သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မောင်တောလုံခြုံရေး စိတ်မချရသေး


ရခိုင်-ဘင်္ဂလား နယ်စပ် မောင်တောဒေသ လုံခြုံရေးတပ်ဖွဲ့ဝင်များ ကင်းလှည့်စစ်ဆေးစဉ်။ (အောက်တိုဘာ ၁၄၊ ၂၀၁၇)
ရခိုင်-ဘင်္ဂလား နယ်စပ် မောင်တောဒေသ လုံခြုံရေးတပ်ဖွဲ့ဝင်များ ကင်းလှည့်စစ်ဆေးစဉ်။ (အောက်တိုဘာ ၁၄၊ ၂၀၁၇)

အကြမ်းဖက်တိုက်ခိုက်မှု ပဋိပက္ခတွေဖြစ်ခဲ့တဲ့ ရခိုင်မောင်တောဘက်မှာ တပ်မတော်ဘက်က နယ်မြေရှင်းလင်းရေးတွေ ရပ်နားလိုက်ပေမဲ့လို့ နယ်မြေဒေသတွင်း လုံခြုံရေးဟာ စိတ်ချလုံခြုံရတဲ့ အနေအထား မဟုတ်သေးဘူး လို့ ကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်အကြံပေးကော်မရှင် အဖွဲ့ဝင်တဦးက ပြောကြားလိုက်ပါတယ်။ ရေရှည်ဒေသတွင်းတည်ငြိမ်ရေးအတွက် စနစ်ကျတဲ့လုံခြုံရေးအစီအမံတွေ ဆောင်ရွက်ဖို့ နဲ့ ဒေသခံတွေ ရေရှည်ဘဝအာမခံချက်ရှိအောင် ရခိုင်ပြည်နယ်အစိုးရအနေနဲ့ ဦးစားပေး ဆောင်ရွက်ပေးစေလိုပါတယ်လို့လည်း ရခိုင်အရေးလှုပ်ရှားသူတွေက တိုက်တွန်းပါတယ်။ အသေးစိတ် ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန်က ဆက်ပြောပြပါမယ်။

ပြီးခဲ့တဲ့၂၀၁၆ အောက်တိုဘာလကစဖြစ်ခဲ့တဲ့ နယ်စပ်လုံခြုံရေးစခန်းတွေကို အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်ပြီးနောက်မှာ တပ်မတော်နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဘက်က နယ်မြေရှင်းလင်းရေးတွေ ဆောင်ရွက်ခဲ့မှုအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိခဲ့တယ်ဆိုတဲ့ နိုင်ငံတကာက ပြင်းထန်တဲ့စွပ်စွဲချက်တွေရှိနေချိန်မှာပဲ ရခိုင်မောင်တောဘက်မှာ တပ်မတော်ဘက်က နယ်မြေရှင်းလင်းရေးလုပ်ငန်းတွေ ရပ်နားပြီး ရဲတပ်ဖွဲ့ဝင်တွေနဲ့ပဲ နယ်မြေဒေသလုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး ပူးပေါင်းကူညီဆောင်ရွက်နေတယ်လို့ သတင်းထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

ဒါပေမဲ့လို့ ဒေသတွင်းလုံခြုံရေးဟာ စိတ်ချရတဲ့အနေအထားမဟုတ်သေးသလို ရေရှည်ဒေသတွင်းတည်ငြိမ်ဖို့ လုံခြုံရေးအစီအမံတွေကို စနစ်တကျလုပ်ဖို့ အရေးကြီးလိုအပ်နေတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်အကြံပေးကော်မရှင်အဖွဲ့က အဖွဲ့ဝင်တဦးဖြစ်တဲ့ ဒေါ်စောခင်တင့်က ဗွီအိုအေမြန်မာပိုင်းကို အခုလိုပြောပါတယ်။

“ ဒေသလုံခြုံရေးဆိုတာ စိတ်ချရတဲ့အနေအထား ဘယ်တော့မှ မဖြစ်နိုင်ဘူးပေါ့။ တပ်မတော်က ဝင်ပြီးတော့ ပါဝင်နေရင်တောင်မှ လုံခြုံရေးက အင်မတန်မှ ခက်ခက်ခဲခဲ ရှိလှပါတယ် ရခိုင်ပြည်သူလူထုအတွက်ပေါ့နော်။ ဆိုတော့ အခုအချိန်မှာတော့ နယ်မြေရှင်းလင်းတာကို ရပ်လိုက်တယ်။ အဲ့တာရဲက တာဝန်ယူပြီး လုပ်တယ်ဆိုလို့ရှိရင်တော့ အတိုင်းအတာတခုအထိကတော့ လုပ်လို့ရတယ်။ ဒါပေမဲ့ သူတို့ကတော့ ပူးပေါင်းပြီးတော့ ဆောင်ရွက်ပါ့မယ်ဆိုတဲ့ အနေအထားမျိုးတော့ တွေ့ရပါတယ်။ အဲ့ဒီ့တော့ တဘက်ကလည်း စစ်ဘက်အာဏာပိုင်အနေနဲ့ကလည်း ဒီလိုနယ်မြေရှင်းလင်းတဲ့အပေါ်မှာ နိုင်ငံတကာအမြင်မှာ ဒါတွေ မလိုအပ်ဘူးလို့ Pressure တွေ အရမ်းပေးတယ်လို့ အန်တီတို့က ထင်တယ်။ အဲ့တာဟာ အန်တီတို့ ဒေသက ပြည်သူလူထုအတွက် လုံခြုံမှု အားနည်းတယ် အန်တီတို့မှာ။ ဒေသခံပြည်သူတွေအတွက် လိုအပ်တဲ့ လုံခြုံမှုတွေ နည်းသွားတယ်လို့ အန်တီ့အနေနဲ့ကတော့ ယူဆပါတယ်။”

ရခိုင်ပြည်နယ်အတွင်း အခြေအနေတွေကို အကြံပေးနိုင်ဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဖွဲ့စည်းပေးထားတဲ့ ကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်အကြံပေးကော်မရှင်အနေနဲ့ ရခိုင်ပြည်နယ်တခုလုံး အတိုင်းအတာနဲ့ စီးပွားရေးဖွ့ံ့ဖြိုးတိုးတက်ဖို့၊ ဒေသတွင်း တည်ငြိမ်လုံခြုံရေးနဲ့ ရေရှည်ဘဝရပ်တည်ရေးတွေအတွက် အကြံပေးမှုတွေ လုပ်ဆောင်နိုင်ဖို့အတွက်လည်း ဒေသတွင်းစုံစမ်းလေ့လာမှုတွေ လုပ်နေတယ်လို့ အကြံပေးကော်မရှင်အဖွဲ့ဝင်ဒေါ်စောခင်တင့်ကပြောပါတယ်။

“ကော်မရှင်အနေနဲ့ကတော့ ပြည်နယ်တခုလုံးရော စီးပွားရေး၊ လူမှုရေး ဒါတွေအပေါ်မှာ ရေရှည်တည်ဆောက်ရမယ့်ဟာတွေကို အကြံပေးရမယ့် အဖွဲ့ဖြစ်ပါတယ်။ ပဋိပက္ခတွေကလည်း ရှိနေသေးတဲ့အတွက် လုံခြုံရေးအပေါ်မှာလည်း အားဖြည့်သွားဖို့ လိုအပ်တယ်လို့ အန်တီ့အနေနဲ့ကတော့ အဲ့လိုမြင်ပါတယ်။ အကြံပေးမှာကိုတော့ အန်တီ့တို့အနေနဲ့ ရှေ့လအတွင်း လုပ်သွားမှာပါ။ ပထမအကြိမ် ကြားဖြတ် အကြံပေးပေါ့။ အကုန်လုံး အကြံပေးသွားမှာပါ။ ဒီ့အတွက်လည်း ဖြစ်လာတဲ့အခြေအနေအပေါ် အမြဲတမ်း အန်တီတို့က သုံးသပ်လေ့လာမှုတွေ လုပ်ထားပါတယ်။”

ကိုဖီအာနန်ဦးဆောင်တဲ့ကော်မရှင်အနေနဲ့ ၂၀၁၇ ခုနှစ် နှစ်ဆန်းပိုင်းမှာပဲ ရခိုင်ပြည်နယ်တွင်းက အခြေအနေတွေကို လေ့လာပြီး အစိုးရကို ကြားဖြတ်အစီရင်ခံစာ တင်ပြဖို့လည်းရှိနေပါတယ်။

အကြမ်းဖက်မှုပဋိပက္ခတွေကြောင့် ဖွံ့ဖြိုးတိုးတက်မှုနောက်ကျနေတဲ့ ရခိုင်ပြည်နယ်တွင်း နယ်စပ်လုံခြုံရေး၊ ဒေသတွင်း တရားဥပဒေစိုးမိုးရေးနဲ့ ဒေသခံတွေအတွက် ရေရှည်ဘဝအာမခံချက် ရအောင် ရခိုင်ပြည်နယ်အစိုးရအနေနဲ့ ဦးစားပေး ဆောင်ရွက်ပေးစေလိုပါတယ်လို့လည်း ရခိုင်အရေးလှုပ်ရှားသူတွေက တိုက်တွန်းပါတယ်။ ရခိုင်အရေးလှုပ်ရှားသူတွေက ရခိုင်ပြည်နယ်အစိုးရအပါအဝင် ရခိုင်ပြည်နယ်အရေးတာဝန်ရှိသူတွေနဲ့တွေ့ဆုံက ရခိုင်ပြည်နယ်တွင်း ဒေသတွင်းတည်ငြိမ်ရေးနဲ့ ဒေသခံပြည်သူတွေအတွက် လူနေမှုဘဝတွေမြင့်တင်နိုင်ရေး အလေးအနက်ထား လုပ်ဆောင်ပေးဖို့ တိုက်တွန်းခဲ့တဲ့အကြောင်းလည်း ရခိုင်အမျိုးသားကွန်ရက်ဥက္ကဋ္ဌ ဦးတင်ထူးအောင်ကလည်း ပြောပါတယ်။

“တိုင်းရင်းသားတွေ ခံစားနေရတဲ့ဘဝတွေကို အလေးထားဆောင်ရွက်ဖို့ လိုအပ်တယ်။ ဒေသခံအဖွဲ့အစည်းတွေ သက်ဆိုင်ရာ ကျွမ်းကျင်သူတွေ ဒေသခံ တိုင်းရင်းသားပညာရှင်တွေ ပါဝင်တဲ့ ပူးပေါင်းညှိနှိုင်းမှုမျိုးနဲ့မှ ကျနော်တို့ ယုံကြည်ပါတယ်။ ကျနော်တို့ ဒါမျိုးတွေ အကြံပြုခဲ့တာတွေလည်း အကြိမ်ကြိမ်ရှိပါတယ်။ NLD အစိုးရအနေနဲ့ ရှေ့ဆက်လုပ်ကိုင်ဖို့အတွက် နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးနဲ့ အမျိုးသားအကျိုးစီးပွားကို ထိထိမိမိ လုပ်ကိုင်ဖို့ လိုအပ်တယ်လို့ ကျနော်တို့ အကြံပြုချင်တာလည်း ဒါပါပဲ။”

အရင်မောင်တောဒေသတွင်း နယ်မြေလုံခြုံရေးအနေအထားကြောင့် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကိုလည်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၉ရက်နေ့ကစလို့ ည ၇နာရီကနေ မနက် ၆နာရီအစား ည ၉နာရီကနေ မနက် ၅နာရီအထိ ပြန်လည်လျှော့ပေါ့ထုတ်ပြန်ပေးခဲ့ပြီးနောက်မှာပဲ ရခိုင်ပြည်နယ်အတွင်း တပ်မတော်ဘက်က နယ်မြေရှင်းလင်းရေးတွေ ရပ်နားလိုက်တာလည်းဖြစ်ပါတယ်။

မောင်တောလုံခြုံရေး စိတ်မချရသေး
please wait

No media source currently available

0:00 0:04:31 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG