သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုးကန့်ဒေသ ညမထွက်ရအမိန့်ထုတ်ပြန်


ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသထဲမှာ MNDAA ခေါ် ကိုးကန့်တပ်ဖွဲ့ နဲ့ မြန်မာစစ်တပ်တို့ကြား တိုက်ပွဲတွေပြင်းထန်နေတာကြောင့် ဒေသတွင်း လုံခြုံရေး စိုးရိမ်ရတဲ့အနေအထားဖြစ်လာနေလို့ လောက်ကိုင်မြို့နယ်နဲ့ ကုန်းကြမ်းမြို့နယ်တွေကို ပုဒ်မ ၁၄၄ ညမထွက်ရအမိန့် ထုတ်ပြန်လိုက်ပါတယ်။ တိုက်ပွဲတွေက ဆက်ပြင်း ထန်နေဆဲ အနေအထားဖြစ်လို့ စစ်ပြေးဒုက္ခသည်တွေကလည်း စစ်ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်ပါတယ်။ ကိုးကန့်ဒေသက စစ်ရေးနောက်ဆုံးရအခြေအနေကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန် တင်ပြပေးပါမယ်။

ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသထဲမှာ မြန်မာအစိုးရတပ်နဲ့ ကိုးကန့်တပ်ဖွဲ့ကြား ပြီးခဲ့တဲ့ ဇန်နဝါရီလကတည်းကစလို့ နှစ်ဘက် တိုက်ပွဲတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေခဲ့ရာကနေ လောက်ကိုင်မြို့ပေါ်အထိ တိုက်ပွဲတွေပြင်းထန်လာတဲ့အနေအထားဖြစ်ပါတယ်။ လောက်ကိုင်မြို့ထဲအထိ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ တိုက်ခိုက်မှုတွေဖြစ်တဲ့အတွက် ဒေသခံပြည်သူအချို့အပါအဝင် လုံခြုံရေးတပ်ဖွဲ့ဝင်တွေပါ ထိခိုက်ဒဏ်ရာရ သေဆုံးမှုတွေဖြစ်ခဲ့ပါတယ်။ တိုက်ပွဲတွေပြင်းထန်လာတဲ့အနေအထားကြောင့် မတ်လ ၁၀ရက်နေ့ ကစလို့ လောက်ကိုင်မြို့နယ်နဲ့ ကုန်းကြမ်းမြို့နယ်တွေမှာ ည (၉) နာရီကနေ မနက် ၆နာရီအထိ ညမထွက်ရအမိန့် ပုဒ်မ (၁၄၄) ကို ထုတ်ပြန်လိုက်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီက သတင်း ထုတ်ပြန်ပါတယ်။

အခုလို တိုက်ပွဲတွေကြောင့် တရားဥပဒေစိုးမိုးရေး ဒေသတွင်းတည်ငြိမ်အေးချမ်းရေးကို ထိခိုက်လာတဲ့ အနေအထားဖြစ်လို့ အဲ့ဒီ့လို ပုဒ်မ (၁၄၄) ထုတ်ပြန်လိုက်တဲ့ လက်ရှိ မြို့တွင်း လုံခြုံရေးအခြေအနေအပေါ် ဒေသခံတွေအတွက် ကူညီကယ်ဆယ်ပေးနေတဲ့ လားရှိုးသတင်းက ကိုနေမျိုးက အခုလိုပြောပြပါတယ်။

“ပုဒ်မ ၁၄၄ က ညမထွက်ရဆိုတော့ ညမှာ အုပ်စုဖွဲ့ပြီးတော့ သွားလာနေတာတို့၊ ဥပမာ ဆိုင်တွေဖောက်တာတို့ ရှိတတ်လို့လေ။ လုံခြုံရေးအနေနဲ့ မြို့အနေနဲ့လည်း စိတ်ချရအောင်၊ အိုးပစ်အိမ်ပစ်သွားတဲ့ အိမ်တွေအနေနဲ့လည်း စိတ်ချရအောင်ဆိုပြီးတော့မှ ထုတ်ထားတာပေါ့။ ထုတ်ထားတော့ မြို့ပေါ်မှာက လူတွေက မရှိသလောက်ဖြစ်သွားတဲ့အတွက် ထွက်တဲ့လူတော်တော်များများကတော့ အဖျက်အဆီးတွေလုပ်မယ့်လူလောက်ပဲ ထွက်မှာ။ သာမန်လူကတော့ ဒီလိုအခြေအနေဆိုးနေတဲ့အချိန်မှာ ဘယ်သူမှာ မထွက်ကြဘူးခင်ဗျ။ ထုတ်သင့်တယ်လို့ ကျနော့်အနေနဲ့တော့ ထင်ပါတယ်။ လက်ရှိတပ်မတော်နဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကလည်း လုံခြုံရေးတာဝန်ယူထားတယ်။”

အခုလက်ရှိမှာတော့ လောက်ကိုင်မြို့အနီးဝန်းကျင်နဲ့နယ်စပ်တလျောက်မှာ တိုက်ပွဲတွေက ပြင်းထန်နေဆဲဖြစ်တာမို့ ဘေးလွတ်ရာထွက်ပြေးလာနေရတဲ့ စစ်ပြေးဒုက္ခသည်တွေကလည်း ယာယီခိုလှုံရေးစခန်းတွေရှိရာကို နေ့စဉ်လိုလို လာရောက်နေကြတုန်းပဲလို့ လက်ရှိအခြေအနေကို ကိုနေမျိုးကရှင်းပြပါတယ်။

“တိုက်ပွဲကတော့ ဆက်ဖြစ်နေတုန်းပဲ၊ လုံခြုံရေးကတော့ စိတ်မချရဘူး။ စိတ်မချရတော့ အဲဒီမြို့မှာနေတဲ့ မြို့ခံတွေ ဒေသခံတွေအားလုံးကလည်း တော်တော်များများပေါ့နော် ၈၀ ရာခိုင်နှုန်းကတော့ တချို့လည်း တရုတ်ပြည်ဘက်ထွက်ပြေးပေါ့။ တချို့လည်း မြန်မာနိုင်ငံ ထဲမှာရှိတဲ့ လားရှိုး၊ ကွတ်ခိုင်၊ မူဆယ် ၊ မန္တလေး၊ ရန်ကုန်ပေါ့ အဲဒီမှာ ရှိတဲ့ ဆွေမျိုးတွေဆီကို သွားပြီးတော့မှ နေကြတာပေါ့ ။ ရောက်လာသေးတယ် နေ့တိုင်းတော့ ဝင်နေတယ် ခင်ဗျ နေ့တိုင်းတော့ ၄၀၀-၅၀၀ လောက်ကတော့ ပုံမှန်တော့ဝင်နေတယ်ခင်ဗျ ဒီနေ့လည်း ကျနော်တို့ မန်ဆူဘုန်းကြီးကျောင်းကနေပို့လိုက်တာ အယောက် ၄၀၀ ကျော်တယ်ခင်ဗျ။”

တရုတ်-မြန်မာနယ်စပ် ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသထဲမှာ တိုက်ပွဲတွေဖြစ်လာတာကြောင့်ကြံခုတ်လုပ်ငန်းအပါအဝင် နယ်စပ်ကုန်သွယ်စီးပွားရေးလုပ်ငန်းတွေမှာ လာရောက်အလုပ်လုပ်ကိုင်နေရတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို ကလေးငယ်လေးတွေကအစ မိသားစုလိုက် ကူညီကယ်ဆယ်ပေးနေရတဲ့ အနေအထားကိုလည်း လားရှိုးမြို့က ကိုသန့်ဇင်လှိုင်က ရှင်းပြပါမယ်။

"အထူးသဖြင့် လောက်ကိုင်ပေါ့ လောက်ကိုင်မှာ ကြံခုတ်တဲ့လုပ်သားတွေခေါ်မှာပေါ့နော်။ ရွှေ့ပြောင်းလုပ်သားပဲ ခေါ်ရမလားမသိဘူး အဲ့ဒီ့လူတွေကိုပဲ ကျနော်တို့က အဓိက ဦးစားပေးပြီး လုပ်ပေးရတာ။ ကလေးတွေနဲ့မိန်းမတွေလည်း အများကြီးပဲလို့ အဲ့ဒီ့ကြံခုတ်တဲ့အထဲမှာလေ။ သူတို့မိသားစုတွေပေါ့ ကျနော်တို့ ဟိုတနေ့ကတောင် ခေါ်ထုတ်လာသေးတယ်။ ဒီမှာက ဘုန်းကြီးကျောင်းတွေမှာ စခန်းဖွင့်ထားတာပေါ့နော်။ စစ်ရှောင်စခန်းတခုဖွင့်ထားတယ် အဲ့ဒီ့အထဲမှာ။"

ကိုးကန့်ဒေသထဲကနေ မြန်မာပြည်ဘက်ခြမ်းဘေးလွတ်ရာကို ထွက်ပြေးသူတွေရှိသလို တရုတ်နိုင်ငံဘက်ခြမ်း နယ်စပ်ဘက်ကို တိမ်းရှောင်သူတွေလည်း ရှိနေတာမို့ သူတို့အတွက် ဘေးအန္တရာယ်လုံခြုံရေးနဲ့ လိုအပ်တဲ့စားနပ်ရိက္ခာ အဝတ်အစား ဆေးဝါးစတာတွေကိုလည်း ဒေသခံရပ်မိရပ်ဖတွေ၊ အစိုးရတာဝန်ရှိသူတွေ၊ ကြက်ခြေနီအသင်း၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ နေရာချထားရေးဌာနနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေက ဝိုင်းကူညီပေးနေကြတယ်လို့ ကူညီကယ်ဆယ်ပေးနေသူ ကိုနေမျိုးက ပြောပြပါတယ်။

" အခု လောက်ကိုင်ဆေးရုံထဲမှာ ယာယီဒုက္ခသည်စခန်းဖွင့်ထားတယ်။ အဲ့ဒီ့ကိုတော့ ရောက်အောင်သွားပါ။ အဲ့ကိုမသွားနိုင်ရင် ကြားမှာ ရှိတဲ့သူတွေကချင်းရွှေဟော်ကို လမ်းလျှောက်လာပါ ရောက်အောင်သွားပါ။ အဲ့လိုရောက်အောင်သွားလို့ရှိရင် အဲ့မှာ ရှိတဲ့ ကြံကားတွေနဲ့ ၁၂ဘီးကားတွေနဲ့အဲ့ဒီ့အဖွဲ့တွေကို ဒေသအုပ်ချုပ်ရေးအဖွဲ့တွေက အားလုံးပူးပေါင်းပြီးတော့မှ ကျနော်တို့ လားရှိုး၊ မန်ဆူ စစ်ဘေးရှောင် ဒုက္ခသည်စခန်းကို ပို့ဆောင်ပေးပါတယ်အမ။ မန်ဆူရောက်လာလို့ရှိရင်တော့ စားဖို့သောက်ဖို့ နေဖို့ထိုင်ဖို့တွေ အားလုံးစီစဉ်ပေးတယ်။ သူတို့တွေကို ပြန်ဖို့ ကားတွေကိုလည်း စီစဉ်ပေးတယ်ခင်ဗျ။"

လောလောဆယ်မှာတော့ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတဲ့ ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသထဲမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး စစ်ရေးက တင်းမာနေဆဲအနေအထားဖြစ်ပြီး လတ်တလောမှာတော့ မြန်မာအစိုးရတပ်နဲ့ ရဲတွေဘက်က လုံခြုံရေးတာဝန်ယူထားတဲ့အနေအထားဖြစ်ပါတယ်။

တရုတ်-မြန်မာ နယ်စပ်ဒေသ တည်ငြိမ်ရေးနဲ့ ငြိမ်းချမ်းရေးရစေဖို့ ၂ နိုင်ငံ နယ်စပ်ဒေသမှာ တိုက်ခိုက်နေတဲ့ အဖွဲ့အားလုံး ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ကြဖို့နဲ့ လက်နက်ကိုင်တိုက်ခိုက်မှုတွေ ချက်ချင်းရပ်စဲကြဖို့ တရုတ်အစိုးရက ပြီးခဲ့တဲ့ကြာသပတေးနေ့ကသတင်းစာရှင်းလင်းပွဲမှာ တောင်းဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG