သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယ်သာလန်နဲ့ သံတမန်ရေးတင်းမာမှု တူရကီတုံ့ပြန်မည်


တူရကီ ဝန်ကြီးချုပ် Binali Yildirim
တူရကီ ဝန်ကြီးချုပ် Binali Yildirim

နယ်သာလန် နိုင်ငံက တူရကီ အစိုးရ ဝန်ကြီး တဦးကို နိုင်ငံတွင်း ဝင်ရောက်ခွင့် ငြင်းပယ်လိုက်ပြီး တခြား တဦးကို နယ်နှင်လိုက်ပြီးနောက်မှာတော့ လက်သင့်ခံနိုင်စရာ မရှိတဲ့ ဒီဆောင်ရွက်ချက် အပေါ် အပြင်းထန်ဆုံး နည်းလမ်းတွေနဲ့ တုံ့ပြန်သွားမယ်လို့ တူရကီ ဝန်ကြီးချုပ် Binali Yildirim က ပြောဆိုလိုက်ပါတယ်။

တူရကီ နိုင်ငံက နယ်သာလန် သံရုံးကိုလည်း တူရကီ အာဏာပိုင်တို့က ချိတ်ပိတ်လိုက်ပါတယ်။ ဒီကနေ့ တနင်္ဂနွေနေ့ အစောပိုင်းမှာတော့ တူရကီ အစိုးရ ဝန်ကြီးတွေ အပေါ် ပြုမူပုံကို မကျေနပ်ကြတဲ့ တူရကီ အစိုးရကို ထောက်ခံသူတွေနဲ့ နယ်သာလန် မြင်းစီး ပလိပ်တွေကြား Rotterdam မြို့မှာ ထိပ်တိုက်တွေ့ခဲ့ကြပါတယ်။

အာဏာ တိုးချဲ့နိုင်ရေး အတွက် နောက်လထဲမှာ လူထုဆန္ဒခံယူပွဲ ကျင်းပနိုင်အောင် ကြိုစားနေတဲ့ တူရကီ သမ္မတ Recep Tayyip Erdogan ရဲ့ တူရကီ အစိုးရကို ထောက်ခံကြောင်း ပြသတဲ့ အနေနဲ့ ဆန္ဒပြသူ ၂ ထောင်နီးပါးတို့က နိုင်ငံရဲ့ ဒုတိယ အကြီးဆုံး Rotterdam မြို့က တူရကီ ကောင်စစ်ဝန်ရုံး အပြင်ဘက်မှာ စုဝေးခဲ့ကြပြီးနောက်မှာ ရဲတွေနဲ့ ထိပ်တိုက်တွေ့ခဲ့ကြတာ ဖြစ်ပါတယ်။

ညသန်းခေါင်ကျော်ချိန်မှာတော့ ရဲတွေက တူရကီ ကောင်စစ်ဝန် အနီးက ဆန္ဒပြသူတွေကို အင်အားသုံးပြီး စတင် မောင်းထုတ်ခဲ့ကြပါတယ်။ အဓိကရုဏ်းနှိမ်နင်းရေး ရဲတွေက လူထုကို အင်အားသုံးပြီး နောက်ဆုတ်စေခဲ့တာလို့ AFP သတင်းဌာနက ဖော်ပြပါတယ်။

ဥရောပ တလွှား တူရကီရဲ့ လူထုဆန္ဒခံယူပွဲ လှုပ်ရှားမှုတွေကို ဆန့်ကျင်မှုတွေ ကြီးထွားလာတာကြောင့် မနေ့ စနေနေ့က တူရကီ နိုင်ငံခြားရေး ဝန်ကြီး Mevlut Cavusoglu ကို နယ်သာလန် နိုင်ငံက ပြည်ဝင်ခွင့် တားမြစ်ခဲ့တာပါ။ ဒီဆောင်ရွက်ချက်ကို တူရကီသမ္မတ Recep Tayyip Erdogan က ပြင်းပြင်းထန်ထန် ရှုံ့ချလိုက်ပြီး တူရကီရဲ့ နေတိုး မဟာမိတ်နိုင်ငံတနိုင်ငံဖြစ်တဲ့ Netherlands နိုင်ငံကို နာဇီလက်ကျန် နိုင်ငံတနိုင်ငံလို့ ပြောဆိုခဲ့ပါတယ်။

အခုလို ပြောကြားချက် ထွက်ပေါ်လာပြီး မကြာခင်မှာပဲ အခု ဂျာမဏီကို ရောက်နေတဲ့ တူရကီနိုင်ငံရဲ့ မိသားစုဝန်ကြီး Fatma Betul Sayan Kaya ဟာ Netherlands ကို ကုန်းလမ်းကနေ သွားရောက်မယ်လို့ တူရကီအစိုးရ သတင်းဌာန ဖြစ်တဲ့ Anadolu က ကြေညာပါတယ်။ Netherlands သူမရဲ့ ဟောပြောပွဲကျင်းပဖို့ နဂိုက စီစဉ်ထားတာကို ဖျက်သိမ်းထားတဲ့ ကြားကနေ အခုလို သွားရောက်ဖို့ ကြေညာတာ လည်းဖြစ်ပါတယ်။ သူမကိုလည်း တူရကီ ကောင်စစ်ဝန်ရုံးဝင်း အတွင်း ဝင်ခွင့် မပေးဘဲ နယ်သာလန် အာဏာပိုင်တို့က နယ်နှင်ခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG