သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေး ခန့်အပ်


အစိုးရရဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်အဖြစ် ခန့်အပ်ခံရတဲ့ ဦးသောင်းထွန်း
အစိုးရရဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်အဖြစ် ခန့်အပ်ခံရတဲ့ ဦးသောင်းထွန်း

ပြည်တွင်း ပြည်ပ အန္တရာယ်တွေနဲ့ ပတ်သက်လို့ မဟာဗျူဟာရှုဒေါင့်က လေ့လာ သုံးသပ် ပြီး သမ္မတနဲ့ ပြည်ထောင်စုအစိုးရကို အကြံပြုနိုင်ဖို့အတွက် အငြိမ်းစားသံအမတ်ကြီး ဦးသောင်းထွန်းကို အစိုးရရဲ့ အမျိုးသား လုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် အဖြစ် ခန့်အပ် လိုက်ပါတယ်။ ဒီရာထူးတာဝန်ကို ပြည်ထောင်စုဝန်ကြီး အဆင့်သတ်မှတ်ထားသလို လက်ရှိ အစိုးရလက်ထက်မှာ အသစ်ဖန်တီးခန့်အပ် လိုက်တဲ့ အစိုးရထိပ်တန်းအကြီးအကဲ ရာထူးသစ် လည်းဖြစ်ပါတယ်။ အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်အဖြစ် ခန့်အပ်ခံရသူ ဦးသောင်းထွန်းဟာ ဘယ်လိုလူလဲ၊ သူနဲ့ပတ်သက်လို့ ဘယ်လိုအမြင်တွေ ရှိကြသလဲ။ ဗွီအိုအေ မြန်မာပိုင်းက ကိုမိုးဇော် စုံစမ်းမေးမြန်းတင်ပြထားပါတယ်။

အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် ရာထူးတာဝန်ဟာ ဆယ်စုနှစ်များစွာ အစိုးရအဆက်ဆက် တာဝန်ယူခဲ့ကြတဲ့ ကာလအတွင်းမှာ ပထမဆုံး ခန့်အပ်လိုက်တာလည်း ဖြစ်ပါတယ်။ ဒီလုပ်ငန်းတာဝန်နဲ့ ပတ်သက်ပြီးအငြိမ်းစား သံအမတ်ကြီး ဦးသောင်းထွန်းရဲ့ လုပ်ဖော်ကိုင်ဖက်ဟောင်း အငြိမ်းစား သံတမန်တဦးဖြစ်တဲ့ ဦးမြထွန်းက သူ့အမြင် အခုလို ပြောဆိုပါတယ်။

“လုပ်ဖော်ကိုင်ဖက် အနေနဲ့ကတော့ လက်တွဲလုပ်ဖူးတယ်။ ဒီလူက လူတော်တယောက်ပါ၊ အလုပ်လုပ်စေ့စပ်ပါတယ်။ ဘာကိုလုပ်ပြီးတော့ ဘာကိုဘယ်သူ့ဆီတင်ပြရမလဲဆိုတာမျိုးပေါ်လာမယ်ဆိုရင် စွမ်းစွမ်းတမန်အောင်အောင်မြင်မြင်နဲ့ ဆောင်ရွက်နိုင်မယ်လို့ ကျနော်ထင်ပါတယ်။”

ဦးသောင်းထွန်းဟာ မြန်မာနိုင်ငံခြားရေးဌာနမှာ ၁၉၇၂ ခုနှစ်က စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး ဖိလစ်ပိုင်၊ ဘယ်လဂျီယံ၊ နယ်သာလန်နိုင်ငံတွေနဲ့ ဥရောပသမဂ္ဂဆိုင်ရာ သံအမတ်ကြီး၊ ရန်ကုန်ရုံးချုပ်နဲ့ ဘန်း၊ ဘရပ်ဆဲလ်၊ ဂျနီဗာ၊ မနီလာ၊ နယူးယောက်နဲ့ ဝါရှင်တန်တို့မှာ သံတမန်အဖြစ် အငြိမ်းစားယူတဲ့ ၂၀၁၀ ဧပြီလအထိ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

သူဟာ မြန်မာနိုင်ငံ မဟာဗျူဟာ နှင့် နိုင်ငံတကာ လေ့လာရေးအဖွဲ့ (MISIS)မှာ အတွင်းရေးမှူးတာဝန်ယူခဲ့သလို လက်ရှိအချိန်မှာတော့ Shell Myanmar Energy ကုမ္ပဏီရဲ့ အစိုးရ ဆက်ဆံရေး အကြံပေးအဖြစ် ဆောင်ရွက်နေတာဖြစ်ပါတယ်။

ဦးသောင်းထွန်းဟာ နိုင်ငံခြားရေးဝန်ကြီးဌာနမှာ တာဝန်ယူစဉ်က နိုင်ငံတကာမျက်နှာစာမှာ ပြည်သူ့မျက်နှာမကြည့်ဘဲ စစ်အစိုးရကို ကာကွယ်ပြောဆိုခဲ့တာတွေရှိကြောင်း ဝေဖန်တာတွေလည်းရှိခဲ့ပါတယ်။

မြန်မာနိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းကတော့ သူ့အမြင်ကို အခုလို ပြောပါတယ်။

“ဒီအမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် ဆိုတဲ့ ရာထူးကတော့ နိုင်ငံရေးအရေကော ငြိမ်းချမ်းရေးအရကော စိန်ခေါ်မှု မြင့်မားတဲ့ နိုင်ငံမှာ လိုအပ်တယ်လို့ ကျနော်ကတော့ မြင်ပါတယ်။ ဒါပေမယ့် အဲဒီလို ပုဂ္ဂိုလ်ကို ရွေးချယ်ခန့်အပ်တဲ့နေရာမှာတော့ ဒီမိုကရေစီကို လိုလားပြီးတော့ ဒီမိုကရေစီဘက်တော်သားဆိုပြီးတော့ သတ်မှတ်လို့ရနိုင်တဲ့ ပညာရှင်မျိုး၊ နိုင်ငံရေးသမားမျိုးကို ရွေးချယ်ပြီးတော့ တာဝန်ပေးအပ်တာဟာ ပိုပြီးတော့ ကြောင်းကျိုးဆီလျှော်မှု ရှိတယ်လို့ ကျနော်ကတော့ မြင်ပါတယ်။”

တဖက်မှာတော့ ပြည်သူ့ဝန်ထမ်းအနေနဲ့ အထက်ညွှန်ကြားချက် အတိုင်း ဆောင်ရွက်ရတယ်ဆိုတဲ့ တုံပြန်မှုတွေလည်း ရှိနေပါတယ်။

ဦးသောင်းထွန်းနဲ့အတူ နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ဆောင်ရွက်ခဲ့တဲ့ သံအမတ်ကြီးဟောင်း ဦးဖေသန်းဦးကတော့ ဦးသောင်းထွန်းကို အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်အဖြစ် ခန့်အပ်လိုက်တဲ့အပေါ် အခုလို ရှုမြင်ပါတယ်။

“ဒီလိုပဲ နိုင်ငံတော်အစိုးရက ပေါ်လစီချမှတ်ပြီးခိုင်းတာကို လုပ်ခဲ့ရတာပဲ။ အခု ဒေါ်အောင်ဆန်းစုကြည် စပြီးတော့ တာဝန်ယူခဲ့တဲ့ အချိန်ကစပြီး အရင်တုန်းကလိုမျိုး ဒီနေရာမှာ ကိုယ်က အာဏာရလာပြီဆိုရင် အရင်တုန်းကလူနဲ့ပတ်သက်တဲ့ဟာတွေအကုန်လုံးကို ဖယ်ပစ်တယ်။ အခန်းက ကုလားထိုင်ကအစ ပြောင်းပစ်တယ်ဆိုတဲ့ မှုမျိုးမရှိတော့ဘူး သူ့အလုပ်ကို ဆက်ပြီးတော့ လုပ်ဖို့ပဲလိုတယ်။ အခုလည်း ကိုယ်ယုံကြည်တဲ့ဟာ ပေးအပ်တဲ့တာဝန်ကို အရင်တုန်းက အတိုင်း ကျေပွန်စွာထမ်းဆောင်ပြီးတော့ လက်ရှိအစိုးရ ပေါ်လစီတွေကို implement လုပ်သွားမယ်လို့ပဲ မျှော်လင့်ရတယ် ယုံကြည်ရတယ်။”

အငြိမ်းစားသံအမတ်ကြီး ဦးသောင်းထွန်းကို အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်အဖြစ် ခန့်အပ်တာကို ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် (၁၈/၂၀၁၆)က သဘောတူဆုံးဖြတ်ချက်အရ ခန့်အပ် တာဝန်ပေးထာဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ဒီလ ၁၀ရက်နေ့ နေ့စွဲထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG