သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်သမ္မတ Donald Trump သတင်းစာ ရှင်းလင်းပွဲ


အမေရိကန်သမ္မတ Donald Trump သတင်းစာရှင်းလင်းပွဲ။ (ဖေဖော်ဝါရီ ၁၆-၂၀၁၇)
အမေရိကန်သမ္မတ Donald Trump သတင်းစာရှင်းလင်းပွဲ။ (ဖေဖော်ဝါရီ ၁၆-၂၀၁၇)

အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတအဖြစ် Donald Trump တာဝန်ယူပြီး တလတောင် မပြည့်သေးတဲ့အချိန်မှာပဲ ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ၊ သမ္မတက သူဆောင်ရွက်ခဲ့တွေနဲ့ ပတ်သက်လို့ ကာကွယ်ပြောဆိုခဲ့သလို၊ သတင်းမီဒီယာတွေကို လည်း ထိုးနှက် တိုက်ခိုက်သွားပါတယ်။ သူ့ရဲ့ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေး တာဝန်ခံတွေနဲ့ ရုရှားအာဏာပိုင်တွေကြား ပုံမှန်အဆက်အသွယ် လုပ်ခဲ့ကြတယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်လို့ အခြေအတင်ဖြစ်စရာတွေ ပေါ်ပေါက်နေချိန်မှာပဲ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့တာပါ။ ကြာသပတေးနေ့က အိမ်ဖြူတော်မှာ ကျင်းပတဲ့ သမ္မတ Trump ရဲ့ သတင်းစာရှင်းလင်းပွဲအကြောင်း VOA သတင်းထောက် Bill Gallo ပေးပို့ထားတဲ့ သတင်းဆောင်းပါးကိုတော့ နန်းလောင်ဝ် ကတင်ပြထားပါတယ်။

သတင်းစာရှင်းလင်းပွဲမှာတော့ သမ္မတ Donad Trump နဲ့ သူ့အကြောင်း သတင်းရေးသားနေကြတဲ့ သတင်းထောက်တွေကြား မကြုံဘူးလောက်အောင် အပြန်အလှန် ပြောဆိုခဲ့ကြတာပါ။ သတင်းစာရှင်းလင်းပွဲမှာတော့၊ အလုပ်သမားဝန်ကြီး အဖြစ် သူအဆိုပြုခဲ့တဲ့သူကို သူ့ရဲ့ Republican ပါတီတွင်းကပါ လက်မခံကြတဲ့အတွက် နောက်ထပ်အသစ်ရွေးလိုက်တဲ့သူရဲ့ နာမည်ကို ကြေညာပြီး စတင်ခဲ့တာပါ။

"အလုပ်သမားဝန်ကြီးသစ်ကတော့ Mr. Alex Acosta ဖြစ်ပါလိမ့်မယ်။"

ဒီနောက်မှာတော့ သမ္မတအဖြစ် ဆောင်ရွက်နိုင်ခဲ့တာတွေကို ဆက်ပြောခဲ့တာပါ။

"တိုးတက်မှုတွေ အကြီးအကျယ်ရှိခဲ့ပါတယ်။ ဒီလောက် အချိန်တိုအတွင်း ကျနော်တို့လုပ်ခဲ့ဲ့သလို ဘယ်သမ္မတကမှ လုပ်နိုင်ခဲ့မယ် မထင်ပါဘူး။"

နောက်ပိုင်းမှာတော့ မီဒီယာတွေအပေါ် တောက်လျှောက်ဝေဖန်ပါတယ်။

"ရိုးရိုးသားသား ပြောရရင် မီဒီယာတွေက ထိန်းမနိုင်သိမ်းမရ ဖြစ်နေပါတယ်။ မရိုးသားမှု အတိုင်းအတာကလည်း ဘောင်ကျော်နေပါပြီ။"

ဒါတွေအားလုံးဟာ တနာရီကျော်ကြာ သတင်းစာရှင်းလင်းပွဲအစ ငါးမိနစ်အတွင်းပြောတဲ့ စကားတွေဖြစ်ပါတယ်။ သတင်းထောက်တွေကတော့ သမ္မတ Trump ရဲ့ မဲဆွယ်စည်းရုံးရေးအကြံပေးတွေနဲ့ ရုရှားအရာရှိတွေကြား အဆက်သွယ် မပြတ်ရှိခဲ့တယ်ဆိုတဲ့ အချက်ကို ထပ်တလဲလဲ မေးခွန်းထုတ်ခဲ့ကြတာပါ။

"ရုရှားနဲ့ ကျနော် ဘာမှ မပတ်သက်ပါဘူး။ ဘာအပေးအယူမှ မရှိဘူးဆိုတာ ပြောလည်းပြောခဲ့ပြီးပါပြီ။ ရုရှားအကြောင်းပြောနေတာတွေက သတင်းအတုတွေပါ။ မီဒီယာတွေက လုပ်ကြံထားတဲ့ သတင်းအတုအယောင်တွေပါ။"

ဒီသတင်းတွေကြောင့် ရုရှားသမ္မတ Vladimir Putin နဲ့ တည်ဆောက်မယ့် ဆက်ဆံရေးကို ထိခိုက်နိုင်တယ်လို့လည်း ပြောပါတယ်။

"သူ့စားပွဲမှာထိုင်ပြီး အမေရိကန်မှာ ဖြစ်နေတာတွေကို သူသဘောပေါက်ပြီ၊ အနီးကပ်လည်း စောင့်ကြည့်နေတယ်လို့ ပြောပါလိမ့်မယ်။ သတင်းအတုတွေရဲ့ ဖိအားကြောင့် သမ္မတ Trump အနေ နဲ့ ရုရှားနဲ့ ဆက်ဆံရေး အဆင်ပြေနိုင်မှာ မဟုတ်ဘူးလို့လည်း ပြောပါလိမ့်မယ်။"

အမေရိကန်ပြည်ထောင်စုထဲ ပြည်ဝင်ခွင့် ကန့်သတ်တဲ့ သမ္မတအမိန့်ကို ဖယ်ဒရယ် တရားရုံးတခုက ပယ်ချထားတဲ့ ကိစ္စနဲ့ ပတ်သက်လို့လည်း ထပ်ကြိုးစားမယ် လို့ ပြောသွားပါတယ်။

"ကျနော်တို့တိုင်းပြည်ကို အပြည့်အ၀ ကာကွယ်နိုင်မယ့် အမိန့်သစ်တခုကို လာမယ့်သီတင်းပတ်မှာ ထုတ်ပြန်မှာပါ။"

သူ့နဲ့ သူ့အစိုးရအပေါ် သတင်းမီဒီယာတွေရဲ့ တင်ပြပုံတွေကိုလည်း သမ္မတ Trump က အပြင်းအထန် မှတ်ချက်ပေးခဲ့တာပါ။

"အားလုံးက သတင်းအတု အယောင်တွေချည်းပါ။ New York Times ဆိုရင်လည်း ကျဆုံးနေပါပြီ။ ယုံကြည်စရာမကောင်းတဲ့ သတင်းတွေ တပုံကြီးကိုလည်း တွေ့ရပါတယ်။"

သူတာဝန်ယူနေရတဲ့ အမေရိကန်ပြည်ထောင်စုအပေါ် သမ္မတ Trump ရဲ့ အမြင်ဟာလည်း ပြင်းထန်ပါတယ်။

"ရိုးရိုးသားသားပြောရရင် အရှုပ်ထုပ်ကို ဆက်ခံခဲ့ရတာပါ။ တကယ့် အရှုပ်ထုပ်ပါ၊ ပြည်တွင်းရော ပြည်ပမှာပါ အရှုပ်တွေနဲ့ ကြုံနေရတာပါ။"

အစိုးရသစ်ရဲ့ ပထမသီတင်းပတ်တွေမှာပဲ ပြဿနာတွေ ကြုံခဲ့ရပေမဲ့၊ သမ္မတ Trump ကတော့ သူဦးဆောင်တဲ့ အစိုးရယန္တယားဟာ အဆင်ပြေ ချောမွေ့နေတယ်လို့ အကောင်းမြင် သဘောထားနေတာကိုလည်း သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။

တိုက်ရိုက် လင့်ခ်

သမ္မတ Trump သတင်းစာရှင်းလင်းပွဲ
please wait

No media source currently available

0:00 0:02:37 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG