သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမဂ္ဂပြန်ဆောက်ဖို့ ကော်မတီဖွဲ့ရေး ပြေလည်မှုမရ


သမဂ္ဂမြက်ခင်းပြင်ပေါ်က ဆောက်လုပ်ရေး ဗကသ ဆန္ဒပြကန့်ကွက် (All Burma Federation of Student Unions - Photo credit-Phyo Dana)
သမဂ္ဂမြက်ခင်းပြင်ပေါ်က ဆောက်လုပ်ရေး ဗကသ ဆန္ဒပြကန့်ကွက် (All Burma Federation of Student Unions - Photo credit-Phyo Dana)

၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းအစိုးရလက်ထက်မှာ ဗုံးခွဲဖျက်ဆီးခံခဲ့ရတဲ့ တကသ သမဂ္ဂအဆောက်အဦး ပြန်လည်တည်ဆောက်ရေးကို အစိုးရဘက်က ဦးစားပေး ဆောင်ရွက်လိုပေမယ့်၊ ကျောင်းသားသမဂ္ဂတွေဘက်ကတော့ သမဂ္ဂတွေ တရားဝင်ရပ်တည်ခွင့်ကို အစိုးရဖက်က အရင်ဆုံးအာမခံ ပေးဖို့ လိုမယ် လို့ မြင်ကြပါတယ်။ ဒါကြောင့်လည်း သမဂ္ဂအဆောက် အဦး ပြန်လည်တည်ဆောက်ရေး အတွက် အစိုးရအာဏာပိုင်အချို့နဲ့ ကျောင်းသားမျိုးဆက်တွေရဲ့ စည်းဝေးမှု ဟာ ရေရေရာရာ ရလဒ် မထွက်ပဲ ပြီးဆုံးခဲ့ပါတယ်။ အပြည့်အစုံကိုတော့ ဒီ အစည်းအဝေးကို သွားရောက်သတင်းယူခဲ့တဲ့ ကိုကောင်စံဟိန်း သတင်းရေးသားပို့ထားပါတယ်။

NLD အစိုးရလက်ထက်မှာ ကျောင်းသားသမဂ္ဂတွေ လွတ်လပ်စွာလှုပ်ရှားခွင့်ရလာပေမယ့် အချို့နယ်တွေမှာ ကျောင်းသားသမဂ္ဂရဲ့လှုပ်ရှားမှုတွေကို ကျောင်းအာဏာပိုင်တွေဘက်က ကန့်သတ်အကြပ်ကိုင်တာတွေ ရှိတယ်ဆိုပြီး၊ အစိုးရအနေနဲ့ သမဂ္ဂတွေ တရားဝင်ရပ်တည်ခွင့်ကို အရင်ဆုံး အာမခံပေးဖို့လိုမယ်လို့ သမဂ္ဂတွေဖက်က တောင်းဆိုခဲ့ကြပါတယ်။ ဒါကြောင့် အစိုးရက ကမ်းလှမ်းတဲ့ သမဂ္ဂ အဆောက်အဦး ပြန်လည်တည်ဆောက်ရေး ကော်မတီဖွဲ့မှုကို လက်မခံခဲ့ပါဘူး။

ကျောင်းသားသမဂ္ဂအဆောက်အဦး ပြန်လည်တည်ဆောက်ရေး ကော်မတီဖွဲ့စည်းဖို့ ဒီကနေ့ လုပ်တဲ့ အစည်းအဝေးကိုတော့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ ရန်ကုန်တိုင်း အစိုးရအဖွဲ့ဝင်အချို့၊ အာဏာရ NLD ပါတီက ခေါင်းဆောင်အချို့နဲ့ သမဂ္ဂမျိုးဆက် အသီးသီးက ပုဂ္ဂိုလ်တွေ တတ်ရောက်ဆွေးနွေးခဲ့ကြတာပါ။ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ကတော့ ကျောင်းသားသမဂ္ဂတွေမှာ တက္ကသိုလ်ကျောင်းတွေ မှာ တရားဝင်တည်ရှိနေပြီဖြစ်တယ်လို့ အစည်းအဝေး အစမိန့်ခွန်းမှာ ပြောခဲ့ပါတယ်။

“အခုဒီအချိန်ကာလမှာဆိုရင် ကျနော်တို့နဲ့ ကျောင်းသားသမဂ္ဂမှာ တာဝန်ယူနေတဲ့ သူတွေနဲ့ ဆုံတွေ့ခွင့်ရတယ်။ ကျောင်းတွေကိုကျနော်တို့သွားတယ်၊ တရားဝင်ဧည့်ခန်းဆောင်တွေ ထဲမှာ ကျောင်းသားသမဂ္ဂဟာ ခွပ်ဒေါင်းအလံတွေ၊ ခွပ်ဒေါင်းအမှတ်တံဆိပ်ကို ရင်ဘက်မှာ ထိုးပြီး၊ ကျောင်းသား သမဂ္ဂ ခေါင်းဆောင်တယောက် အနေနဲ့ ဆွေးနွေးခွင့်ရနေပြီဖြစ်ပါတယ်။”

ဒါပေမယ့်လည်း လက်ရှိတက္ကသိုလ်ကျောင်းတွေမှာ သမဂ္ဂဖွဲ့စည်းရေး အပိုင်းတွေမှာ အခက်အခဲတွေရှိနေတုန်းပဲလို့ သမဂ္ဂ တတ်ကြွလှုပ်ရှားသူတွေ က ပြန်လည်ချေပခဲ့ပါတယ်။ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်)ကတော့ တနိုင်ငံလုံးမှာ ကျောင်းသားသမဂ္ဂတွေ ရပ်တည်ရေးအတွက် အစိုးရဘက်က အာမခံ အသိအမှတ်ပြုဖို့ တောင်းဆိုပါတယ်။ အစိုးရဘက်က ကျောင်းသားသမဂ္ဂတွေကို ဒီလို တရားဝင်အသိအမှတ်ပြုပြီးမှသာ သမဂ္ဂပြန်လည်တည်ဆောက်ရေးဆွေးနွေးပွဲတွေကို ဆက်လက်ဆွေးနွေးနိုင်မှာဖြစ်တယ် လို့ ဗကသများအဖွဲ့ချုပ် အတွင်းရေးမှုးတဦးဖြစ်တဲ့ ကိုအောင်ထက်အောင်က ပြောပါတယ်။

“အစိုးရဘက်ကတော့ ကော်မတီဖွဲ့ချင်တာပေါ့နော် အဓိကတော့ ကျနော်တို့ တောင်းဆိုချက်ရှိတယ်။ ကေ်ာမတီမဖွဲ့ခင်မှာ တနိုင်ငံလုံးမှာ ရပ်တည်နေကြတဲ့ ကျောင်းသားသမဂ္ဂတွေရပ်တည်ခွင့်ကို အစိုးရအနေနဲ့ အသိအမှတ်ပြုရမယ် ၊ တရားဝင်အသိအမှတ်ပြုကြောင်းကို ထုတ်ပြန်ပေးရမယ်။ အဲဒီလိုထုတ်ပြန်ပြီးတော့မှ ကော်မတီဖွင့်ဖို့ ကျနော်တို့ ဆက်စဉ်းစားမယ်ဆိုပြီးတော့ ကျနော်တို့ အဲဒါနဲ့ အဆုံးသတ်လိုက်တာပါ အစည်းအဝေးကို။ နောက်တခုက ကျနော်တို့က သမဂ္ဂတွေအခြေခံ ဖွံ့ဖြိုးရေးနဲ့ တကသ အဆောက်အအုံ ပြန်လည်တည်ဆောက်ရေး ကိုတော့ မူ ၅ ချက်နဲ့ သဘောတူခဲ့တယ်။ ဒါပေမယ့် အဲဒီ မူ ၅ ချက် သဘောတူတာကို အဲဒါကို အလုပ်လုပ်ဖို့အတွက် သမဂ္ဂတွေတရားဝင် ရပ်တည်ခွင့်ကိုတော့ အစိုးရအနေနဲ့ တစုံတရာ ထုတ်ပြန်ပေးရမယ်လို့ ယူဆတယ်။ အဲဒီတော့ ကျနော်တို့က အဲဒီမှာတင် သဘောတူပြီးတော့ ပွဲကို ရပ်လိုက်တာပါ။”

အစိုးရဘက်က ကျောင်းသားတွေရဲ့ တောင်းဆိုမှုအပေါ် ဘယ်လိုတုံ့ပြန်သွားမလဲ ဆိုတာကိုတော့ စောင့်ကြည့်သွားမယ်လို့ သူက ဆက်ပြောပါတယ်။ ဒီကနေ့ ဆွေးနွေးပွဲ အတွင်း ဗကသများအဖွဲ့ချုပ်ဦးဆောင်တဲ့ ကျောင်းသားသမဂ္ဂအချို့နဲ့ သမဂ္ဂမျိုးဆက်တွေက တဘက်၊ အစိုးရကတဘက် ကော်မတီဖွဲ့ရေးကိစ္စမှာ အချအတင်တွေ ရှိခဲ့ပါတယ်။

ကျောင်းသားသမဂ္ဂမျိုးဆက်တွေဘက်ကတော့ သမဂ္ဂအဆောက်အဦးပြန်လည်တည်ဆောက်ရေးမှာ အစိုးရရဲ့ ဝင်ရောက်စွတ်ဖက်မှုကို မလိုလားကြပဲ၊ သမဂ္ဂမျိုးဆက်အသီးသီးကပဲ စုစည်းဦးဆောင် ဆောင်ရွက်လိုကြ တာဖြစ်ပါတယ်။ တချိန်တည်းမှာပဲ အရင် တကသ အဆောက် အဦးမြေနေရာပေါ်မှာ ပြန်ပြီး သမဂ္ဂ အဆောက်အဦးဆောက်မလား ဆိုတာကလည်း အငြင်းပွားနေကြတာပါ။ ပြီးခဲ့တဲ့ တနင်းနွေနေ့ညပိုင်းက တကသ မြေနေရာပေါ်မှာ ရန်ကုန်တိုင်းအစိုးရဘက်က ယာယီအဆောက်အဦးဆောက်ဖို့ လုပ်တာကို ကျောင်းသားသမဂ္ဂတွေက ကန့်ကွက်တာကြောင့် အဲဒီဆောက်လုပ်ရေးကို ယာယီရပ်နားထားရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG