သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖိလစ်ပိုင်-မြန်မာ ချစ်ကြည်ရင်းနှီးမှု Duterte လိုလား


ဖိလစ်ပိုင်သမ္မတ Rodrigo Duterte
ဖိလစ်ပိုင်သမ္မတ Rodrigo Duterte

ဖိလစ်ပိုင်နိုင်ငံသားတွေကို မြန်မာနိုင်ငံမှာ လုပ်ကိုင်စားသောက်ခွင့်ပေးထားတဲ့ မြန်မာအစိုးရကို ကျေးဇူးတင်ကြောင်း ဖိလစ်ပိုင်သမ္မတ Rodrigo Duterte က သူ့ရဲ့ချစ်ကြည်ရေးခရီးစဉ်အတွင်း ပြောကြားလိုက်ပါတယ်။ ဖိလစ်ပိုင်နိုင်ငံသားတွေနဲ့ နေပြည်တော်က ဟိုတယ်တခုမှာ တွေ့ဆုံစဉ် အာရှနိုင်သားအချင်းချင်း လူသားချင်းစာနာတဲ့ ဆက်ဆံမှုရှိဖို့နဲ့ မြန်မာနိုင်ငံမှာ ဖိလစ်ပိုင်နိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းတွေ တိုးမြှင့်လုပ် ဆောင်သွားဖို့ သမ္မတ Duterte က သူ့နိုင်ငံသားတွေကို တိုက်တွန်းသွားပါတယ်။ ဒီအကြောင်းကို ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြ ထားပါတယ်။

တနင်္ဂနွေနေ့ညက နေပြည်တော်ကို ဆိုက်ရောက်လာတဲ့ သမ္မတ ဒူတာတေးဟာ သူ့ခရီးစဉ်အတွင်း မြန်မာနိုင်ငံမှာရှိတဲ့ ဖိလစ်ပိုင်နိုင်ငံသား တွေနဲ့ သီးသန့်တွေ့ဆုံခဲ့တာပါ။ သူ့အနေနဲ့ မြန်မာအစိုးရကို ကျေးဇူးတင်ကြောင်း နေပြည်တော်က Horizon Lake View ဟိုတယ်မှာ ဖိလစ်ပိုင် နိုင်ငံသား ၂၀၀ ကျော်နဲ့တွေ့ဆုံစဉ် ဖိလစ်ပိုင်သမ္မတ ဒူတာတေးက ပြောဆိုသွားပါတယ်။

“ဖိလစ်ပိုင်နိုင်ငံသားတွေကို မြန်မာနိုင်ငံမှာ လုပ်ကိုင် စားသောက်ခွင့်ပေးထားတဲ့အတွက် မြန်မာအစိုးရကိုကျေးဇူးတင်ကြောင်း ပြော လိုပါတယ်။ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ ကျနော်တို့ နိုင်ငံသားတွေကို အာရှညီအစ်ကို အချင်းချင်းကူညီတဲ့ လူသားချင်းစာနာတဲ့ စိတ်ကိုလည်း ကျနော်တို့ ဂုဏ်ပြုပါတယ်။ ဒါ့အပြင် အာဆီယံအဖွဲ့အစည်းမှာ ကျနော်တို့ နှစ်နိုင်ငံကြား ချစ်ခင်ရင်းနှီးမှုကိုလည်း ကျနော် ထောက်ခံအားပေးပါတယ် ”

မြန်မာနိုင်ငံမှာ ဖိလစ်ပိုင်နိုင်ငံသား ၁၈၅၀ နီးပါးရှိပြီး အများစုဟာ ယာယီနေထိုင်ခွင့် ဗီဇာတွေနဲ့ အလုပ်လုပ်နေကြတာပါ။ အဲဒီထဲက ၆၆ ဦး ကတော့ အမြဲတမ်းနေထိုင်ခွင့် ဗီဇာနဲ့ လုပ်ကိုင်နေထိုင် ကြတာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အလုပ်လုပ်နေကြတဲ့ ဖိလစ်ပိုင်နိုင်ငံသားတွေထဲမှာ အင်ဂျင်နီယာတွေ၊ ကျောင်းဆရာတွေ၊ လုပ်ငန်းအုပ်ချုပ်သူတွေ၊ ရှေ့နေတွေနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးသူတွေ ပါဝင်ကြ ပါတယ်။ မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံတဲ့ ဖိလစ်ပိုင် စီးပွားရေးကုမ္ပဏီတချို့ရှိပြီး ဖိလစ်ပိုင်နိုင်ငံသား အများစုဟာ ရန်ကုန်မြို့မှာ နေထိုင် အလုပ်လုပ်ကြတာပါ။

ဖိလစ်ပိုင်နဲ့မြန်မာ နှစ်နိုင်ငံကြား သံတမန် ဆက်ဆံရေးကို ၁၉၅၆ ခုနှစ် စက်တင်ဘာလမှာ စတင်ထူထောင်ခဲ့တာကြောင့် အခုဆိုရင် အနှစ် ၆၀ ကျော်လာခဲ့ပြီဖြစ်ပါတယ်။ ဖိလစ်ပိုင်နိုင်ငံမှာ သမ္မတဒူတာတေး အာဏာရလာပြီးနောက်ပိုင်း မြန်မာနိုင်ငံကို ချစ်ကြည်ရေးခရီးစဉ်အဖြစ် အခုလို လာရောက် လည်ပတ်တာဟာ ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။ သမ္မတဖြစ်လာပြီးနောက်ပိုင်း မစ္စတာ ဒူတာတေးအနေနဲ့ အာရှ ၉ နိုင်ငံကို သွားရောက်လည်ပတ်ခဲ့ပြီး ထိုင်းနဲ့ မြန်မာနိုင်ငံတွေကို အခုမှ လာရောက်လည်ပတ်တာ ဖြစ်ပါတယ်။ ဖိလစ်ပိုင်နိုင်ငံတွင်း မူးယစ်ဆေးနှိမ်နင်းမှု အတွက် ရက်စက်တဲ့လုပ်ဆောင်မှုတွေကြောင့် အနောက်နိုင်ငံတွေရဲ့ ပစ်တင်ဝေဖန်မှုကို ခံခဲ့ရတဲ့ မစ္စတာဒူတာတေးက သူ့ရဲ့ နိုင်ငံခြားရေး ဝါဒမှာ မြန်မာအပါအဝင် သူနှစ်သက်တဲ့နိုင်ငံနဲ့ ရင်းနှီးခိုင်မာတဲ့ ဆက်ဆံရေးတွေ တည်ဆောက်သွားမယ်လို့လည်း ဖိလစ်ပိုင်နိုင်ငံသားတွေနဲ့ တွေ့ဆုံပွဲမှာ ပြောသွားပါတယ်။

“ အခုချိန်ကစပြီး ကျနော်တို့အနေနဲ့ သီးခြားစွာ ရပ်တည်တဲ့ နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးသွားမှာပါ။ ကျနော့်အနေနဲ့ ကိုယ်နှစ်သက်တဲ့ တိုင်းပြည်နဲ့ ဆက်ဆံရေး ထားရှိသွားမှာပါ။ ဒါဟာ ကျနော်တို့အတွက် အထောက်အကူဖြစ်ပါတယ်။ ဒါကြောင့်လည်း ကျနော် မြန်မာနိုင်ငံကို အခုလို လာရောက်တာ ဖြစ်ပါတယ်။ ကျနော်တို့အနေနဲ့ တနိုင်ငံနဲ့ တနိုင်ငံ အပြန်အလှန် အကူအညီပေးနိုင်ပါတယ်။ ကျနော်တို့ကိုလည်း မြန်မာနိုင်ငံက အကူအညီပေးခဲ့ပြီး ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာအစိုးနဲ့ မြန်မာပြည်သူတွေကို ကျေးဇူးပါတယ်။”

၂၀၁၃ ခုနှစ်တုန်းက ဖိလစ်ပိုင်နိုင်ငံမှာ မုန်တိုင်းအကြီးအကျယ်ကျရောက် ပျက်စီးခဲ့စဉ်က အရင်သမ္မတ ဦးသိန်းစိန်ကိုယ်တိုင် ဖိလစ်ပိုင်ကို သွားရောက်ပြီး မြန်မာရဲ့အကူအညီတွေ ပေးအပ်ခဲ့ပါတယ်။ အခုမတ်လ ၁၉ နဲ့ ၂၀ နှစ်ရက်ကြာ သမ္မတဒူတာတေးရဲ့ မြန်မာပြည်ခရီးစဉ် အတွင်း တနင်္လာနေ့မှာ သမ္မတဦးထင်ကျော်၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ရော တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ပါ သီးခြားစီ တွေ့ဆုံခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံစဉ် ပဋိပက္ခဖြစ်နေတဲ့ ရခိုင်ဒေသအတွက် လူသားချင်း စာနာမှုဆိုင်ရာ အကူအညီအဖြစ် ဒေါ်လာ ၃ သိန်း လှူဒါန်းသွားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ကျေးဇူးတင်ကြောင်း သဝဏ်လွှာတစောင်ကို မတ်လ ၂၀ ရက် နေ့စွဲနဲ့ ထုတ်ပြန်ခဲ့ ပါတယ်။

သမ္မတဒူတာတေးရဲ့ မြန်မာပြည် ခရီးစဉ်အတွင်း စားနပ်ရိက္ခာဖူလုံရေးနဲ့ စိုက်ပျိုးရေးကဏ္ဍတွေမှာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက် သွားနိုင်ရေး နားလည်မှု စာချွန်လွှာ MOU ကိုလက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် စားသောက်ကုန် ထုတ်လုပ်ရေး လုပ်ငန်းတွေမှာလည်း ပူးပေါင်း လုပ်ဆောင် သွားဖို့ကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။

လာမယ့် ဧပြီလကစလို့ အာဆီယံ အလှည့်ကျသဘာပတိဖြစ်လာမယ့် ဖိလစ်ပိုင်နိုင်ငံဟာ မနီလာမြို့မှာ အကြိမ် ၃၀ မြောက် အာဆီယံထိပ်သီး ညီလာခံ ကျင်းပဖို့ စီစဉ်နေပြီး အဲဒါမတိုင်ခင် ဖိလစ်ပိုင်သမ္မတ တယောက်အနေနဲ့ အာဆီယံ နိုင်ငံတချို့ကို သွားရောက်နေတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG