သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တပ်ချုပ်မိန့်ခွန်းအပေါ် ပြည်ပတိုင်းရင်းမြန်မာတချို့ တုံ့ပြန်


၇၂ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားမှာ ပြောဆိုသွားတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ မိန့်ခွန်းကိုကြည့်ရင် တပ်မတော်ဟာ မြန်မာ့နိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍမှာ ဆက်ပြီး နေရာယူထားလိုတဲ့ အာသီသရှိနေတာပြသကြောင်း ပြည်ပအခြေစိုက် တိုင်းရင်းသားအရေး လှုပ်ရှားသူတွေနဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ထောက်ပြကြပါတယ်။ မတ်လ ၂၇ ရက် တော်လှန်ရေးနေ့ကို တပ်မတော်နေ့အဖြစ် သတ်မှတ် ခေါ်ဆိုနေခြင်းကိုလည်း ကန့်ကွက်ခဲ့ကြပါတယ်။ အပြည့်အစုံကိုတော့ ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။

နေပြည်တော်မှာ မနေ့က ကျင်းပတဲ့ ၇၂ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားအတွင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၁၆ ခုနှစ် အတွင်း ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည် အရှေ့မြောက်ပိုင်း မုံကိုး၊ လောက်ကိုင်ဒေသ တိုက်ပွဲတွေဟာ အကြမ်းဖက် သောင်းကျန်းမှုဖြစ်ပြီး နိုင်ငံတော် အချုပ်အခြာအာဏာကို ထိပါးလာတဲ့အတွက် တပ်မတော်က ကာကွယ် တိုက်ခိုက်နေခြင်း ဖြစ်တယ်လို့ သူ့မိန့်ခွန်းထဲ ပြောခဲ့တာပါ။ ဒီအချက်နဲ့ ပတ်သက်လို့ ဂျာမဏီနိုင်ငံမှာနေထိုင်တဲ့ ဖယ်ဒရယ်ပြည်ထောင်စုအရေး လေ့လာရေးသားနေသူ ရှမ်းတိုင်းရင်းသား စိုင်းဝမ်စိုင်းက ခုလို သုံးသပ်ပါတယ်။

“အခုဒီ မြောက်ပိုင်းမှာ ဖြစ်တဲ့ကိစ္စ တကယ်တမ်းကတော့ လူမျိုးချင်း ပဋိပက္ခ အသွင်ဆောင်တယ်။ အဲဒီအသွင်ကို ဖျောက်ဖျက်ချင်တဲ့အချိန်ကျတော့ ကိုးကန့်၊ UWSA ၀ က တရုတ်ရဲ့ သြဇာခံပုံစံမျိုး ဒီလိုပဲ ယူဆတယ်လို့ ကျနော်တို့ မှန်းလို့ရတယ်လေ။ အဓိပ္ပါယ်ကတော့ နိုင်ငံခြားကနေ ကျူးကျော်ဝင်ရောက်တယ်ပေါ့ဗျာ ။ ဆိုတဲ့အခါကျတော့ ကျနော်တို့ လုပ်နေတဲ့အလုပ်တွေက အချုပ်အခြာအာဏာကို ထိခိုက်လာလို့ တိုင်းပြည်ကို ကာကွယ်နေတာပါဆိုတာကို သူတို့က ရှေ့တန်းတင်လိုက်တယ်။ တပ်မတော်က သူတို့အရင်သွားနေတဲ့လိုင်းအတိုင်းပဲ နိုင်ငံရေးနယ်ပယ်မှာ အသာစီးရမှုကို သူတို့က လက်မလွှတ်နိုင်ဘူး။”

၇၂ နှစ်မြောက် တပ်မတော်နေ့အခမ်းအနားကို NLD အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေ တက်ရောက်တာတွေ့ရပေမယ့် နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်လည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်တာ မတွေ့ရတဲ့အတွက် တပ်မတော်နဲ့ ဒေါ်အောင်ဆန်းစု ကြည်ကြား ဆက်ဆံရေးပေါ် စောင့်ကြည့်ဝေဖန်မှုတွေ ထွက်ပေါ်နေတာပါ။ ဒါနဲ့ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စု အင်ဒီးယားပြည်နယ် မှာနေထိုင်ပြီး တိုင်းရင်းသားအရေး လှုပ်ရှားနေသူ ချင်းတိုင်းရင်းသား ဒေါက်တာ Ro Dinga ကတော့ ခုလိုသုံးသပ်ပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ကတော့ တိုင်းပြည်မှာ ဖြစ်နေတဲ့ ပဋိပက္ခ ကို ဖြေရှင်းတဲ့အခါမှာ ဖေးဖေးမမနဲ့ တပ်မတော်ဘက်ကို စည်းရုံးပြီးတော့ ဆောင်ရွက်နေတယ်လို့ ကျနော်ယူဆတယ်။ NLD ကရွေးကောက်ပွဲဝင်တဲ့ဆောင်ပုဒ်ထဲမှာ အခြေခံဥပဒေပြင်ဆင်ရေးတို့ အဲဒီကိစ္စတွေ အကောင်အထည်ဖော်ဖို့က စစ်တပ်နဲ့ အပေးအယူပြေလည်သွားတဲ့ အချက်တွေကတော့ ကျနော်အခုထိတော့ မတွေ့ရသေးဘူး။”

တပ်ချုပ်က တပ်မတော်နေ့ မိန့်ခွန်းပြောရာမှာ တပ်မတော်အနေနဲ့ တိုင်းပြည်ဖွံ့ဖြိုးရေးအတွက်သာမက၊ ကုန်ဈေးနှုန်း ထိန်းသိမ်းနိုင်ရေး၊ စိုက်ပျိုး မွေးမြူ ထုတ်ကုန်ကဏ္ဍစတဲ့ ကဏ္ဍအတော်မျာများမှာ တပ်တော်က ပါဝင်လုပ်ဆောင်ဖို့ ညွှန်ကြားသွားပါတယ်။ ဒီအချက် အပေါ် အမေရိကန်ပြည်ထောင်စုမှာနေထိုင်တဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာတင့်ဆွေရဲ့ အမြင်ကတော့

“တပ်မတော်နေ့ မိန့်ခွန်းကတော့ လက်တွေ့လည်း မြန်မာပြည်ရဲ့ နိုင်ငံရေး၊ စီးပွားရေး နေရာတိုင်းမှာ ပါခဲ့ပြီးတော့ ပါနေတယ်။ နောက်လည်းပဲ ပါဦးမယ်ဆိုတဲ့ အခြေခံပေါ်မှာ စဉ်းစားပြီးတော့ ပြောပုံတော့ ရတယ်ခင်ဗျ။ NLD ဦးဆောင်တဲ့ အစိုးရ တက်လာတဲ့အချိန်ကျတော့ တပ်မတော်ဘက်က အတိုင်းအတာတခုအထိတော့ ပူးပေါင်းဆောင်ရွက်မူ ရှိနေတာကိုတော့ ကျနော်တို့ လက်ခံကြိုဆိုပါတယ်။ သို့သော် ဒီမိန့်ခွန်းအရဆိုရင် တပ်မတော်ကတော့ အချိန်ယူချင်သေးတယ်၊ ယူဦးမယ်ဆိုတဲ့သဘောသက်ရောက်နေပါတယ်ခင်ဗျ။”

မြန်မာနိုင်ငံမှာ တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့က အပစ်ရပ်စာချုပ် NCA ကို လက်မှတ်ရေးထိုးထားပြီး ကျန်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ NCA မှာ လက်မှတ်ထိုးကြဖို့ အစိုးရနဲ့ တပ်မတော်က တိုက်တွန်းကြောင်း တပ်ချုပ်က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG