သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဦးကိုနီလုပ်ကြံခံရမှု တပ်အရာရှိဟောင်း ပတ်သက်


ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရမှုမှာ အဓိက ငွေပေးခိုင်းစေသူလို့ စွပ်စွဲခံထားရသူ ဒု ဗိုလ်မှုးကြီးဟောင်း ဦးအောင်ဝင်းခိုင် ( နိုင်ငံတော်သမ္မတရုံး)
ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရမှုမှာ အဓိက ငွေပေးခိုင်းစေသူလို့ စွပ်စွဲခံထားရသူ ဒု ဗိုလ်မှုးကြီးဟောင်း ဦးအောင်ဝင်းခိုင် ( နိုင်ငံတော်သမ္မတရုံး)

NLD ပါတီရဲ့ ဥပဒေအကြံပေးရှေ့နေ ဦးကိုနီ လုပ်ကြံ သတ်ဖြတ်ခံရမှု မှာ နောက်ကွယ် ကနေ ငွေပေးစေခိုင်းသူဟာ ဒုတိယ ဗိုလ်မှုးကြီးဟောင်း တဦးဖြစ်တယ် ဆိုတဲ့ တရားခံလို့ စွပ်စွဲခံရသူ ထွက်ချက်ကို နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ပါတယ်။

သေနက်သမား ကြည်လင်းနဲ့ နောက်ဆက်တွဲဖမ်းဆီးရမိသူ အောင်ဝင်းဇော်တို့နှစ်ဦး ထွက်ချက်အပေါ် မူတည်ပြီး ထုတ်ပြန်တာဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်က တပ်မတော်ကနေ အနားယူခဲ့တဲ့ ဒု ဗိုလ်မှုးကြီးဟောင်း အောင်ဝင်းခိုင်ဆိုသူက ငွေသိန်းတထောင်နဲ့ လုပ်ကြံခိုင်းစေတာဖြစ်တယ်လို့ ဆိုထားပါတယ်။ ဒါနဲ့ပတ်သက်လို့ နိုင်ငံတော်သမ္မတရုံးကို ရှားဖောင် က ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် - NLD ပါတီရဲ့ ဥပဒေ အကြံပေး ရှေ့နေကြီး ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရတဲ့အမှုမှာ နောက်ကွယ်ကနေ ငွေပေးစေခိုင်းသူဟာ မြန်မာစစ်တပ်အတွင်း တာဝန်ထမ်းဆောင်ခဲ့သူ ဒုတိယ ဗိုလ်မှူးကြီးဟောင်း အောင်ဝင်းခိုင် ဆိုသူဖြစ်တယ်လို့ သိရတဲ့အတွက် အမှုမှန်ပေါ်ပေါက်ဖို့ စစ်တပ်နဲ့လည်း ပူးပေါင်း ဆောက်ရွက်မှုတွေလုပ်နေတယ်လို့ နိုင်ငံတော်သမ္မတရုံး ဝန်ကြီးဌာန ပြောခွင့်ရ ဦးဇော်ဌေး က အခုလိုပြောပါတယ်။

“ဖြစ်စဉ်ကို အကျဉ်းချုံးပြန်ပြောရင် ဦးကိုနီ ကို ဒီလို ပစ်ခတ်ပြီးတော့လုပ်တာက ကြည်လင်း၊ ကြည်လင်းကိုငွေပေးတာက ကျနော်တို့ ဟိုနေ့က ထုတ်ပြန်ချက်ထဲ မှာပါတဲ့ အောင်ဝင်းဇော် ၊ အဲဒီ အောင်ဝင်းဇော်ကို ပိုက်ဆံငွေထောက်ပံ့ပြီးတော့ ဦးကိုနီကို ပစ်မှတ်အဖြစ် လုပ်ကြံဖို့ခိုင်းတာက ငွေပေးပြီးတော့ ခိုင်းစေတာက အခု ကျနော်တို့ ထုတ်ထားတဲ့ အောင်ဝင်းခိုင် ။ အခုလောလောဆယ် အောင်ဝင်းခိုင်ကတော့ ကျနော်တို့ ဖမ်းဆီးရမိခြင်းမရှိသေးပဲ ထွက်ပြေးလွှတ်မြောက်နေတဲ့ အနေအထားတော့ ရှိတယ်။ အဲဒီ ထွက်ဆိုချက်အရပဲ ကျနော်တို့က စစ်ဆေးနေတာဖြစ်တယ်။ အဓိကတော့ တယ်လီဖုန်းနဲ့ ညွှန်ကြားပြီးတော့ ဘယ်လိုဘယ်လိုလုပ်၊ ဘယ်အချိန်လေယာဉ် ဆိုက်မယ်၊ ဆိုတာတွေကတော့ ကျနော်တို့အခု ထုတ်ပြန်ထားတဲ့ အောင်ဝင်းခိုင်ဖြစ်တယ် ။ ဆက်ပြီးတော့လည်း ကျနော်တို့အခု အောင်ဝင်းခိုင်က လွှတ်မြောက်နေတယ်။ သူ့ကို ဖမ်းဆီးရမိရေး၊ ကျနော်တို့ တပ်နဲ့ ရဲနဲ့ ပူးပေါင်းပြီးတော့ဆောင်ရွက်နေတယ်။ ဘာကြောင့်လဲဆိုတော့ အောင်ဝင်းခိုင်က ကျနော်တို့ တပ်မတော်မှာ ဒုတိယ-ဗိုလ်မှူးကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့တယ်။ မိမိသဘောနဲ့ နှတ်ထွက်ခဲ့တဲ့ တယောက်ဖြစ်တယ်ပေါ့နော် မကြာသေးဘူး။ အဲဒီတော့ အဲဒါနဲ့ ဆက်စပ် ပတ်သက်နေ တာတွေ စုံစမ်းဖော်ထုတ်ဖို့ တပ်နဲ့ ရဲနဲ့ ပူးပေါင်းပြီးတော့ လုပ်နေတာဖြစ်တယ်။”

ရှေ့နေဦးကိုနီကို လုပ်ကြံသတ်ဖြတ်ပေးဖို့ ငွေပေးစေခိုင်းသူလို့ဆိုတဲ့ အောင်ဝင်းခိုင်ဟာ ထွက်ပြေးလွတ်မြောက်နေဆဲရှိပြီး၊ ၂၀၁၄ ခုနှစ် အတွင်း မိမိသဘောဆန္ဒနဲ့ စစ်တပ်ထဲကနေ ထွက်ခဲ့သူဖြစ်တယ်လို့တော့ သမ္မတရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အောင်ဝင်းခိုင် ဟာ တရားခံလို့ စွပ်စွဲခံထားရသူ အောင်ဝင်းဇော် ရဲ့ ညီဖြစ်ဖြစ်တယ်လို့ နိုင်ငံတော်သမ္မတရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ တရားခံအဖြစ်စွပ်စွဲခံရသူ အောင်ဝင်းဇော်ရဲ့ ထွက်ဆိုချက်အရ ဦးကိုနီကို လုပ်ကြံသတ်ဖြတ်ပေးဖို့ ညီဖြစ်သူ အောင်ဝင်းခိုင် က သူ့ကို၂၀၁၆ ခုနှစ် ဇူလိုင်လမှာ လာရောက်ကမ်းလှမ်းခဲ့တာဖြစ်ပြီး လုပ်ကြံသတ်ဖြတ်ပေးရင် ငွေကျပ်သိန်းတစ်ထောင်ပေးမယ်လို့လည်း ဆိုပါတယ်။

ရှေ့နေ ဦးကိုနီကို အနီးကပ် လေဆိပ်မှာ ပစ်သတ်ခဲ့သူ အသက် ၅၂ အရွယ် ကြည်လင်း ကိုတော့ အောင်ဝင်းဇော် တဆင့်ငွေပေးခိုင်းစေခဲ့တာလို့ ကြေညာချက်မှာ ဖော်ပြပါတယ်။ အခင်းဖြစ်တဲ့အချိန်မှာ သူတို့အားလုံး ရန်ကုန်လေဆိပ်မှာ ရှိနေပြီးတော့၊ အောင်ဝင်းခိုင် ဟာ တယ်လီဖုံးမက်ဆေ့ကတဆင့် ဦးကိုနီဝင်လာမယ့်လမ်း အချိန်တွေကို ညွှန်ကြားပေးပို့ခဲ့တယ်လို့ တရားခံစွတ်စွဲခံရသူတွေ ထွက်ချက်အရ သိရပါတယ်။

ရှေ့နေဦးကိုနီကို လုပ်ကြံသတ်ဖြတ်ပေးဖို့ အစောပိုင်း ကမ်းလှမ်းခံရတဲ့အထဲမှာ ကိုအောင်စိုး ဆိုသူလည်း ပါဝင်ပြီး သူကတော့ ကမ်းလှမ်းချက်ကို လက်မခံပဲ ငြင်းပယ် ခဲ့ပါတယ်။ ဒါပေမယ့်လည်း တရားခံလို့ စွပ်စွဲခံထားရသူ အောင်ဝင်းဇော်ရဲ့ ထွက်ဆိုချက်အရ ကမ်းလှမ်းချက်နဲ့ ပတ်သက်ပြီး ကိုအောင်စိုး က နောက်ပိုင်းမှာ ပြန်ပြီးဆယ်သွယ်လာခဲ့တယ်လို့ နိုင်ငံတော် သမ္မတရုံး ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒါနဲ့ပတ်သက်လို့ သူ့အနေနဲ့ ပြန်ပြီး ဆက်သွယ်တာမျိုးမရှိခဲ့ကြောင်း ကိုအောင်စိုး က အခုလိုပြောပါတယ်။

“ဆက်သွယ်တယ်ဆိုတာမှ လူသတ်ပေးတို့၊ စရန်ပေးတို့တော့တခုမှလည်း ဘာမှမပြောမိပါဘူးခင်ဗျား ၊ တလုံးမှလည်း မပြောမိပါဘူး၊ လူသတ်ပါမယ်တို့ စရန်ပေးပါတို့ ငွေဘယ်လောက်လိုတယ်လို့ တလုံးမှလည်း မပြောမိပါဘူးခင်ဗျ။ ကျနော် ကတော့ သမာတရား ကောင်းစွာနဲ့ လုပ်ကိုင်စားသောက်တယ်၊ ဒီအလုပ်ကို ကျနော်လက်မခံဘူး။ သူ့အလုပ်က သေချာတယ်ဆိုရင်တော့ ကျနော် တခြားတယောက်ကို သတင်းပို့မယ်၊ ကျနော်က ခက်တာကတော့သူ့ကို တခုခုဖြစ်လည်းအထင်မကြီးဘူး။ အထင်မကြီးတော့ ကျနော်အဲလိုပဲ ဆက်သွယ်ခဲ့မိတာပေါ့နော်။ ဆက်သွယ်ခဲ့မိတော့ ဒီလိုကောင်က ဒီလိုလုပ်မှာလားဆိုတာကိုတော့ နည်းနည်းတော့ ကျနော် သံသယဖြစ်မိတယ်။ ဒါပေမယ့် ကျနော့်စိတ်ထဲမှာတော့ မထင်ဘူးခင်ဗျ၊ ဒါပေမယ့် ထင်ခဲ့ရင်လည်း ကျနော်ကဒါ သူက နိုင်ငံခြားသံတမန်တယောက်ကို တကယ်သတ်မယ်တို့၊ ဦးကိုနီကိုသတ်မယ်တို့ အဲလို သတ်မယ်လို့ ကျနော် သိခဲ့မယ် ဆိုရင်တော့ ကျနော်ကတော့ ချက်ချင်းသွားပြီးသတင်းပို့မှာပဲ။ ကျနော်ကတော့ ကောင်းမယ်လို့တော့ မယုံကြည်ဘူး။ ကျနော်က လက်ရှိထောင်ကနေထွက်လာတာ ၃ နှစ်ကျော်ပြီ။ ဘယ်လိုလူဆိုးတွေမှ ကျနော့်အိမ်လာမခံဘူး ၊ ပေါင်းလည်းမပေါင်းဘူး၊ မဆက်သွယ်ဘူး။ လက်ရှိစားဝတ်နေရေးအဆင်မပြေဘူး။ ဒါပေမယ့် ကျနော်ရိုးသားစွာ လုပ်ကိုင်စားသော က်တယ်။”

ဇန်နဝါရီလ ၂၉ရက်နေ့က အင်ဒိုနီးရှားနိုင်ငံကနေ ပြန်လာတဲ့ NLD ဥပဒေ အကြံပေး ရှေ့နေဦးကိုနီဟာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာပဲ သေနတ်နဲ့ အနီးအကပ် ပစ်သတ်ခံလိုက်ရတာဖြစ်ပါတယ်။ ဒီလုပ်ကြံမှုဟာ နိုင်ငံရေး လူမျိုးရေး ပတ်သက်ဆက်နွယ်မှုရှိမယ်ဆိုပြီး အများက ယူဆကြပါတယ်။ ဒါကြောင့်လည်း ဘာသာရေး လူမျိုးရေး သွေးထိုးလှုံ့ဆော်မှုတွေနဲ့ တည်ငြိမ်မှု ပျက်ပြားအောင် လုပ်ဆောင်မှုတွေကို အထူးဂရုပြုကြဖို့ သမ္မတရုံးရဲ့ ဒီကြေညာချက်မှာ တိုက်တွန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

ဦးကိုနီလုပ်ကြံခံရမှု နောက်ဆက်တွဲ စုံစမ်းတွေ့ရှိချက်
please wait

No media source currently available

0:00 0:01:28 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG