သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာသတင်းသမားများ လုံခြုံရေးသတိရှိဖို့ လိုအပ်


သတင်းယူနေသော သတင်းသမားများ
သတင်းယူနေသော သတင်းသမားများ

ပြီးခဲ့တဲ့ရက်ပိုင်းက သတင်းထောက်ကိုစိုးမိုးထွန်း အသတ်ခံရတာကိုနမူနာယူပြီး သတင်းထောက်တွေအနေနဲ့ အကဲဆတ်တဲ့ သတင်းတွေကို ရယူတဲ့အခါ မိမိတို့ရဲ့ လုံခြုံရေးအတွက် ကြိုတင်လေ့လာ ပြင်ဆင်မှုတွေလုပ်သင့်တယ်လို့ မြန်မာသတင်းသမဂ္ဂအဖွဲ့ က ပြောဆိုလိုက်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံက သတင်းထောက်တွေရဲ့ လုံခြုံရေးအတွက် သတင်းမီဒီယာအဖွဲ့အစည်းတွေအပြင်၊ အစိုးရနဲ့ စစ်တပ်ကပါ ဝိုင်းဝန်း လုပ်ဆောင်သင့်တယ်လို့လည်း ပြောပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ရှားဖောင်က ပြောပြပေးပါမယ်။

အင်္ဂါနေ့ညက Eleven Media Group ရဲ့ မုံရွာအခြေစိုက် သတင်းထောက် ကိုစိုးမိုးထွန်း အသတ်ခံရတာကို ကြည့်မယ်ဆိုရင် သတင်းထောက်တွေအနေနဲ့ အကဲဆတ်ပြီး အန္တရာယ်ရှိနိုင်တဲ့ သတင်းတွေကိုရယူတဲ့ရအခါ ဆောင်ရန်၊ ရှောင်ရန် အကြောင်းအရာတွေကို ကြိုတင်လေ့လာထားသင့်တယ်လို့ မြန်မာသတင်းသမဂ္ဂအဖွဲ့ က ပြောဆိုလိုက်ပါတယ်။ သတင်းထောက်တွေရဲ့ လုံခြုံရေးနဲ့ပတ်သက်ပြီး သတိထားသင့်တာတွေကို မြန်မာသတင်းသမဂ္ဂအဖွဲ့ ဥက္ကဌ ဦးမောင်မောင်မြင့်က အခုလို တိုက်တွန်းပြောဆိုထားပါတယ်။

“ဒီလုံခြုံရေးကို ဂရုစိုက်ဖို့ဆိုတဲ့နေရာမှာ ကျနော်တို့ သတင်းထောင်လောကမှာဆိုရင် ဆိုရိုး စကား ရှိပါတယ် ကိုယ့်အသက်ကို စွန့်ရလောက်တဲ့ အထိ အရေးကြးီတဲ့သတင်း ဘာမှမရှိဘူးတဲ့ ၊ ဆိုတော့ အဲလိုမျိုးဆိုရိုးရှိပါတယ်။ သို့သော်လည်း ကျနော်တို့အရေးအကြီးဆုံး အချက်တိုက်တွန်းလေ့ ရှိတဲ့အချက်ကတော့ ကိုယ့်သတင်းကို ကိုယ်လျှို့ဝှက် ပြီးတော့ ထောက်လှမ်းရတာ မှန်ပေမယ့်လို့ ကိုယ်ဘယ်သွားတယ် ဘာလုပ်တယ်ဆိုတာကို အနီးဆုံးလူတယောက်ကို ပြောပြခဲ့ဖို့ ၊ နောက်ပြီးတော့ အဆက်အသွယ် အမြဲထားဖို့ တယ်လီဖုန်းနဲ့ပေါ့နော်။ နောက်တခုကတော့ ကိုယ့် အဆက်အသွယ်ကို ဘယ်လောက်အထိ ယုံကြည်ရမယ်ဆိုတာကို သတိထားဖို့လိုပါတယ်။ အခုလိုမျိုး သစ်မှောင်ခိုသတင်းတွေ ၊ မူးယစ်ဆေးဝါး မှောင်ခိုထုတ်တဲ့သတင်းတွေ က ကြားထဲမှာ ကြားလူတွေရှိပါတယ်။ အဲဒီကြားလူတွေကို ကိုယ်မယုံရလို့ရှိရင် မဆက်ဆံတာ ပိုကောင်းပါတယ်။ နောက်ပြီးတော့ ယုံရမယ်ဆိုရင်လည်း သူတို့ကတဆင့် နောက်ထပ် တွေ့လာမယ့်လူတွေကို မေးမြန်းတဲ့အခါမှာ အင်မတန်မှ သတိထားဖို့အတွက် လိုပါတယ်။ အထူးသဖြင့်ကတော့ ကိုယ့်ကို မသင်္ကာ မဖြစ်အောင် ဆက်ဆံဖို့လိုပါတယ်။”

မြန်မာနိုင်ငံစာနယ်ဇင်းလောကအနေနဲ့ကလည်း နိုင်ငံတကာ သတင်းထောက်လက်စွဲပေါ် အခြေခံတဲ့ သတင်းထောက်လက်စွဲ စာအုပ်တွေထုတ်ပေးသင့်သလို သတင်းထောက်တွေရဲ့ လုံခြုံရေးဆိုင်ရာ သင်တန်းတွေပေးသင့်တယ်လို့လည်း ဦးမောင်မောင်မြင့်က ပြောပါတယ်။

“ကျနော်တို့မြန်မာနိုင်ငံမှာရှိတဲ့ သတင်းအဖွဲ့အစည်းတွေအနေနဲ့ ဒီသတင်းထောက်လက်စွဲစာအုပ်မျိုး တွေထုတ်ပြီးတော့ ဆောင်ရန်ရှောင်ရန်တွေ အားလုံးကို ပြုစုသင့်တယ်လို့ ကျနော် ထင်ပါတယ် အဲဒီကိစ္စကလည်း နိုင်ငံတကာ သတင်းမီဒီယာတွေကနေပြီးတော့ ဒီလိုကိစ္စမျိုးတွေကို သေသေချာချာ သုတေသန ပြုပြီးတော့ ဒီဆောင်ရန် ရှောင်ရန် ကိစ္စတွေကို သတင်းထောက်တွေကို အသိပေးထားပြီးသားဖြစ်တဲ့အတွက်ကြောင့် သူတို့ဆီကနေ ကျနော်တို့ ယူသင့်တာကို ယူပြီးတော့ ကျနော်တို့မြန်မာနိုင်ငံမှာ သတင်းထောက်လက်စွဲ စာအုပ်ထုတ်သင့်တယ်လို့ ထင်ပါတယ်။ နောက်ပြီးတော့ အရေးကြီးတာ နောက်တခုကတော့ ကျနော်တို့ သတင်းမီဒီယာ သင်တန်းတွေကို လုပ်ပေးတဲ့နေရာမှာလည်း သတင်းထောက် လုံခြုံရေးနဲ့ ပတ်သက်တဲ့ သတင်းမီဒီယာ သင်တန်းတွေကိုလုပ်ပေး နိုင်ရင် ပိုပြီးတော့ အကျိုးရှိနိုင်ပါတယ်”

သတင်းထောက်တွေရဲ့ လက်စွဲစာအုပ်ထုတ်တဲ့အခါမှာလည်း သတင်းမီဒီယာအဖွဲ့အစည်းတွေအပါအဝင် အစိုးရနဲ့ စစ်တပ်ကပါ ဝိုင်းဝန်းပါဝင်လုပ်ဆောင်သင့်တယ်လို့ ဦးမောင်မောင်မြင့်က ပြောပါတယ်။

“သတင်းထောက်လက်စွဲစာအုပ်ထုတ်တဲ့နေရာမှာ အကောင်းဆုံးတော့ ကျနော်တို့ မြန်မာပြည်မှာအခု ၃ ခု ၄ ခုလောက်ရှိပါတယ် သတင်းမီဒီယာအဖွဲ့အစည်းတွေ ကနေ ကိုယ်တိုင် ဦးစီးကြပ်မတ်ပြီးတော့ ထုတ်ရင်ကောင်းပါတယ်။ အကြံဉာဏ်ယူတဲ့ ကိစ္စမှာတော့ ကျနော်ထင်တယ် ရှေ့နေတွေလို ပုဂ္ဂိုလ် မျိုးတွေ ၊ နောက်ပြီးတော့ တရားဥပဒေတွေကိုနားလည်တဲ့ ပုဂ္ဂိုလ် တွေရယ် နောက် အစိုးရဘက်က ဆိုပါတော့ ပြန်ကြားရေးဌာနက နေ သူတို့ပံ့ပိုးပေးနိုင်မယ့် လူမျိုးတွေရှိတယ်ဆိုရင် သူတို့အနေနဲ့ ပါဝင်သင့်ပါတယ်။ နောက်တခုကတော့ စစ်တပ်ကိုလည်း ဒီနေရာမှာ ထည့်ပြီးတော့ စကားပြောရပါလိမ့်မယ် ဘာကြောင့်လဲဆိုတော့ ဒီမွန်ပြည်နယ်မှာ ကိုပါကြီးအသတ်ခံရတုန်းက ဒါဟာ စစ်သား ၂ ယောက်ကို အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ အမှုဖွင့်ပါတယ် နောက်ဆုံးကျတော့မှ စစ်ခံရုံးက သူတို့ ၂ ယောက်ကို တိတ်တိတ်လေး ပလပ်လိုက်တာပေါ့နော်၊ တရားသေလွှတ်လိုက်တာ ရှိခဲ့ပါတယ်။ဆိုတော့ ဖြစ်နိုင်ရင် ဒီဥပဒေသမားတွေ အစိုးရဆိုတဲ့နေရာတွေမှာ စစ်တပ်ကတာဝန်ရှိတဲ့သူတွေအထူးသဖြင့် ဥပဒေနဲ့ ပတ်သက်တဲ့သူတွေကိုလည်း ထည့်ပြီးတော့ အဖွဲoင်အနေနဲ့ ပါသင့်တယ်လို့ ကျနော်ထင်ပါတယ်။”

အသက် ၃၆ နှစ်အရွယ် သတင်းထောက် ကိုစိုးမိုးထွန်း သေဆုံးနေတာကို စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်၊ ပြည်ထောင်စုလမ်းမကြီးအနီးမှာတွေ့ရှိခဲ့တာဖြစ်ပါတယ်။ ကိုစိုးမိုးထွန်း အသတ်မခံရခင်မှာ လတ်တလော ဒေသတွင်း သစ်ခိုးထုတ်မှုကိစ္စကို စုံစမ်းဖော်ထုတ် သတင်းယူနေတာဖြစ်တယ်လို့ Eleven Media Group က ဆိုပါတယ်။

ဒီအမှုနဲ့ပတ်သက်ပြီး ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုအဖွဲ့ UNESCO ရဲ့ ညွှန်ကြားရေးမှူးချုပ် Irina Bokova ကလည်း စုံစမ်းလေ့လာဖော်ထုတ် သတင်းရေးသားတဲ့ သတင်းထောက် ကိုစိုးမိုးထွန်းဟာ အစိုးရကောင်းတရပ်ပေါ်ပေါက်ရေးနဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး အပိုင်းမှာ ပါဝင်လုပ်ဆောင်နေသူတဦးဖြစ်တဲ့အတွက် အခုလိုသူအသတ်ခံရတာကို ရှုတ်ချသလို အမှုမှန်ပေါ်အောင်ဆောင်ရွက်ဖို့လည်းတောင်းဆိုလိုက်ပါတယ်။

ဒီရာဇဝတ်မှုပေါ်ပေါက်ဖို့အတွက် အာဏာပိုင်တွေက စုံစမ်းစစ်မှု စတင်လုပ်ဆောင်တဲ့အပေါ် ကြိုဆိုသလို ဒီလူသတ်မှု ကျူးလွန်တဲ့သူတွေကိုလည်း တရားဥပဒေအရ အရေးယူဆောင်ရွက်နိုင်မယ်လို့ ယုံကြည်ကြောင်းလည်း Irina Bokova က ပြောပါတယ်။

ကိုစိုးမိုးထွန်းအမှုမှန်ပေါ်ပေါက်ရေးအတွက် စုံစမ်းဖော်ထုတ်ဖို့ ရဲတပ်ဖွဲ့ွက အထူးစုံစမ်းရေးအဖွဲ့ဖွဲ့ပြီး စုံစမ်းစစ်ဆေးမှုတွေလုပ်ဆောင်နေပြီ ဒီအမှုနဲ့ ပတ်သက်ပြီးတော့လည်း လူတချို့ကို မေးမြန်းတာတွေလုပ်နေပြီးဖြစ်တယ်လို့ မြုံရွာမြို့ ရဲစခန်း တာဝန်ရှိသူကဗွီအိုအေကို ပြောပါတယ်။

သတင်းထောက် ကိုစိုးမိုးထွန်း အသတ်ခံရတဲ့အမှုကို ချက်ခြင်းစုံစမ်းဖော်ထုတ်အရေးယူမှုတွေလုပ်ဖို့ကိုလည်း နိုင်ငံတကာသတင်းထောက်များဖက်ဒရေးရှင်းအဖွဲ့ - IFJ နဲ့ မြန်မာဂျာနယ်လစ်ကွန်ယက် - MJA အဖွဲ့ရဲ့ ကြာဿာပတေးနေ့ထုတ် ပူးတွဲကြေညာချက်မှာ တောင်းဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG