သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားစစ်သွေးကြွတွေနှိမ်နင်းဖို့ ရုရှားစစ်လေယာဉ်တွေ စေလွှတ်


ရုရှားစစ်လေယာဉ်
ရုရှားစစ်လေယာဉ်

ဆီးရီးယားနိုင်ငံအတွင်းက စစ်သွေးကြွတွေကို လေကြောင်းကနေ တိုက်ခိုက်ဖို့အတွက် အီရန်နိုင်ငံမှာရှိတဲ့ လေတပ်စခန်းကနေ ရုရှား စစ်လေယာဉ် တသုတ် ထွက်ခွာသွားတဲ့အကြောင်း ရုရှားအစိုးရက ဒီကနေ့ ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် စက်တင်ဘာလ နှောင်းပိုင်းကစလို့ ဆီးရီးယားသမ္မတ Bashar al-Assad ကို ကူညီထောက်ပံ့ပြီး ရုရှားတပ်ဖွဲ့တွေက လေကြောင်းကနေ ထိုးစစ်ဆင်နေတာပါ။

ဒီကနေ့ကတော့ ဆီးရီးယားရဲ့ မဟာမိတ် အီရန်နိုင်ငံမှာ အခြေစိုက်ပြီး ရုရှားရဲ့ ခရီးဝေးပျံသန်းနိုင်တဲ့ ဗုံးကျဲလေယာဉ်တွေနဲ့ ဆီးယီးယားနိုင်ငံ ပြင်ပကနေ တိုးချဲ့စစ်ဆင်တာ ကတော့ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ ရုရှားကာကွယ်ရေး ဝန်ကြီး ဌာနကတော့ ဒီတိုက်ခိုက်မှုတွေဟာ Aleppo ၊ Deir el-Zour နဲ့ Idlib မြို့တွေမှာရှိတဲ့ IS စစ်သွေးကြွတွေနဲ့ အရင်က al-Nusra တပ်ဦးလို့ လူသိများတဲ့ Jabhat Fateh al-Sham အဖွဲ့တွေကို ပစ်မှတ်ထား တိုက်ခိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဆီးရီးယားနိုင်ငံတွင်း အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးအတွက် အီရန်နဲ့ ရုရှားတို့ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်နေတဲ့အကြောင်းနဲ့ ဒီအတွက် စစ်ဘက်ဆိုင်ရာ အဆောက်အဦးတွေကို မျှေ၀ သုံးစွဲနေတဲ့အကြောင်း အီရန် နိုင်ငံတော်လုံခြုံရေး ကောင်စီအကြီးအကဲ Ali Shamkhani က ပြောပါတယ်။

ရုရှားက သူ့ရဲ့လေကြောင်း ထိုးစစ်ဆင်မှုတွေ ဟာ မစ္စတာ အာဆတ်ကို ဆန့်ကျင်တဲ့ သူပုန်တွေကို တိုက်ခိုက်တာမဟုတ်ဘဲ အကြမ်းဖက်သမားတွေကို ပစ်မှတ်ထားတာ ဖြစ်တယ်လို့ ပြောပေမဲ့ အနောက်နိုင်ငံအစိုးရတွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေ ကတော့ ရုရှားပြောနေသလို မဟုတ်တဲ့အကြောင်း ဝေဖန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG