သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မင်္ဂလာတောင်ညွန့်ဆူပူမှု ပြည်ပရောက် သံဃာတော် နှင့်မွတ်ဆလင် တချို့အမြင်


ရန်ကုန် မင်္ဂလာတောင်ညွန့်မြို့နယ်တွင်း ဆူပူအကြမ်းဖက်မှုများ ဖြစ်ပွား
ရန်ကုန် မင်္ဂလာတောင်ညွန့်မြို့နယ်တွင်း ဆူပူအကြမ်းဖက်မှုများ ဖြစ်ပွား

မြန်မာနိုင်ငံမှာ ဘာသာရေးအသွင်ဆောင်တဲ့ ဆူပူအကြမ်းဖက်မှုတွေဖြစ်အောင် သံဃာအဖွဲ့အစည်းတချို့ ဦးဆောင် လှုပ်ရှားနေတာဟာ ဗုဒ္ဓတရားတော်နဲ့ မညီတဲ့အပြင် နိုင်ငံတကာအသိုင်းအဝိုင်းမှာလည်း မြန်မာ သံဃာတော်တွေရဲ့ ပုံရိပ် ကျဆင်းနေကြောင်း ကနေဒါအခြေစိုက် အပြည်ပြည်ဆိုင်ရာ မြန်မာသံဃာတော်များအဖွဲ့ ဥက္ကဌ ဆရာတော်က မိန့်ကြားလိုက်ပါတယ်။

ဘာသာရေး အထိကရုန်းဖြစ်အောင် ဖန်တီးလှုံဆော်မှုတွေကြောင့် မြန်မာနိုင်ငံမှာ လူနည်းစု မွတ်စလင်တွေအတွက် အကာအကွယ်မဲ့လာနေကြောင်း အမေရိကန်ပြည်ထောင်စုရောက် မြန်မာမွတ်စလင် အသိုင်းအဝိုင်းကလည်း ပြောပါတယ်။

ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က အပြည့်အစုံကို တင်ဆက်မှာပါ။

ရန်ကုန် မင်္ဂလာတောင်ညွန့်မြို့နယ်တွင်း ဆူပူအကြမ်းဖက်မှုမှာ အဓိကကျူးလွန်သူတွေလို့ စွပ်စွဲခံထားရတဲ့ မျိုးချစ်ရဟန်းပျိုများသမဂ္ဂ ဦးဆောင်တဲ့ အမျိုးသားရေးအင်အားစုဆိုသူတွေဟာ မနေ့ ကြာသာပတေးနေ့က ရန်ကုန်ကျောက်တံတားမြို့နယ် City Star ဟိုတယ်မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။ အဲဒီမှာ သူတို့ သံဃာတော်တွေအနေနဲ့ သံဃာအလုပ်ကို မလုပ်နိုင်ပဲ အုပ်ချုပ်ရေးနဲ့ တရားရေးမှာ ဝင်ရောက်လုပ်ကိုင်ပေးနေတာဖြစ်ပြီး အစွန်းရောက် အကြမ်းဖက်တာ မဟုတ်ဘူးလို့ မျိုးချစ်ရဟန်းပျိုများသမဂ္ဂ အတွင်းရေးမှူး ဦးသုစိတ္တက မိန့်ကြားခဲ့ပါတယ်။

မေလ (၉)ရက်နေ့ညက ဦးသုစိတ္တဦးဆောင်တဲ့ အဖွဲ့ဟာ မင်္ဂလာတောင်ညွန့် မြို့နယ် မွတ်စလင်မိသားစုတွေ နေထိုင်တဲ့ တိုက်ခန်းတွေမှာ တရားမဝင်နေထိုင်သူတွေရှိတယ်ဆိုပြီး ရဲနဲ့ လဝက အာဏာပိုင်တွေကို ခေါ်ဆောင်ပြီး အတင်းဝင်ရောက် ရှာဖွေခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမဲ့ ဥပဒေမဲ့ နေထိုင်သူတွေ မရှိဘူးလို့ အာဏာပိုင်တွေက ရှင်းပြပြီးတဲ့နောက် ဦးသုစိတ္တ ဦးဆောင်တဲ့ အုပ်စုက ဆူပူအကြမ်းဖက်မှုကို စတင်ခဲ့ကြောင်း မျက်မြင်သက်သေတွေက ပြောပါတယ်။

အခုလိုမျိုး မျိုးချစ် သံဃာတော်တွေရဲ့ လုပ်ရပ်ဟာ ဗုဒ္ဓတရားတော်နဲ့ မညီတဲ့အပြင် နိုင်ငံတကာမှာလည်း မြန်မာသံဃာတော်တွေရဲ့ ဂုဏ်သိက္ခာထိခိုက်လာကြောင်း ကနေဒါအခြေစိုက် အပြည်ပြည်ဆိုင်ရာ မြန်မာသံဃာတော်များအဖွဲ့ ဥက္ကဌ ဆရာတော် ဦးကောဝိဒက မိန့်ကြားပါတယ်။

“အောင်ဆန်းစုကြည်ဦးဆောင်တဲ့အစိုးရကို အကျပ်အတည်းဖြစ်အောင်လုပ်နေတာလို့ မြင်ပါတယ်။ နောက်က လက်မည်းကြီးကြီးတွေရှိနေတယ်၊ လက်မည်းကြီး၂ ခုကနေပြီးတော့ သူတို့ကိုကိုင်တွယ်ထားတယ်လို့ထင်တယ်။ ဘုန်းကြီးဆိုရင် မြတ်စွာဘုရားဟောထားတယ် ဘုန်းကြီးမှန်လို့ရှိရင် သူများအသက်ကိုလည်းမသတ်ကောင်းဘူး၊ သူတပါးကိုလည်း မညှင်းဆဲကောင်းဘူး။ အဲဒီလိုမြတ်စွာဘုရားဟောထားတာ ရှိနေသားနဲ့ ဘုန်းကြီးတွေက ဒီလိုအလုပ်လုပ်နေတယ်ဆိုတာက မကောင်းဘူး။ အခုဟာက တကမ္ဘာလုံးနဲ့ ဆက်ဆံနေတာနော်၊ အမြင်ကျဉ်းကျဉ်းလေးနဲ့ သွားမလုပ်နဲ့ ၊ ငါတို့ဘာလုပ်မယ်ဆိုပြီး သွားမလုပ်နဲ့၊ ဘုန်းကြီးတွေရဲ့ပုံရိပ်က သေးသွားပြီ။ နောက်ဆိုရင် ရိုခိုးချင်တဲ့လူတွေတောင်ရှိမှာမဟုတ်တော့ဘူး။ အဲဒီလိုလုပ်လေလေ သာသနာပုံရိပ်က ပျက်လေလေ။ အဲဒါတွေ ဘုန်းဘုန်းတို့ပြောချင်ပါတယ်။”

ဒါအပြင် ဆူပူအကြမ်းဖက်သူတွေကို ထိထိရောက်ရောက်ဖမ်းဆီးအရေးယူဖို့တပ်မတော် လက်အောက်မှာရှိနေတဲ့ ပြည်ထဲရေးမှာ တာဝန်အရှိဆုံးဖြစ်ကြောင်း ဆရာတော်က ဆက်ပြီး မိန့်ကြားပါတယ်။

“ဒီကိစ္စမှာ ဒေါ်အောင်ဆန်းစုကြည်တို့အစိုးရအဖွဲ့ထဲမှာလည်း တိုင်းပြည်တခုမှာ အစိုးရအဖွဲ့ထဲမှာ အလွန်အင်မတန်မှ အရေးကြီးတဲ့ ပြည်ထဲရေးဌာနဆိုတာမရှိဘူး။ ပြည်ထဲရေးဌာနမရှိပဲနဲ့ ဒကာမကြီး ဒေါ်အောင်ဆန်းစုကြည်တို့အစိုးရအုပ်ချုပ်နေတာကိုလည်း ဘုန်းဘုန်းလည်း အံ့သြမိတယ်။ သူတို့ဘယ်လိုအုပ်ချုပ်နေသလဲ သူတို့လုံခြုံရေးတောင်မှ မရှိဘူးလို့ပြောရမယ်။”

မြန်မာနိုင်ငံမှာ ဘာသာရေးအသွင်ဆောင်တဲ့ ဆူပူအကြမ်းဖက်မှုတွေဖြစ်လာတဲ့ အခြေအနေကို အမေရိကန်ပြည်ထောင်စုအပါအဝင် နိုင်ငံတကာမှာရောက်နေတဲ့ မြန်မာမွတ်စလင် အသိုင်းအဝိုင်း ကလည်း စိုးရိမ်မကင်းဖြစ်နေကြပါတယ်။

အဝေးရောက် ၈၈ ကျောင်းသားဟောင်းလည်းဖြစ် မြန်မာမွတ်စလင်ကျောင်းသား ကိုနေမင်းတာက ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး သူ့အမြင်ကို အခုလိုပြောပါတယ်။

“ဒါက ဘာလဲဆိုတော့ ဗုဒ္ဓဘာသာစင်စစ်တွေ ရဟန်းသံဃာတွေလုပ်တဲ့အလုပ်မဟုတ်ပါဘူးခင်ဗျ။ ဒါတွေက အာဏာရှင်ကျွေးမွေးထားတဲ့လူတွေ ၊ အာဏာရှင်အဆက်အသွယ် ရှိတဲ့လူတွေကနေပြီးတော့ လုပ်တာကို မျက်ဝါးထင်ထင် ကျနော်တို့မြင်နေရပါတယ်ခင်ဗျ။ ဒီလိုမြင်နေရသားနဲ့ ကာကွယ်ပေးမှုတွေမလုပ်နိုင်ပါဘူး။

မေး။ ။ အဲဒီတော့ ကာကွယ်ပေးမှုတွေမလုပ်နိုင်ပါဘူးဆိုတဲ့အပိုင်းမှာပေါ့နော် ကျမမေးချင်တာက အစိုးရရဲ့ကိုင်တွယ်ပုံကို ဘယ်လိုမြင်ပါသလဲရှင့်။

ဖြေ။ ။NLD အမျိုးသားဒီမိုကရေစီအဖွဲ့ကို ကျနော်တို့က အပြစ်ပြောလို့မရပါဘူး။ ကျနော်တို့ မျက်မြင်ကိုယ်တွေ့ပါဗျာ ၂၀၀၈ ခုနှစ်ဖွဲ့စည်းအုပ်ချုပ်ပုံ၊ နောက်ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းလိုက်လွှတ်လိုက်နဲ့ နောက်ကျနော်တို့ ဘဝသံသရာတလျှောက်လုံးမှာ ဒုက္ခအလီလီ ကျနော်တို့မြင်တွေ့ရပါတယ်။ အခုလည်း NLDရဲ့ လုပ်နိုင်ကိုင်နိုင်ခွင့်ကို ကျနော်တို့ မြင်ပါတယ် Lawfully ကိုလုပ်ပေမယ့် ပြည်ထဲရေးမှာ အရေးကြီးပါတယ်။ နိုင်ငံတနိုင်ငံရဲ့ ပြည်ထဲရေးဟာ ပြည်သူ့ရဲဟာ အစိုးရရဲ့ လက်အောက်မှာ ရှိသင့်ပါတယ်။ ကာလုံလက်အောက်မှာ မရှိသင့်ပါဘူး။”

မြန်မာနိုင်ငံသားမွတ်စလင်တွေအနေနဲ့လည်း နောက်ကွယ်မှာ ဆူပူအကြမ်းဖက်မှုဖြစ်အောင် ဖန်တီးနေသူတွေ ရှိနေတယ်ဆိုတာကို သိရှိပြီး ဒေါ်အောင်ဆန်းစုကြည်အစိုးရနဲ့ ပူးပေါင်းလက်တွဲပြီး ဆောင်ရွက်ကြဖို့လိုတယ်လို့လည်း ကိုနေမင်းတာက ပြောပါတယ်။

မေလ (၉)ရက်နေ့က ရန်ကုန် မင်္ဂလာတောင်ညွန့်မြို့နယ်မှာ ဖြစ်ခဲ့တဲ့ ဆူပူအကြမ်းဖက်မှုကို အဓိကဦးဆောင်ခဲ့ကြတဲ့ မျိုးချစ်ရဟန်းပျိုများသမဂ္ဂ အတွင်းရေးမှူး ဦးသုစိတ္တ၊ အဖွဲ့ဝင် ဦးပညာဝံသ စတဲ့ သံဃာတော် နှစ်ပါးအပါအဝင် မျိူးချစ်အင်အားစုဆိုသူတွေဖြစ်တဲ့ ကိုလတ်နဲ့ ဇနီးဖြစ်သူ မအောင်၊ တင်လင်းထိုက်၊ တင်ဌေးအောင်နဲ့ မြတ်ဘုန်းမိုရ် စုစုပေါင်း (၇)ဦးကို မင်္ဂလာတောင်ညွန့် မြို့နယ်ရဲတပ်ဖွဲ့ကပုဒ်မ ၅ဝ၅- ဂ/၃၄ ဆူပူအောင်သွေးထိုးလှုံ့ဆော်မှုနဲ့ မေလ (၁၁) ရက်နေ့ မနေ့ကဖမ်းဝရမ်းထုတ်လိုက်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG