သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ကော်မရှင်အစီရင်ခံတင်ဖို့ ရက်ရွှေ့ဆိုင်း


ရခိုင်ပြည်နယ် စုံစမ်း စစ်ဆေးရေး ကော်မရှင် မောင်တော ရှောက်ရှိစဉ်
ရခိုင်ပြည်နယ် စုံစမ်း စစ်ဆေးရေး ကော်မရှင် မောင်တော ရှောက်ရှိစဉ်

ရခိုင်ပြည်နယ်မောင်တောဒေသမှာ ဖြစ်ပွားခဲ့တဲ့အကြမ်းဖက် တိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီး ဖွဲ့စည်းခဲ့တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အစီရင်ခံစာကို ဒီလ ၃၁ရက်နေ့မှာ တင်ပြရမယ့်အစား ရက်အကန့်အသတ်မရှိ အချိန်တိုးမြှင့်သတ်မှတ်လိုက်ပါတယ်။ ဒီလို တိုးမြှင့်ပေးလိုက်တာကတော့ ရခိုင်ပြည်နယ်အတွင်း လူ့အခွင့်အရေးနဲ့ပတ်သက်တဲ့စွပ်စွဲချက်အသစ်တွေ ထပ်မံပေါ်ပေါက်လာတာကြောင့်လို့ နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလနဲ့ နိုဝင်ဘာလအတွင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်တာတွေနဲ့ပတ်သက်ပြီး နောက်ခံအခြေအနေနဲ့ အဖြစ်မှန်ပေါ်ပေါက်စေဖို့၊ ဒီလို အဖြစ်မျိုး နောက်တကြိမ် ထပ်မံမဖြစ်ပွားစေဖို့အတွက် စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ၂၀၁၆ခုနှစ် ဒီဇင်ဘာလ ၁ရက်နေ့မှာ နိုင်ငံတော်သမ္မတက ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ ဒီကော်မရှင်ကို ဒုသမ္မတ ဦးမြင့်ဆွေက ဦးဆောင်ပြီး နယ်ပယ်အသီးသီးက လူပုဂ္ဂိုလ် ၁၃ယောက်နဲ့ ဖွဲ့စည်းခဲ့သလို ကော်မရှင်ရဲ့အစီရင်ခံစာကို ဒီလ ၃၁ရက်နေ့ နောက်ဆုံးထား တင်ပြဖို့ သတ်မှတ်ခဲ့တာဖြစ်ပါတယ်။

ဒီလ ၃၀ရက်နေ့မှာတော့ လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ စွပ်စွဲချက်အသစ်တွေ ထပ်မံပေါ်ပေါက်နေတာကြောင့် ဒီကိစ္စတွေ ဆက်လက် စုံစမ်းစစ်ဆေးတာပြီးစီးတဲ့အချိန်ထိ အစီရင်ခံစာတင်ပြမယ့်ရက်ကို တိုးမြှင့်သတ်မှတ်ကြောင်း နိုင်ငံတော်သမ္မတလက်မှတ်နဲ့ အမိန့်ကြေညာစာထုတ်ပြန်ခဲ့ပါတယ်။

ကော်မရှင် အဖွဲ့ဝင်တဦးဖြစ်တဲ့ ဦးသာဉာဏ်က လွန်ခဲ့တဲ့ရက်တွေတည်းက အစီရင်ခံစာကို ပြင်ဆင်ပြီးဖြစ်ကြောင်းနဲ့ ဒီလို ရက်တိုးမြှင့်ရတဲ့ စွပ်စွဲချက်အသစ်နဲ့ပတ်သက်ပြီး သေချာ မသိသေးကြောင်း အခုလို ပြောဆိုပါတယ်။

“အဲဒါ ကျနော်တို့ကတော့ အခုအထိ သေချာမသိရသေးပါဘူး။ စွဲချက်တွေကတော့ ရှိမှာပေါ့နော် ၊ သိတာလည်းရှိတယ်၊ မသိတာလည်းရှိတယ်။ အစည်းအဝေးကျမှ သိရလိမ့်မယ်၊ ဘယ်ဟာကို စွဲ ချက်ကို စစ်ဆေးပေးရမလဲဆိုတာ၊ ကျနော်တို့ကတော့ ပေးတဲ့ တာဝန်ကို ရတဲ့အချိန်အတွင်း ပြီးအောင် လုပ်ပေးပါတယ်၊ လွှန်ခဲ့တဲ့ ၃-၄ ရက်ကတည်းက အပြီးသတ်လုပ်ထားပါတယ်၊ အပြီးသတ် လုပ်ပြီးပါပြီ။ ဒါပေမယ့် မနေ့က ရက်စွဲနဲ့ ထုတ်တဲ့ အမိန့်အရကတော့ ဆက်လက်စုံစမ်းစစ်ဆေးမှု ပြီးစီးသည့်အချိန်အထိ အဲလို တိုးမြှင့်သတ်မှတ်လိုက်ပါတယ်။”

လက်ရှိကြုံတွေ့နေရတဲ့ ကော်မရှင်ရဲ့စိန်ခေါ်မှုနဲ့ အခက်အခဲတွေကို ဦးသာဉာဏ်က အခုလို ဆက်ပြောပါတယ်။

“နံပတ် ၁ ကတော့ ဘာသာစကားအခက်အခဲပေါ့၊ ကျနော်တို့ ပြောတာကို သူတို့ နားမလည်ဘူး၊ သူတို့ပြောတာကို ကျနော်တို့ တော်တော်ကြိုးစားပြီး လက်ခံရတယ်။ နောက်တခုက ကျနော်တို့ဟာ နိုင်ငံတော်က ဖွဲ့တဲ့ အဖွဲ့အစည်းမှန်ပါတယ်။ သို့သော်လည်း သွားဆက်သွယ်တဲ့အခါ ရုတ်တရက်ကြီးတော့ စိုးရိမ်တာပေါ့၊ စိုးရိမ်စိတ်နဲ့ ကျနော်တို့ကို တွေ့ဆုံတာရှိတယ်။ အဲဒီတော့ ကျနော်တို့က ယုံကြည်မှု တည်ဆောက်ပြီးတော့မှ အမှန်တရားကို ရပါလိမ့်မယ်။ ပြောချင်တဲ့လူတွေရှိတယ်၊ ဒါပေမယ့် ပြောချင်တဲ့လူတွေကလည်း သူတို့ အန္တရာယ်ကို သူတို့ စိုးရိမ်နေပါတယ်။ သွားရေးလာရေးလည်း အခက်အခဲရှိတာပေါ့၊ ရွာတွေကို သွားတဲ့အခါ ရွာကို မရောက်နိုင်တဲ့ အခက်အခဲပေါ့။ ရွာကလူတွေကိုလည်း ကျနော်တို့က ဘယ်နေရာ ဘယ်မှာ လာစုပါ ဆိုပြီးတော့ ပြောခွင့်မရှိပါဘူး။ ကျနော်တို့ကသာလျှင် သူတို့ ရှိတဲ့ နေရာကို သွားရမှာပါ၊ အဲဒီတော့ ဖိတ်ခေါ်ရပါတယ်။”

အစီရင်ခံစာနောက်ဆုံးတင်သွင်းနိုင်မယ့်ရက်ကိုလည်း ပြန်လည်ဆွေးနွေးပြီးမှသာ ခန့်မှန်းသတ်မှတ်နိုင်မှာဖြစ်ကြောင်းလည်း ပြောပါတယ်။

“ဒီစာအရ ကျနော်တို့ အစည်းအဝေးပြန်တွေ့ရမှာပါ။ အဲဒီအခါကျရင် ကျနော်တို့ ခန့်မှန်းခြေရက်စွဲ ဆွဲကောင်းဆွဲမယ်။ ခန့်မှန်းခြေရက်မဆွဲခင် ကျနော်တို့ ဘာတွေဆက်လက်လုပ်ဖို့ လိုသေးသလဲ၊ အဲဒီလုပ်ရမယ့်ဒေသတွေ သွားဖို့အချိန် ဘယ်လောက်ယူရမလဲ၊အဲဒါတွေလေ့လာဖို့ ကျနော်တို့ ဘယ်လိုဗျူဟာတွေ ပြန်ဆွဲမလဲ၊ ဘယ်လိုလုပ်ငန်းတွေ တာဝန်ခွဲေ၀ သတ်မှတ်မလဲ ၊ အဲဒီအပေါ်မှာ ကျနော်တို့အဖွဲ့မှာ အကြံပြုလာတာတွေ ရှိမှာပေါ့ အဲဒီအကြံပြုချက်တွေကို မူတည်ပြီးတော့ ရက်ကို ခန့်မှန်းထားရပါလိမ့်မယ်။”

အကြမ်းဖက်တိုက်ခိုက်သူတွေကို ရှာဖွေဖမ်းဆီးချိန်နဲ့ နယ်မြေရှင်းလင်းချိန်မှာ အစိုးရလုံခြုံရေးတပ်ဖွဲ့တွေက လူ့အခွင့်အရေးချိုးဖောက်တာတွေ ရှိကြောင်းလည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၄ရက်နေ့က ကော်မရှင်က သတင်းထုတ်ပြန်ရာမှာ The Guardian သတင်းစာ၊ South China Morning Post Websiteမှာ ၁၁-၁၂-၂၀၁၆ နဲ့ ဖော်ပြခဲ့တဲ့ မောင်တောဒေသက အမျိုးသမီးတွေ အဓမ္မပြုကျင့်တဲ့သတင်းနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးခဲ့ကြောင်းနဲ့ အခင်းဖြစ်ပွားမှုကို မတွေ့ရကြောင်း ထုတ်ပြန်ထားပါတယ်။

မောင်တောဒေသအကြမ်းဖက်မှုဟာ၂၀၁၆ခုနှစ် အောက်တိုဘာလ ၉ရက်နေ့မှာ စတင်ဖြစ်ပွားပြီး နယ်ခြားစောင့်ရဲကွပ်ကဲမှုဌာနချုပ်နဲ့ အခြားစခန်း၂ခု တိုက်ခိုက်ခံရပြီး ရဲတပ်ဖွဲ့ဝင် ၉ယောက်ကျဆုံးခဲ့ရသလို လက်နက်မျိုးစုံ ၄၈လက်နဲ့ ကျည် ၆ထောင်၅ရာကျော်ဆုံးရှုံးခဲ့ပါတယ်။ အကြမ်းဖက်အဖွဲ့ဖက်က ၈ယောက်သေဆုံးပြီး ၂ယောက် အရှင်ဖမ်းဆီးရမိခဲ့ပါတယ်။

ဒုတိယအကြိမ်တိုက်ခိုက်မှုကတော့ နိုဝင်ဘာလ ၁၂ရက်နဲ့ ၁၃ရက်တွေမှာ ထပ်မံဖြစ်ပွားခဲ့ပြီး ၁၂ရက်နေ့ တိုက်ခိုက်မှုမှာ တပ်မတော်စစ်ကြောင်းကို အကြမ်းဖက် သမား ၆၀၀ လောက်က ဝိုင်းရံတိုက်ခိုက်တာကြောင့် ရဟတ်ယာဉ် ၂စင်းနဲ့ လေကြောင်း က တုံ့ပြန်တိုက်ခိုက်ခဲ့ရကြောင်း အစိုးရက သတင်းထုတ်ပြန်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG