သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်အရေး စစ်ဖက်စုံစမ်းရရှိချက် HRW လက်မခံ


စစ်တွေမြို့အနီးက ဒုက္ခသည်စခန်းတခု မီးလောင်မှုဖြစ်ပွားအပြီး (မေလ ၃ ရက်နေ့ ၂၀၁၆)
စစ်တွေမြို့အနီးက ဒုက္ခသည်စခန်းတခု မီးလောင်မှုဖြစ်ပွားအပြီး (မေလ ၃ ရက်နေ့ ၂၀၁၆)

ရခိုင်ပြည်နယ်အတွင်းမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကြီးကြီးမားမားကျူးလွန်ခဲ့ခြင်းမရှိဘူးလို့ ငြင်းဆန်လိုက်တဲ့အပေါ်မှာ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) က ဝေဖန်လိုက်ပါတယ်။ မြန်မာစစ်တပ်ဘက်က စုံစမ်းစစ်ဆေးမှုတွေဟာလည်း အများယုံကြည်လက်ခံနိုင်လောက်တဲ့ စုံစမ်းစစ်ဆေးမှုတွေမဟုတ်တာကြောင့်၊ ကုလသမဂ္ဂရဲ့အချက်အလက် ရှာဖွေရေး အဖွဲ့ကို ခွင့်ပြုသင့်တယ်လို့လည်း ပြောလိုက်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီးတော့ ဆက်သွယ်စုံစမ်းထားတဲ့ ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မနှစ်ကဖြစ်ပွားခဲ့တဲ့ ပြဿနာတွေနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးရုံး (OHCHR) ကနေ ကုလသမဂ္ဂလူ့အခွင့်အရေးကော်မရှင်ကိုပေးပို့ခဲ့တဲ့ အစီရင်ခံစာမှာတော့ မြန်မာစစ်တပ်ဘက်က လူ့အခွင့်အရေးချိုးဖောက်မှုတွေ အများအပြား ရှိခဲ့တယ်လို့ ပြောပါတယ်။ ဒါပေမဲ့ မြန်မာစစ်တပ်ဘက်ကတော့ ရခိုင်ပြည်နယ်အတွင်းမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကြီးကြီးမားမား ကျူးလွန်ခဲ့ခြင်းမရှိသလို၊ OHCHR ရဲ့ အစီရင်ခံစာမှာပါတဲ့အချက်တွေဟာ လုံးဝမှန်ကန်မှုမရှိဘူးလို့ မြန်မာစစ်တပ်ဘက်က မေလ ၂၃ ရက် နေ့စွဲနဲ့ ကြေငြာချက်ထုတ် ငြင်းဆိုလိုက်ပါတယ်။ လူ့အခွင့်အရေးချိုးဖောက်မှုတွေ နဲ့ ပတ်သက်ပြီး မြန်မာစစ်တပ်ဘက်က လက်မခံဘဲ ငြင်းဆန်နေတဲ့အပေါ်မှာ HRW လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ရဲ့ အာရှဒေသဆိုင်ရာ ဒု-ညွှန်ကြားရေးမှူး Phil Robertson က အခုလို ဝေဖန်လိုက်ပါတယ်။

"ပြီးခဲ့တဲ့နှစ်က ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ မြန်မာစစ်သားတွေဘက်က ကျူးလွန်ခဲ့တာတွေနဲ့ ပတ်သက်ပြီး မြန်မာစစ်တပ်ဘက်က ထပ်ပြီးငြင်းဆန်နေတာဟာ ယုံကြည်လက်ခံနိုင်စရာမရှိဘူးလို့ ကျနော်ထင်ပါတယ်။ စစ်တပ်ဘက်က ဒါကို သီးခြားလွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ထားတာလည်း မဟုတ်ပါဘူး။"

ရခိုင်ပြည်နယ်အပါအဝင် ကချင်၊ ရှမ်း၊ ကရင်၊ မွန် နဲ့ တခြားပြည်နယ်တွေမှာလည်း မြန်မာစစ်တပ်ဘက်က ဆယ်စုနှစ်နဲ့ချီ လူ့အခွင့်အရေး ချိုးဖောက်မှု ကျူးလွန်ခဲ့တဲ့ သမိုင်းကြောင်းတွေရှိတယ်လို့လည်း သူကပြောပါတယ်။ OHCHR အစီရင်ခံစာမှာပါတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ နဲ့ ပတ်သက်ပြီး မြန်မာစစ်တပ်ဘက်ကလည်း ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင် တရပ်ဖွဲ့ပြီး စုံစမ်းစစ်ဆေးခဲ့တယ်လို့ ပြောပါတယ်။ ဒါပေမဲ့ မြန်မာအစိုးရဘက်ကဖွဲ့စည်းလိုက်တဲ့ ကော်မရှင်တွေဟာ အများယုံကြည်လက်ခံနိုင်လောက်တဲ့ အခြေအနေမရှိဘူးလို့ Phil Robertson က ဝေဖန်လိုက်ပါတယ်။

"ဒေါ်အောင်ဆန်းစုကြည်ဖွဲ့စည်းပေးလိုက်တဲ့ ရခိုင်ကော်မရှင်ကလွဲပြီး မြန်မာအစိုးရက ဖွဲ့စည်းပေးလိုက်တဲ့ ကျန်တဲ့ကော်မရှင်တွေဖြစ်ကြတဲ့ ဒု-သမ္မတဦးမြင့်ဆွေ ဦးဆောင်တဲ့ ကော်မရှင် အပါအဝင်၊ စစ်တပ်၊ ရဲ စတာတွေဟာ အများယုံကြည်လက်ခံနိုင်လောက်တဲ့ ကော်မရှင်တွေ မဟုတ်ကြပါဘူး။ သီးခြားလွတ်လပ်တဲ့ကော်မရှင်တွေလည်းမဟုတ်ပါဘူး။ ဒီကော်မရှင်တွေကို နိုင်ငံတကာအသိုင်းအဝိုင်းကလည်း အသိအမှတ်ပြုမှာ မဟုတ်ပါဘူး။"

ဒီအချက်တွေကြောင့် မြန်မာအစိုးရအနေနဲ့လည်း ကုလသမဂ္ဂနိုင်ငံတကာအချက်အလက်ရှာဖွေရေးအဖွဲ့ကို လက်ခံသင့်တယ်လို့ HRW အဖွဲ့က တောင်းဆိုခဲ့ပါတယ်။ မြန်မာအစိုးရဘက်ကတော့ - ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်ကော်မရှင်အပါအဝင် တခြားကော်မရှင်တွေရဲ့လုပ်ဆောင်ချက်တွေရှိနေတဲ့အတွက် ကုလသမဂ္ဂရဲ့ နိုင်ငံတကာအချက်အလက်ရှာဖွေရေးကော်မရှင်ကို လက်မခံဘဲပယ်ချခဲ့ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး Phil Robertson ပြောတာကတော့ -

"ရခိုင်ကော်မရှင်မှာက လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး တိတိကျကျလုပ်ပိုင်ခွင့်ပေးထားတာ မဟုတ်ပါဘူး။ ဒါကရှင်းပါတယ်။ ရခိုင်ကော်မရှင်စတင်ဖွဲ့စည်တုန်းကလည်း ကိုဖီအာနန်ရော မြန်မာအစိုးရကပါ ရခိုင်ကော်မရှင်ကို လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး သီးခြားလုပ်ပိုင်ခွင့် ပေးမထားဘူးလို့ ပြောပါတယ်။ ရခိုင်ကော်မရှင်က ဖွံ့ဖြိုးတိုးတက်ရေး၊ ပြန်လည်သင့်မြတ်ရေး နဲ့ ပြီးတော့ ရခိုင်နဲ့ ရိုဟင်ဂျာတွေကြားမှာ ငြိမ်းချမ်းရေးဖြစ်အောင်လုပ်ဖို့ပါ။ လူ့အခွင့်အရေးကိစ္စအတွက် မဟုတ်သလို၊ တာဝန်ခံမှု တာဝန်ယူမှုနဲ့လည်း မဆိုင်ပါဘူး။"

OHCHR အစီရင်ခံစာမှာဖော်ပြထားတဲ့ အချက် ၁၈ ချက်ထဲက ၁၂ ချက်ဟာ လုံးဝမှန်ကန်မှုမရှိသလို၊ ကျန်တဲ့ အချက် ၆ ချက်ကလည်း ချဲ့ကားပြီး စွပ်စွဲပြောဆိုထားတာဖြစ်တယ်လို့ မြန်မာစစ်တပ်ဘက်က ပြောပါတယ်။ ဒါ့အပြင် စုံစမ်းစစ်ဆေးမှုတွေအတွင်း ပြစ်မှုကျူးလွန်ခဲ့တဲ့ အရာရှိတဦး နဲ့ တပ်သားတဦးကို ထောင်ဒဏ်ချမှတ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG