သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဦးကိုနီအမှု နောက်တိုးတရားခံများ ထပ်တိုးဖို့ ရှေ့နေကွန်ယက် ပြင်ဆင်


ရှေ့နေကြီး ဦးကိုနီကို သေနတ်နဲ့ ပစ်ခတ် လုပ်ကြံခဲ့သူ ဦးကြည်လင်းကို ရုံးထုတ်။ မတ်လ ၁၇ ရက် ၂၀၁၇။
ရှေ့နေကြီး ဦးကိုနီကို သေနတ်နဲ့ ပစ်ခတ် လုပ်ကြံခဲ့သူ ဦးကြည်လင်းကို ရုံးထုတ်။ မတ်လ ၁၇ ရက် ၂၀၁၇။

ရှေ့နေကြီး ဦးကိုနီကို သေနတ်နဲ့ လုပ်ကြံထွက်ပြေးသွားတဲ့ လူသတ်တရားခံကို လိုက်လံ ဖမ်းဆီးပေးရင်း သေနတ်ထိမှန် သေဆုံးခဲ့ရတဲ့ အငှားယာဉ်မောင်း ကိုနေဝင်း လူသတ်မှုမှာ ကျန်ရစ်သူ ဇနီးရဲ့ ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက် နိုင်ဖို့ မြန်မာနိုင်ငံ ရှေ့နေများ ကွန်ရက်က ရှေ့နေတွေ ဘက်က ရန်ကုန်တိုင်း မြောက်ပိုင်းခရိုင် တရားရုံးမှာ ရှေ့နေကိုယ်စားလှယ်စာ တင်သွင်းလိုက်ပြီ ဖြစ်ပါတယ်။

ဦးကိုနီနဲ့ အမှုတွဲ ကိုနေဝင်း လူသတ်မှုမှာ တရားခံ မပြည့်စုံတာ၊ အမှုတည်ဆောက်မှု အားနည်းချက်တွေ ရှိနေတဲ့ ဒီအမှုကို ခိုင်မာအောင် တည်ဆောက်နိုင်ဖို့ နောက်တိုး တရားခံတွေ ထပ်တိုးပြီး စွမ်းစွမ်းတမံ ဆောင်ရွက် သွားကြမယ်လို့ ပြောဆိုလိုက်ပါတယ်။ မဆုမွန် တင်ပြပေးထား ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့ ညနေပိုင်းမှာ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ပြည်ပခရီးစဉ်က ပြန်လာတဲ့ NLD ပါတီရဲ့ ဥပဒေအကြံပေး ရှေ့နေကြီး ဦးကိုနီကို သေနတ်သမား ကြည်လင်းက နားထင်ကို သေနတ်နဲ့ တေ့ပြီး လုပ်ကြံသတ်ဖြတ် လိုက်ပါတယ်။ လုပ်ကြံသတ်ဖြတ် ပြီးပြီးချင်းမှာပဲ လေဆိပ်ကားဝင်းထဲကို ထွက်ပြေးသွားတဲ့ လူသတ်တရားခံကို လေဆိပ်ဝင်းထဲက တက္ကစီ ယာဉ်မောင်းတွေနဲ့ တာဝန်သိ ပြည်သူတွေက လိုက်လံဖမ်းဆီးကြရမှာ အငှားယာဉ်မောင်း ကိုနေဝင်း ပစ်လိုက်တဲ့ အုတ်ခဲကျိုး ထိမှန်ပြီးနောက် ပြန်လှည့်ပစ်လိုက်တဲ့ ကြည်လင်းရဲ့ သေနတ် ထိမှန်ပြီး ကိုနေဝင်း သေဆုံးခဲ့ရပါတယ်။

သေဆုံးသူ ကိုနေဝင်းမှာ ကျန်ရစ်သူ ဇနီး မစုသက်ခိုင်နဲ့ လူမမည် ကလေးငယ်တွေ ကျန်ရစ်ခဲ့ပြီး ကိုနေဝင်းကို ဂုဏ်ပြုသော အားဖြင့် အဲ့ဒီ မိသားစု အနာဂတ် ရပ်တည်နိုင်ရေး အတွက်ကို အလှူရှင် စေတနာရှင်တွေက ဝိုင်းဝန်း ကူညီပေးခဲ့ ကြပါတယ်။

အလားတူပဲ ကိုနေဝင်း အသတ်ခံရမှု တရားရုံးတင် စစ်ဆေးနိုင်ဖို့ အတွက် လိုအပ်တဲ့ ဥပဒေကြောင်း အရ ဆောင်ရွက်နိုင်ဖို့ကို မြန်မာနိုင်ငံ ရှေ့နေများ ကွန်ရက်က ရှေ့နေတွေ ဖြစ်တဲ့ ဥပဒေ ပညာရှင် တရားလွှတ်တော် ရှေ့နေ ဒေါ်ခင်မိုးမိုးနဲ့ အတူ ဦးရောဘတ်စန်းအောင်တို့က ကိုနေဝင်းရဲ့ ဇနီး မစုသက်ခိုင်ရဲ့ ရှေ့နေတွေ အဖြစ် လိုက်ပါဆောင်ရွက်ဖို့ ရန်ကုန်တိုင်း မြောက်ပိုင်းခရိုင် တရားရုံးမှာ ရှေ့နေ ကိုယ်စားလှယ်စာကို မေလ ၂၆ ရက်နေ့က တင်သွင်း လျှောက်ထားခဲ့ကြတယ်လို့ ရှေ့နေအဖြစ် လိုက်ပါ ဆောင်ရွက်ပေးမယ့် တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။

“ဒီ မနေ့ကတော့ ပေါ့နော် မြောက်ပိုင်းခရိုင်တရားရုံးမှာ ရာဇဝတ်ကြီး အမှုအမှတ် ၄၅/၂၀၁၇ စွဲဆိုတဲ့ ပုဒ်မက ၃၀၂ ၂/၃၄/၂၀၂ တို့အရ ကြည်လင်းပါ ၅ ယောက် အပေါ်စွဲဆိုထားတဲ့ အမှုမှာ မြန်မာ့ သူရဲကောင်း ဦးနေဝင်းရဲ့ကျန်ရစ်သူ ဇနီးသည် နစ်နာသူ မစုသက်ခိုင်ရဲ့ရှေ့နေအဖြစ်နဲ့ ရှေ့နေ ကိုယ်စားလှယ်လွှဲစာ သွားတင်ခြင်း ဖြစ်ပါတယ်။

အဲဒီ အမှုကို တည်ဆောက်တဲ့ နေရာမှာ အားနည်းချက်တွေ ရှိတယ်လို့ ကျနော်တို့က ယုံကြည်တယ်။ အဲဒီအားနည်း ချက်တွေက ဘာလဲဆိုတော့ တရားခံ မပြည်စုံဘူး။ နောက်ပြီးတော့ သက်သေထည့်သင့်တဲ့ နဂါးလေးကို သက်သေအဖြစ်နဲ့ ထည့်ဖို့ဆိုတဲ့ ကိစ္စတွေ အတွက် ဆောင်ရွက်ဖို့ အတွက် ကျနော်တို့ သွားတင်ခြင်း ဖြစ်ပါတယ်။

ရာဇဝတ် ကျင့်ထုံးဥပဒေ ပုဒ်မ ၄၉၃ အရ ဥပဒေအရာရှိရဲ့အောက်ကနေ ပူးတွဲဆောင်ရွက်မှာ ဆိုတော့ ဥပဒေအရာရှိနဲ့ ပဏာမ ညှိနှိုင်းတဲ့ အခါမှာ ပဏာမ အားဖြင့်တော့ သဘောတူညီမှု ရရှိပါပြီ။ ”

ရှေ့နေကြီး ဦးကိုနီ လူသတ်မှုမှာ သေနတ်နဲ့ ပစ်ခတ်သူ တရားခံဟု သံသယရှိသူ ကြည်လင်းနဲ့ နောက်ကွယ်က စေခိုင်းသူတွေလို့ သံသယရှိသူ တရားခံပြေး အောင်ဝင်းခိုင် အပါအဝင် အောင်ဝင်းဇော်၊ ထောက်လှမ်းရေး အရာရှိဟောင်း ဇေယျာဖြိုးတို့ အပါအဝင် တရားခံဟု ယူဆရသူတွေကို ရုံးတင် စစ်ဆေးနေပြီ ဖြစ်ပေမယ်လို့ ဦးကိုနီနဲ့ ကိုနေဝင်း လူသတ်မှုမှာ နောက်ထပ် ပါဝင်သူတွေလို့ သံသယရှိသူ နောက်တိုး တရားခံသုံးဦး ထပ်ထည့်ပေးဖို့နဲ့ သေနတ်ရာဇဝင်ကို စစ်ဆေးဖို့ ခရိုင်တရားရုံးသို့ လျှောက်ထားဖို့လည်း ပြင်ဆင်နေတယ်လို့ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။

“ အမှုရဲ့ အနေအထားကလည်း ဒီ တရားခံပြေး ကိစ္စကို အရင်တုန်းက ထုတ်ထားတဲ့ ဝရမ်းအမိန့် အစား အသစ်ကို ထုတ်ပြီးတော့ ရဲတပ်ဖွဲ့က အစီရင်ခံ တင်ပြဖို့ ချိန်းဆိုထားတာ ၂ ရက်နေ့။ နောက်ထပ် တရားခံ ၃ ယောက်ရယ်၊ နောက်တရက်က ၉ မမ လက်နက် ကိစ္စပေါ့။ ၉ မမ လက်နက်က နံပတ်တွေ ပါတယ်။

အဲတော့ ကျနော်တို့ ကြားသိရသလောက်က ချက် နိုင်ငံက ထုတ်တာ ဆိုတော့ အဲဒီနိုင်ငံကို ပြည်ထဲရေး ဝန်ကြီးကနေ တဆင့် အဲဒီ နံပတ်တွေကို ဘယ်သူ့ကို ရောင်းချလိုက်လဲ ဆိုတာကို စစ်ဆေးပြီးတော့ အဲဒါနဲ့ နောက်ဆက်တွဲ ဖော်ထုတ်လို့ ရနိုင်မယ်။ နိုင်ငံ့ အကြီးအကဲတွေကို ပြည်သူတွေကို ဒီလို လုပ်ကြံလို့ မရ မလုပ်ဝံ့အောင် ဖော်ထုတ်ဖို့ အတွက် ရည်ရွယ်တာပါ။ ”

တရားခံပြေး အောင်ဝင်းခိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ အပါအဝင် လတ်တလော အမှုတည်ဆောက်တဲ့ နေရာမှာ အားနည်းချက်တွေ ရှိနေဆဲဖြစ်တာနဲ့ တရားခံ မပြည့်စုံသေးတဲ့ အနေအထားတွေကြောင့် အမှုနဲ့ ပတ်သက်ပြီး အားရကျေနပ်စရာ မကောင်းပေမဲ့လို့ အမှုလိုက် ရှေ့နေတွေ ဘက်က အမှုမှန် ပေါ်ပေါက်ရေးနဲ့ နောက်ကွယ်က လူသတ်ခိုင်းတဲ့ အကြောင်းရင်းမှန်ကို ဖော်ထုတ်နိုင်အောင် ကြိုးပမ်းသွားကြမှာ ဖြစ်တယ်လို့ ပြောပါတယ်။

“ အောင်ဝင်းခိုင်နဲ့ ပတ်သက်ပြီးတော့ ဝရမ်းကို တိုင်းတရားရုံးရဲ့ အမိန့်အရ အခု အသစ် ကနေ အစပြန်ထုတ်ပြီးတော့ ဥပဒေနဲ့ အညီ ဆောင်ရွက်ဖို့ အတွက် တရားရုံးက မနေ့က ပြောလိုက်ပြီ ဖြစ်ပါတယ်။ ပြည်သူလူထု ကလည်း အောင်ဝင်းခိုင်နဲ့ တကွ ကွင်းဆက် တရားခံများ အားလုံးကို ကျနော်တို့ ဆီကို တိုက်ရိုက် အသိပေး အကြောင်းကြားခြင်း ပြုပေးစေလိုပါတယ်။ ဒါမှ ကျနော်တို့က ဆက်လက်ပြီးတော့ တရားရုံးမှာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ် ခင်ဗျ။ ”

ဦးကိုနီနဲ့ ကိုနေဝင်းတို့ အမှုကို သီတင်းအပတ်စဉ် သောကြာနေ့တိုင်း ရုံးထုတ် စစ်ဆေးနေပြီး လာမယ့်ဇွန်လ ၂ ရက်နေ့မှာ ထပ်မံရုံးထုတ် စစ်ဆေးဖို့ ရှိနေပါတယ်။ တရားခံတွေနဲ့ တရားခံပြေးတွေ တရားခံပြ သက်သေတွေ အတွက် လိုအပ်တဲ့ တရားရေးဆိုင်ရာ ဆောင်ရွက်ချက်တွေကို ဥပဒေနဲ့အညီ ထိထိရောက်ရောက် စစ်ဆေး ဆောင်ရွက်နိုင်ဖို့ အမှုလိုက် ရှေ့နေတွေဘက်က ပြင်ဆင်နေကြတယ် လို့လည်း အမှုလိုက် ရှေ့နေအဖြစ် လိုက်ပါ ဆောင်ရွက်မယ့် ရှေ့နေတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG