သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှေ့နေဦးကိုနီ လုပ်ကြံခံရမှု နိုင်ငံတော်က သေသေချာချာ ကိုင်တွယ်မည်


တရားလွှတ်တော်ရှေ့နေကြီး ဦးကိုနီ (U Ko Ni facebook )
တရားလွှတ်တော်ရှေ့နေကြီး ဦးကိုနီ (U Ko Ni facebook )

အာဏာရ NLD ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥပဒေအကြံပေးဖြစ်တဲ့ တရားလွှတ်တော်ရှေ့နေကြီး ဦးကိုနီ လုပ်ကြံခံရမှု အမှုမှန်ပေါ်ပေါက်ရေး သေသေချာချာကိုင်တွယ်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ နိုင်ငံတော် သမ္မတရုံးက ပြောကြားခဲ့ပါတယ်။

ဒီလုပ်ကြံမှုဟာ အမုန်းတရားကို အခြေခံတဲ့ ကြိုတင်ကြံစည်မှုဖြစ်တယ်လို့လည်း NLD ထိပ်ပိုင်းခေါင်းဆောင်တွေက သုံးသပ်ကြပါတယ်။ အများပြည်သူတွေကြားမှာလည်း ဒီလုပ်ကြံမှုကြောင့် တိုင်းပြည်မှာ တရားဥပဒေစိုးမိုးရေး ကင်းမဲ့လာနေသလားဆိုပြီး စိုးရိမ်နေကြကြောင်း မအင်ကြင်းနိုင်က ဆက်ပြီးပြောပြမှာပါ။

ရန်ကုန်မြို့ မင်္ဂလာဒုံလေဆိပ်မှာ မနေ့က သေနတ်နဲ့ပစ်သတ်ခံခဲ့ရတဲ့ တရားလွှတ်တော်ရှေ့နေကြီး ဦးကိုနီရဲ့ ဖြစ်ရပ်နဲ့ပတ်သက်လို့နိုင်ငံတော်သမ္မတရုံးအနေနဲ့ စိတ်မကောင်းဖြစ်မိကြောင်းနဲ့ အမှုမှန်ပေါ်ပေါက်ရေး ဖိဖိစီးစီးဆောင်ရွက်သွားမှာဖြစ်သလို လုံခြုံရေးကိုလည်း တင်းကြပ်ထားကြောင်း သမ္မတရုံး ညွန်ကြားရေးမှူး ဦးဇော်ဌေးက ဗွီအိုအေကို အခုလိုပြောပါတယ်။

“ကျနော်တို့ စိတ်မကောင်း ဖြစ်ရတယ်၊ ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့လည်း ကျနော်တို့ တရားခံ ဖမ်းမိထားပြီးဖြစ်တယ်။ အဲဒါနဲ့ပတ်သက်ပြီးတော့ ကျနော်တို့ သေသေချာချာ ကိုင်တွယ် ဆောင်ရွက်သွားမယ်ပေါ့နော်။ အဓိကတော့ တရားခံမိတဲ့အတွက် ဒီတရားခံ စစ်မေးချက်တွေကို မူတည်ပြီးတော့ ကျနော်တို့ သေသေချာချာ ကိုင်တွယ် ဆောင်ရွက်သွားမှာဖြစ်တယ်။ တချိန်တည်းမှာပဲ လုံခြုံရေးလည်း ပိုမိုပြီးတော့ တင်းကျပ်ထားတယ်လို့ ပြောရမှာပါ။”

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ တပတ်ကြာ ပြုလုပ်တဲ့ Senior Leadership Program ခေါင်းဆောင်မှု လေ့လာရေးအစီအစဉ်ကို ဦးကိုနီ တက်ရောက်ပြီး တနင်္ဂနွေနေ့က ရန်ကုန်မြို့ကို ပြန်ရောက်လာချိန် မင်္ဂလာဒုံ လေဆိပ်မှာ သေနတ်သမားတဦးက သူရဲ့ ဦးခေါင်းကို ပစ်စတိုသေနတ်နဲ့ အနီးကပ် ပစ်ပြီး လုပ်ကြံခဲ့တာဖြစ်ပါတယ်။

တရားလွှတ်တော်ရှေ့နေကြီး ဦးကိုနီ
တရားလွှတ်တော်ရှေ့နေကြီး ဦးကိုနီ

ဒါဟာ ကြိုတင်ကြံစည်ထားတဲ့ အင်မတန်ဆိုးရွားတဲ့ လုပ်ကြံမှုတခု ဖြစ်တယ်လို့ NLD အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်က သတင်းထောက်တွေကို ပြောပါတယ်။

“ကျနော်တို့ ဗွီဒီယိုထဲမှာ ကြည့်မယ်ဆိုရင် ဦးကိုနီက သူ့မြေးလေးကို ချီထားတယ်ပေါ့နော်။ အဲဒီအချိန်မှာ သတ်တဲ့လူက ခေါင်းကို ပစ်တဲ့ ဗွီဒီယို တက်လာတယ်။ ဆိုတော့ ဒါ တမင်သတ်သတ်ကြိုတင်ပြီးလုပ်ဆောင်တဲ့ ကိစ္စလေ ၊ အဲဒီတော့ တမင်သတ်သတ်ကြိုတင်ပြီးလုပ်တဲ့ကိစ္စမျိုးဆိုတော့ လုံခြုံရေးရှိမှ ၊ မဟုတ်ရင်တော့ ကာကွယ်ဖို့ တော်တော်ခဲယှဉ်းတယ်။ မတော်တဆမှ မဟုတ်ပဲနဲ့၊ နောက်ပြီးတော့ ဝိုင်းဖမ်းတဲ့ ပုဂ္ဂိုလ် တွေကလည်း အပစ်ခံရတယ်၊ တယောက်ဆိုရင်သေသွားတယ်။ အဲလောက်ထိ ဆိုးတာပေါ့နော်။”

NLD ပါတီရဲ့ ဗဟိုဥပဒေအထောက်အကူပြုအဖွဲ့ဝင် ဦးကိုနီ ကို လုပ်ကြံသတ်ဖြတ်ခဲ့သူကို ဖမ်းဆီးရမိထားပြီး ကြံရာပါတွေကိုလည်း အလျှင်အမြန်ဖေါ်ထုတ်နိုင်ဖို့ သက်ဆိုင်ရာအာဏာပိုင်တွေက ကြိုးပမ်းနေကြောင်းမနေ့က ထုတ်ပြန်တဲ့ NLD အတွင်းရေးမှူးအဖွဲ့ရဲ့ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

ဦးကိုနီဟာ ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥပဒေအကြံပေးအဖြစ် ပါတီအတွက် လိုအပ်တဲ့ ဥပဒေရေးရာကိစ္စတွေ၊ အကြံဉာဏ်တွေကို အစဉ်အမြဲပံ့ပိုးခဲ့သူဖြစ်တဲ့အတွက် ဦးကိုနီ လုပ်ကြံခံရမှုဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အတွက် အစားထိုးမရနိုင်တဲ့ ဆုံးရှုံးမှုကြီးတခုဖြစ်တယ်လို့ လည်းဆိုပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေရေးရာကျွမ်းကျင်တဲ့ တရားလွှတ်တော်ရှေ့နေကြီး ဦးကိုနီဟာ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကို အသစ်ပြန်လည်ရေးဆွဲဖို့အတွက် ဗွီအိုအေ မြန်မာပိုင်းနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ အခုလို ပြောဆိုခဲ့ပါတယ်။

“ ဒီဥပဒေက စရေးကတည်းကကို စစ်သားတွေ ရေးထားတာ။ တိုင်းပြည်ကို စစ်တပ်က ရာသက်ပန် ပုံစံတမျိုးမဟုတ်၊ တမျိုးနဲ့ အုပ်ချုပ်လို့ရအောင် ရည်ရွယ်ပြီး ရေးထားတာ။ ရေးကတည်းက သူတို့ကသိတယ်။ တချိန်ကျရင် ပြင်မယ်ဆိုတာကို သူတို့က သိပြီးသား။ ဒါကြောင့် အစကတည်းက ပြင်လို့မရအောင် (၇၆) ရာခိုင်နှုန်း သဘောတူမှ ပြင်လို့ရမယ်ဆိုပြီး သူတို့က (၂၅) ရာခိုင်နှုန်းမှာ ရပ်ထားတယ်။ အဖြေက ရှင်းရှင်းလေး။ အခု ရွေးကောက်ပွဲပြီးရင် ပြင်လို့ရမလား။ မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ (၂၅) ကျပ်သားက ပြန်ပါလာတယ်။ ဒီ (၂၅) ရာနှုန်းက ရှိနေအုံးမှာ။ အဲဒီ (၂၅) ရာနှုန်း ရှိနေရင် နောက်တခါ ပြန်ပြီးတော့ ရွေးကောက်ပွဲပြီးလို့ ပြန်တင်ရင်လဲ ဒီ (၂၅) ရာခိုင်နှုန်း သဘောမတူရင် ဒီ ဖွဲ့စည်းပုံက ပြင်လို့မရဘူး။ ဒါကြောင့် ကျနော်က အစကတည်းက ဒီ ဖွဲ့စည်းပုံက ပြင်လို့မရတဲ့ ဖွဲ့စည်းပုံ။ ကျနော် လုပ်ရမှာ အသစ်ရေးပြီး အစားထိုးတဲ့ နည်းလမ်းကိုပဲ ရှာရမယ်။”

အခုလို တိုင်းပြည်အတွက်အရေးပါတဲ့ သူတဦး လုပ်ကြံခံရတာဟာ နိုင်ငံအတွက် ဆုံးရှုံးမှုကြီးတခုဖြစ်တယ်လို့ အဝေးရောက် အမျိုးသားညွန်ပေါင်းအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဟောင်း ဒေါက်တာစိန်ဝင်းက ပြောပါတယ်။

“အစားထိုးလို့မရတဲ့ ပုဂ္ဂိုလ် ဆုံးရှုံးသွားတယ်လို့ ဒီဆုံးရှုံးမှုဟာ မိသားစုတွေမက တတိုင်းပြည်လုံး အနာဂတ်မှာရော၊ အခုလက်ရှိအချိန်မှာရော အများကြီးဆုံးရှုံးသွားတယ်။ အခုလို အရေးကြီးတဲ့အချိန်မှာ ဥပဒေပညာရှင်ဖြစ်တယ်။ အမှန်အကန်ကိုထောက်ပြတယ်၊ ငြိမ်းချမ်းစွာအဖြေရှာတယ်၊ ဒီလို ပုဂ္ဂိုလ် မျိုးကို ဘယ်လိုလူတွေက အစီအစဉ်နဲ့ ဒီလိုလုပ်ကြံမှုတွေလုပ်သလဲ၊ အင်မတန်မှ မိုက်မဲတဲ့ လုပ်ကြံမှု၊ မုန်းတီးတဲ့လူတွေ လုပ်တာ ဒါကတော့ သေချာတယ်။ သို့သော်လည်း တယောက်တည်းလား၊ ၂ ယောက်လား၊ ၃ ယောက်လား၊conspiracy လို့ခေါ်တဲ့ လုပ်ကြံမှုကြီးလား ။ တခုတော့ရှိတယ် ဒီ ပစ်တဲ့ပုဂ္ဂိုလ် ဟာ ဦးကိုနီကို သိပ်သိပုံမပေါ်ဘူး၊ သိတဲ့လူ မကျေနပ်တဲ့လူ တွေက ကြံစည်တယ်လို့ ကျနော်ယူဆပါတယ်။”

နိုင်ငံတကာရောက် မြန်မာ့အရေးလှုပ်ရှားသူတွေကလည်း ဦးကိုနီ လုပ်ကြံခံရမှုနဲ့ပတ်သက်ပြီး ဝမ်းနည်းကြောင်း ပြောဆိုခဲ့ကြသလို အမေရိကန်ပြည်ထောင်စု မေရီလန်းပြည်နယ် မင်္ဂလာရာမကျောင်းမှာတော့ ဦးကိုနီ နဲ့ သေနတ်သမားကို ကိုယ်တိုင်လိုက်ဖမ်းရင်း အသက်ဆုံးပါးခဲ့ရတဲ့တက္ကစီမောင်းသူ ကိုနေဝင်းတို့ အတွက်ဆုတောင်းမေတ္တာပို့ အမျှဝေခဲ့ကြပြီး ကျန်ရစ်သူမိသားစုတွေအတွက် ကူညီထောက်ပံရေး လှူဒါန်းခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG