီးခဲ့တဲ့ ၂၈ ရက်နေ့ မနေ့ကတော့ လွှတ်တော်မှာတင်တဲ့အဆိုနဲ့ ပတ်သက်တဲ့ ဘီလူးကျွန်း- ချောင်းဆုံတံတား နဲ့ ပတ်သက်ပြီးတော့ အဲဒီစိန်ခေါ်မှုတွေက အကြီးကြီးသူ ရင်ဆိုင် ရလိမ့်မယ်။ ချောင်းဆုံတံတားနဲ့ ပတ်သက်ပြီးတော့ ဖြစ်လာတဲ့ မွန်ပြည်သူတရပ်လုံးရဲ့ ကန့်ကွက်တဲ့ကိစ္စက ဒီကာလ ရွေးကောက်ပွဲကိုလည်း သွားထိခိုက်စေတဲ့အနေအထားနဲ့ သူ ရင်ဆိုင်ရလိမ့်မယ်။ ဒီပြည်နယ်ထဲမှာ တိုင်းရင်းသားရေးရာနဲ့ ပတ်သက်ပြီးတော့ သွားနေတဲ့ NLD ပါတီရဲ့ ကြွေးကြော်သံတွေနဲ့ လွဲနေပြီးတော့ ဗဟိုချုပ်ကိုင်မှု ပြင်းထန်နေတဲ့ အနေအထားပေါ်မှာ ဒါကလည်း ဒေါက်တာအေးဇံ ကရင်ဆိုင်ရဖွယ်ရှိတယ်လို့ သုံးသပ်ပါတယ်ခင်ဗျ။”

ဒေါက်တာအေးဇံဟာ (၂၀၁၅)ရွေးကောက်ပွဲ အလွန် ကာလမှာ ပြည်နယ်ဝန်ကြီးချုပ်ဖြစ်လာ လိမ့်မယ်လို့ အများက ထင်ကြေးပေးနေပေမယ့် ဘီးလင်းမြို့နယ်ကကိုယ်စားလှယ် ဦးမင်းမင်းဦးကိုသမ္မတကနေအဆိုပြုရွေးချယ်ခဲ့ပါတယ်။

ဦးမင်းမင်းဦးဟာ ဝန်ကြီးချုပ် တာဝန်ယူခဲ့သည့်ကာလအတွင်း လွှတ်တော် အစည်းအဝေး တက်ဖို့ပျက်ကွက်တဲ့ကိစ္စ၊ ပြည်နယ်စီမံကိန်းကော်မတီဖွဲ့စည်းရာမှာ စီးပွားရေး လုပ်ငန်းရှင် တွေကိုထည့်သွင်းထားတဲ့ကိစ္စ၊ စီးပွားရေးလုပ်ငန်းရှင် တွေနဲ့ မကြာခဏတွေ့ဆုံနေတဲ့ကိစ္စ ၊ လူမှုရေး အရှုပ်အရှင်း ကိစ္စတွေနဲ့ပက်သက်ပြီး တိုင်ကြားခြင်းကိုခံနေရပါတယ်။

တိုင်ကြားချက်အပေါ် NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဉာဏ်ဝင်း အဖွဲ့ခေါင်းဆောင် အဖြစ် ပါဝင်တဲ့ လေ့လာ သုံးသပ်ရေးအဖွဲ့ကနေ စစ်ဆေးတွေ့ရှိချက်တွေ အရ ဦးမင်းမင်းဦးမှာ အပြစ်ရှိတယ်ဆိုပြီးလေ့လာသုံးသပ် ရေး အဖွဲ့က ပြော ဆိုခဲ့ပြီးနောက်ပိုင်း ဖေဖေါ်ဝါရီ(၂၄)ရက်နေ့မှာ ဦးမင်းမင်းဦးအနေနဲ့ တာဝန်ရာထူးကနေနှုတ်ထွက်စာ တင်ခဲ့ ပါတယ်။

ဝန်ကြီးချုပ်သစ်ဒေါက်တာအေးဇံဟာ အဘ ဦးကျော်ဇံ၊ အမိ ဒေါ်ရင်မြတို့ကနေ မွန်ပြည်နယ် ၊ မုဒုံမြို့မှာမွေးဖွါးခဲ့ပြီး၊ မုဒုံ ၊ သံဖြူဇရပ် ရှမ်းပြည်နယ်က အ.ထ.က (သီပေါ) ကျောင်းတွေမှာ အခြေခံပညာကို သင်ယူခဲ့ပြီး ရန်ကုန် ဆေးတက္ကသိုလ် (၂) မင်္ဂလာဒုံ မှာ M.B.B.S(YGN) ဒေါက်တာဘွဲ့ကိုရရှိခဲ့ပါတယ်။

ဒေါက်တာအေးဇံဟာ ၁၉၉၀ ခုနှစ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ရဲ့ ရွေးကောက်ပွဲ အနိုင်ရ ကိုယ်စားလှယ် တစ်ဦးလည်းဖြစ်ခဲ့သလို ၂၀၁၅ရွေးကောက်ပွဲမှာလည်း ကျိုက်ထိုမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၂) ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် အဖြစ်အနိုင်ရရှိခဲ့ပါတယ်။

ယခင်စစ်အစိုးရလက်ထက် နိုင်ငံရေးတက်ကြွသူအများအပြားကို နိုင်ငံရေးပုဒ်မတွေနဲ့ ထောင်ချ ခဲ့သလို၊ အခြား တရား မမှှု ပုဒ်မတွေ နဲ့လည်း ထောင်ချခဲ့တဲ့ဖြစ်စဉ် အရ ဒေါက်တာအေးဇံဟာလဲ ၁၉၉၇ခုနှစ်မှာ တရားဝင်ဝယ်ယူထားတဲ့ ခြံထဲက ယူကလစ်ပင်တွေ ဖျက်ဆီးမှှု အပက (၃) နဲ့ထောင်ဒဏ်(၅)နှစ်ချမှတ်ခြင်းခံခဲ့ရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG